ဘ၀နိဂုံး အဆုံးလှစေဖို့

>> Saturday, October 22, 2011

မြန်မာစကားတွင် ''ဘယ်သူမပြု မိမိမှု'' ဟူ၍ ဆိုရိုးစကားရှိသည်။ တချို့ပညာရှိများကလည်း ''ကိုယ်ပြုသောကံ ပဲ့တင်သံ၊ တဖန်ကိုယ့်ထံပြန်လာမည်'' ဟု စာချိုးကြသည်။ အလားတူ သိုးဆောင်းစကားပုံတခုတွင်လည်း You are responsible for sorrows that come to you ဟူ၍ မှတ်သားမိသည်။ ဆိုလိုရင်းမှာ ''သင့်ဆီကိုရောက်လာသော ၀မ်းနည်းမှုများအတွက် သင်သာ တာဝန်ရှိသည်'' ဟူ၍ဖြစ်သည်။ မိမိပြုလုပ်ခဲ့သော ကောင်းမှု/မကောင်းမှု အကြောင်းရင်းကြောင့် ယခုအချိန် (သို့) နောင်တချိန်တွင် ထိုကောင်းမှု/မကောင်းမှု၏ အကျိုးတရားကို မလွဲမသွေ ပြန်လည်ခံစားရမည်သာ ဖြစ်သည်။

ယနေ့အချိန်တွင် လစ်ဗျားနိုင်ငံကို ၄၂-နှစ်ကြာ အာဏာရှင်စနစ်ဖြင့် ထင်သလိုအုပ်ချုပ်ခဲ့သော ကဒါဖီ၏ ဇာတ်သိမ်းမလှမှုမှာ အင်တာနက်စာမျက်နှာများတွင် ပြန့်နှံ့လျက်ရှိပြီး မိမိကိုယ်မိမိ ထင်တလုံးဖြင့် ဘယ်တော့မှ ကျဆုံးမှုမရှိတော့ပါဟု ယူဆနေကြသူများအတွက် သံဝေဂယူဖွယ် ကောင်းလှပေသည်။ ထို့အတူ ဆဒန်ဟူစိမ် သည်လည်းကောင်း၊ အယ်ကိုင်းဒါးခေါင်းဆောင် အိုစလာဘင်လာဒင် သည်လည်းကောင်း ဇာတ်သိမ်းမလှစွာ နိဂုံးချုပ်သွားကြပြီဖြစ်သည်။ မကောင်းမှုကို အဖန်ဖန် တလဲလဲ ကျူးလွန်နေကြသူများ၏ ဘ၀ဇာတ်သိမ်းကား မနှစ်မြို့စရာ ကောင်းလေစွ။


မြန်မာနိုင်ငံသည်လည်း ၁၉၆၂-နှစ်မှစ၍ အာဏာရှင်လူတစုမှ လွှမ်းမိုးချုပ်ကိုင်လာခဲ့သည်မှာ လက်ရှိအရပ်သားအစိုးရလက်ထက်အထိ နှစ်ပေါင်း ၅၁-ကျော်ခဲ့ပြီ ဖြစ်သည်။ မည်မျှပင် နှစ်ပေါင်းကြာမြင့်ခဲ့သည် ဖြစ်ပါစေ။ မြန်မာနိုင်ငံမှ အာဏာရှင်စနစ်သည်လည်း တချိန်ချိန်တွင် မုချဧကန် နိဂုံးချုပ်ရမည်သာ ဖြစ်သည်ကို အာဏာရှင်များအနေနှင့် နားလည်ထားရပေမည်။ အာဏာရှင်အစိုးရများအနေနှင့် တိုင်းပြည်နှင့် လူထုအပေါ်တွင် ပြုလုပ်ခဲ့သည့် ဒုစရိုက်မှုပေါင်းများစွာကို ပြန်လည်ဆင်ခြင်စဉ်းစားပြီးလျှင် မရှုမလှ ဇာတ်သိမ်းခဲ့ရသည် အာဏာရှင်များစွာကို သင်ခန်းစာယူလျက် မိမိတို့ဘ၀နိဂုံး အဆုံးသတ်လှစေဖို့ ကြိုးစားပြုပြင်သင့်ကြပေသည်။

လက်ရှိအရပ်သားအစိုးရအနေနှင့် နိုင်ငံရပ်ခြားမှ အာဏာရှင်များ၏ ဘ၀ဇာတ်သိမ်းမလှပုံကို ဝေးဝေးလံလံသွား၍ သင်ခန်းစာ ယူစရာမလို။ မြန်မာနိုင်ငံ၏ အာဏာရှင်ခေတ်ကာလတလျှောက် မိမိတို့ အာဏာရှင်အချင်းချင်း စားခွက်လုရင်း ဘ၀ပျက်ခဲ့ရသည့် ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်ခင်ညွန့် စသူတို့ကို ကြည့်၍လည်း နောင်တချိန် မိမိတို့ဘ၀ ဘာဆက်ဖြစ်နိုင်သည်ကို ကြိုတင်ခန့်မှန်း နိုင်ကြပါသည်။ မကောင်းမှုပြုလုပ်ခဲ့ကြသူများ၏ လားရာဘ၀များသည် မည်သည့်နည်းနှင့်မျှ ကောင်းနိုင်မည်မဟုတ်ပါ။ ခေတ္တခဏ ကောင်းစားနေသည်မှန်သော်လည်း အကုသိုလ်အကျိုးပေး နှောင့်နှေးနေခြင်းသာဖြစ်ကြောင်း သတိချပ်သင့်ပေသည်။

ယနေ့မြန်မာပြည်နိုင်ငံရေးအခြေအနေသည် အကောင်းဖက်သို့ရှေ့ရှုပြီး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ရောက်တော့မယောင်ယောင် ထင်စရာဖြစ်လာပြီ ဖြစ်သည်။ မြန်မာပြည်သူပြည်သားတို့သည်လည်း နှစ်ပေါင်း ၅၀-ကျော်မျှ အာဏာရှင်တို့၏ ဒုစရိုက်မှုအဖုံဖုံကို ခါးစည်းခံလာခဲ့ကြပြီး ဖြစ်သည်။ တိုင်းပြည်လည်း ဖွတ်ကျောပြာစု ခရုအဆံကျွတ် မျှသာ ကျန်တော့သည် ဖြစ်၏။ ပြည်သူအပေါင်းတို့သည်လည်း မိမိတိုင်းပြည်တွင်လည်း တိုင်းတပါးကျွန်၊ နိုင်ငံရပ်ခြားတွင်လည်း တိုင်းတပါးကျွန် ကျွန်ဘ၀မှ ရုန်းမထွက်နိုင်ကြတော့။ ထိုကဲ့သို့ ဘ၀မျိုးများကို ဆက်လက်ရင်ဆိုင်ခါးစည်းခံရန် တိုင်းသူပြည်သားအပေါင်းတို့ မလိုလားတော့သလို တိုင်းပြည်သည်လည်း အမှန်တကယ် ပြောင်းလဲတိုးတက်ရန် လိုအပ်နေပြီ ဖြစ်သည်။ ငြိမ်းချမ်းချောမွေ့စွာ ပြုပြင်ပြောင်းလဲမှုကို မဖော်ဆောင်နိုင်ကြလျှင် အာရပ်ကမ္ဘာမှ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုမျိုးကို လက်ရှိအရပ်သားအစိုးရ အနေနှင့် တချိန်ချိန်တွင် မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်ပြီး လစ်ဗျားခေါင်းဆောင် ကဒါဖီကဲ့သို့သော နိဂုံးချုပ်မှုမျိုးကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ငြိမ်းချမ်းစွာ ဆွဲတင်နိုင်ရေးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘော၊ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒသဘောထား မှန်ကန်နေရုံမျှဖြင့် လုံလောက်မှုမရှိသေးပါ။ အာဏာရှင်တဖြစ်လဲ လက်ရှိအရပ်သားအစိုးရ၏ မြန်မာနိုင်ငံအား စစ်မှန်စွာ ပြုပြင်ပြောင်းလဲလိုမှု သဘောထားသည်လည်း မဖြစ်မနေ လိုအပ်ပါသည်။ သို့မှသာလျှင် အစိုးရ၊ ပြည်သူ၊ လူထုခေါင်းဆောင် တို့၏ လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် တိုင်းပြည်အား ဆင်းရဲတွင်းချောက်ထဲမှ အလျှင်အမြန် ဆွဲတင်နိုင်ပါလိမ့်မည်။ မြန်မာပြည်သူ အပေါင်းတို့သည်လည်း လက်ရှိအရပ်သားအစိုးရအား ကဒါဖီ၏ ဘ၀ဇာတ်သိမ်း မလှပုံကို သံဝေဂယူပြီး တိုင်းပြည်အား အမှန်တကယ် တိုးတက်ပြောင်းလဲမှုကို လိုလားသော အစိုးရတရပ် ဖြစ်လာစေရန် မျှော်လင့်လျှက် ရှိပါသည်။
 
သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော လက်ရှိအရပ်သားအစိုးရသည် ယခင်စစ်အာဏာရှင်တို့၏ ဒုစရိုက်မှု၊ ကောက်ကျစ်လှည့်ဖြားမှုများကို ခ၀ါချပြီးလျှင် စစ်မှန်၍ ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေပါသည်။ သို့ဖြစ်ပါ၍ ပြည်သူပြည်သားများ၏ ဆန္ဒများကို ဖြည့်ဆည်းပေးသည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်၊ မြစ်ဆုံဆည်ကဲ့သို့ တိုင်းပြည်အကျိုးစီးပွားနှင့် အမျိုးသားရေး ထိခိုက်နစ်နာနိုင်သည့်ကိစ္စများကို လုံးဝရပ်ဆိုင်းရန်၊ ပြည်တွင်းစစ်ရပ်စဲပြီး အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိအောင်ကြိုးပမ်းရန်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းနိုင်ရန်အတွက် ၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် စသည်တို့ကို အမြန်ဆုံးဖော်ဆောင်ပေးပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

မောင်ပါလ
၂၂.၁၀.၂၀၁၁

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP