Showing posts with label ခံစားမှုစာစု. Show all posts
Showing posts with label ခံစားမှုစာစု. Show all posts

မေ........... မေ......... မေ............

>> Friday, May 11, 2012


တကယ့်ကို မထင်မှတ်ထားခဲ့တာပါ။ မွေးရပ်မြေကို ဆယ်စုနှစ်တခုကျော်ကြာ ခွဲခွာပြီး ပြန်လည်ခြေချဖို့ ပြင်ဆင်ချိန်မှာပဲ မေနဲ့ အဆက်အသွယ်ပြန်ရခဲ့တယ်။ ကန္တာရထဲမှာ စမ်းချောင်းလေးတခု ဖြတ်စီးသွားခဲ့တယ်။ ဘယ်တော့မှ ခမ်းခြောက်ခြင်းမရှိနိုင်ဘဲ ကာလ၊ ပယောဂအရာအားလုံးကို ကြေမွပျက်သုဉ်းစေနိုင်တဲ့ စမ်းချောင်းလေး.....။

ခင်မောင်တိုးရဲ့ “သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ” ဆိုတဲ့စာသားလေးမှာ “ဆယ်သုံးနှစ်လောက်” လို့ ပြောင်းဆိုရလောက်အောင်ကို မေနဲ့ဝေးခဲ့တယ်။ ဘ၀အမောတွေကို တမက်တမောထွေးပိုက်ရင်း မေ့ဆီကို ခြေဦးမလှည့်ဖြစ်ခဲ့ဘူး။ မေ့ရဲ့ဖုန်းနံပါတ်ကို စာအုပ်လေးထဲမှာပဲ သိမ်းမှတ်ထားပြီး အသည်းမာမာနဲ့ ဘ၀ကို ကိုယ်တိုင်ဆန်တက်မယ်လို့ ကြွေးကြော်ထားခဲ့တယ်။ အတ္တကြီးတဲ့ သားတယောက်ပေါ့။ သံယောဇဉ်မှန်သမျှ ချောင်ထိုးထားခဲ့တယ်လေ။

ဒါပေမယ့် မေ့မေတ္တာက သားရဲ့ဒုက္ခတွေကို လျစ်လျူမရှုခဲ့ဘူးနော်။ ကြာမြင့်စွာခွဲခွာခဲ့တဲ့ နေရာဌာနမှာ အရာအားလုံး အသစ်ကပြန်စဖို့ အခက်အခဲများစွာနဲ့ ကြိုးစားနေချိန်မှာ မေ့ရဲ့အေးရိပ်က သားကိုချွေးသိပ်စေခြဲ့ပန်တယ်။ ဟိုး....အဝေးကြီးကနေပြီး သားရဲ့ပူလောင်မှုတွေကို မေခံစားနားလည်နိုင်တယ်နော်။

ဖုန်းစပြောပြောချင်းပဲ မေငိုတယ်။ အသည်းမာတဲ့သားကတော့ မျက်ရည်ဝဲရင်းနဲ့ပဲ မေ့ငိုသံကိုတိတ်တိတ်လေး နားထောင်လို့ပေါ့။ စကားပြောဖြစ်တော့ “ဒီလောက်နှစ်အကြာကြီး အဆက်အသွယ်မလုပ်တာ သားကိုစိတ်မနာဘူးလားမေ” လို့ မေ့ကိုမေးမိတယ်။ မေပြန်ပြောတဲ့ တိုတိုရှင်းရှင်း စကားလေးတခွန်းက သားရင်ကို မြှားအစင်းပေါင်းများစွာ စိုက်ဝင်သလိုပါပဲမေ။ “မင်းက အမေ့သားလေ” တဲ့...။

မေနဲ့ဝေးကွာနေစဉ်မှာ ရပ်တည်ခဲ့၊ ရွေးချယ်ခဲ့တဲ့ဘ၀ကို အတိုချုံးပြီး မေ့ကိုပြောပြဖြစ်တယ်။ ရွေးချယ်ခဲ့တဲ့အလုပ်က ပိုက်ဆံရှာဖို့မလွယ်လို့ ပြန်လာရင် ဘာမှပါမှာမဟုတ်တဲ့ကြောင်း ပြောပြတော့ “သားရယ်တဲ့...... သားအမေ့အိမ်ကို အကျီ၊ ပုဆိုး ဘာတခုမှမပါဘဲ လာခဲ့ရင်လည်း အိမ်ပေါက်ဝကနေ အမေသားကို အ၀တ်ဆီးဖုံးပေးပါ့မယ်” တဲ့လား မေ။ ခုန၀ဲနေတဲ့ မျက်ရည်တွေက သူ့အလိုလိုကျလာတယ်မေ။ မေသိရင် မင်းဒီလောက်အသည်းမာတာကို မျက်ရည်ကျရလားလို့ ပြန်ပြောမယ်ထင်တယ်နော်မေ။

မေပြောသေးတယ်နော်။ “ဒီတခါတော့ ဘယ်မှမသွားတော့ဘဲ အမေ့နားမှာနေပြီး သားလုပ်ချင်ရာလုပ်ပါ။ အမေ့ကိုထပ်ပြီး မခွဲထားနဲ့တော့နော်” တဲ့။

သြော်..............မေရယ်။ မေ့သားရဲ့ နားခိုရာဟာ မေ့အိမ်လေးပဲဆိုတာ သိနေပေမယ့် မာနတွေ၊ အတ္တတွေခြုံပြီး မေ့အိမ်လေးကို အဝေးကနေပဲ မှန်းဆနေခဲ့တာပါ။ မေ့မေတ္တာက အဲဒီမာနတွေ အတ္တတွေကို ရိုက်ချိုးနိုင်ခဲ့တယ်။ သားမိုက်.......... မေ့ဆီရောက်အောင် ပြန်လာခဲ့မယ်မေ။

မောင်ပါလ
၁၁.၅.၂၀၁၂
(အမေများနေ့ အမှတ်တရ)

အပြည့်အစုံသို့.....

မေးလ်ထဲကစာ

>> Tuesday, May 24, 2011

ကျနော်က ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး။ ဘယ်သူ့ဘက်ကမှလည်း လိုက်မပြောပါဘူး။ အညတြ အခြေခံလူတန်းစားတွေရဲ့ဘဝကို ကိုယ်ချင်းစာပြီးတော့ ကျနော့်ချွေးနည်းစာနဲ့ကျနော် အုတ်တချပ် သဲတပွင့်အနေနဲ့ တကိုယ်ရေ စစ်အာဏာရှင်ကိုဆန့်ကျင်နေတာပါ။ (ဒီမိုကရေစီဆိုတာ ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ဝါဒဆိုတာလောက်ပဲ ကျနော်နားလည်ပါတယ်)

မလေးရှား NLD အမည်ခံပြီး ကောက်ကျစ်လိမ်လည်နေတဲ့ ကျော်ကျော်ရဲ့ အင်တာဗျူးတဲ့ စကားလုံးတွေကို RFA ဆိုတဲ့ သတင်းငှာနကြီးတခုက အကြောင်းအရင်းဇစ်မြစ်ကိုမသိပဲ သတင်းဦးရင်ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်လွှင့်လိုက်တာကို မြန်မာပြည်သူတယောက်အနေနဲ့ ဦးစွာကန့်ကွက်ပါတယ်။ RFA ကသတင်းထောက်ဟာ ဒီသတင်းကိုမတင်ခင်မှာ ကျော်ကျော်ဆိုတဲ့သူရဲ့ စကားအသုံးအနှုန်းထဲမှာပါတဲ့ (မသမာသူလူတစုက) ဆိုတဲ့အသုံးအနှုန်းကို ဦးနှောက်သုံးပြီး ပြန်လည်စီစစ်သင့်ပါတယ်။ ဒီစကားလုံးရဲ့နောက်ကွယ်မှာ မနာလိုမုန်းထားတဲ့ အတ္တရမ္မက်စိတ်တွေဟာ အစိုင်အခဲတခုပမာ အသံရှင်ရဲ့အဇ္ဇျတ္တမှာ ပေါ်လွင်နေတာကိုလည်း မြင်စေချင်ပါတယ်၊ ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတောင်မှ သူ့ရဲ့ရန်သူဦးစောတို့၊ ဗိုလ်နေဝင်းတို့ကို မသမာသူလူတစုတွေ၊ လူယုတ်မာတွေဆိုတဲ့ အသုံးအနှုန်းမျိုး ထွက်ဆိုပြောဘူးတာ မရှိပါဘူးဗျာ၊

သတင်းမီဒီယာတွေအနေနဲ့ ကမ္ဘာမြေကြီးငြိမ်းချမ်းဘို့အတွက် အမှန်တရားကို ရှာဖွေလိုတဲ့စိတ်နှလုံး
ရှိတယ်ဆိုရင် သတင်းအမှန်ဖြစ်အောင် ကြိုးစားပေးစေချင်ပါတယ်၊ တဖက်စကားကိုသာ အစောတလျင် အတည်မပြုပဲ အဲ့ဒီတစ်ဖက်ရဲ့ဘေးမှာ ပတ်ဝန်းကျင်ဆိုတဲ့ ပြည်သူ့အသံ ရှိသေးတယ်ဆိုတာလေးတော့ အသိအမှတ်ပြုစေချင်ပါတယ်။

ကျော်ကျော်ဆိုတဲ့လူရဲ့ NLD အရေခြုံ အဖွဲ့အစည်းကရော ဘာလုပ်နေကြလဲ၊ ဘာတွေဖြစ်နေကြလဲဆိုတာကို မလေးရှားမှာရှိနေတဲ့ မြန်မာတွေကြားမှာ ခဏတာဝင်ပြီး လေ့လာစေချင်ပါတယ်။ မြန်မာပြည်သားတွေရဲ့ ထောက်ခံမှူရော ရထားလို့လားဆိုတာ မလေးရှာရောက်မြန်မာပြည်သားတွေရဲ့ အသံကိုနားစွင့်စေချင်ပါတယ်။

ယခုအဖမ်းခံထားရတဲ့ အတိုက်အခံအချင်းချင်းကို ကဒ်အတုလုပ်ပြီး ငွေလိမ်စားပါတယ်ပြောရအောင်လည်း
အဲ့ဒီလူတစုက လိမ်းစားတယ်ပဲထားပါဦးတော့။ ကျော်ကျော်ဦးဆောင်တဲ့ NLD (LA) အမည်ခံလူတစုကရော
လူသူတော်ကောင်းတွေမှ ဟုတ်ပါလေစလို့ ကျော်ကျော့်ရဲ့အလိမ်ခံရတဲ့ လူတွေကိုယ်စား မေးခွန်းထုတ်ချင်ပါတယ်။ ကဒ်အတုပါဆိုတဲ့စကားကို သုံးရလောက်အောင် ကျနော်မလေးရှားမှာ ကျင်လည်လာခဲ့တဲ့ ၁၁ နှစ်တာကာလမှာ မလေးရှားလဝကက အသိအမှတ်ပြုထားတဲ့ တရားဝင်ကဒ်လုပ်ပေးတဲ့ မြန်မာအဖွဲ့အစည်းဆိုတာကိုလည်း တကြိမ်တခါမှ မကြုံဘူး မကြားဘူး ပါဘူးဗျာ..

မလေရှား NLD ကို ကျော်ကျော်ဦးဆောင်ပြီး မြန်မာ့နိုင်ငံရေးအတွက် လှုပ်ရှားပါဆိုပြီးတော့လည်း ကျနော်တို့ရဲ့ ဒီမိုကရေစီငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည့်က ခွင့်ပြုထားတာလည်းမရှိပါဘူး ..

ဒီကျော်ကျော်ဆိုတဲ့ မလေးရှားက နိုင်ငံရေးစုန်းပြူးက နိုင်ငံအတွက် နှမ်းစေ့ဘယ်နှစ်စေ့လောက်များ အသုံးဝင်တဲ့သတ္တဝါမို့လို့ အတိုက်အခံအချင်းချင်းအပေါ် မသမာလူတစုဆိုတဲ့စကားမျိုး သုံးပြီးပြောရသလဲဆိုတာကို လူသိရှင်ကြား မေးလိုက်ပါရစေဦးဗျာ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ရော (လောကတ္ထစရိယံ) ဆိုတဲ့ လောကအတွက်ရော ဘာကောင်းကျိုးတကွက် ပြုဖူးတဲ့ကောင်မို့လို့လဲဗျာ။ ရိုးရိုးသားသားလုပ်ကိုင်ပြီး ကိုယ့်ကိုယ်ပိုင်အရည်အချင်းနဲ့ အိမ်သာတလုံးတောင် ပိုင်အောင်မစွမ်းဆောင်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမိန်ရေသီနား ခိုစားနေကြတဲ့ကောင်တွေ ပြောတဲ့စကားက ခွေးပါးစပ်က နတ်စကားထွက်တယ် ဆိုတဲ့အတိုင်းပါပဲဗျာ။

ဒီမိုကရေစီ ငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝတလျှောက်လုံး မိသားစုရဲ့ နွေးထွေးမှူဆိုတဲ့မေတ္တာကို မခံစားရရှာပဲ နိုင်ငံနဲ့ပြည်သူ့အပေါ်မှာ မားမားမတ်မတ်ရပ်တည်ပေးဆပ်ခဲ့တဲ့ စေတနာလေးကိုတော့ နိုင်ငံရေးအမည်ခံ နွားတံဆိပ်တွေအနေနဲ့ နည်းနည်းလေးတော့ပြန်ဆင်ခြင်ပြီး စာနာနားလည်သင့်ပါတယ်ဗျာ။

အဆိုးဝါးဆုံးကတော့ မလေးရှားဆိုတဲ့တိုင်းတပါးမှာ ရုန်းကန်လှုပ်ရှားရင်း ၀မ်းစာရှာဖွေရှင်သန်နေရတဲ့ အခြေခံလူတန်စားတွေရဲ့ဘဝပါ။ မိတကွဲ ဖတကွဲ၊ သားတကွဲ မယားတကွဲ ခွဲခွါလာကြပြီး တိုင်းတပါးမှာ မိမိရဲ့အလုပ်ရှင်က ဆူပူ ဆဲဆို၊ ကြိမ်းမောင်းခံရပြီးမှ ရလာသမျှ မသထာရေစာ ငွေကြေးလေးကို သံရုံးကဂုတ်သွေးစုပ်တာကတမျိုး၊ အေးဂျင့်တွေ ပွဲစားတွေကအနိုင်ကျင့်တာကတမျိုး၊ (တောရိုင်းတိရစ္ဆာန်တွေ ကြီးနိုင်ငယ်ညှင်းလုပ်နေသလိုပဲ) အဲ့ဒီလို ခက်ခက်ခဲခဲရုန်းကန်နေရတာကို ကိုယ်တွေ့ဖြစ်လျှက်နဲ့၊ နိုင်ငံရေးအယောင်ဆောင် လောက်ကောင်တွေက UNHCR ဆိုတဲ့ တတိယနိုင်ငံကြီးကို မက်လုံးပေးပြီး မြန်မာပြည်သူတွေအပေါ် ဥပဒေမဲ့လိမ်လည်နေကြတဲ့ လူလိမ်တွေပဲ။

မလေးရှားမှာ အလုပ်လုပ်ချင်စိတ်ရှိပြီး ရိုးရိုးသားသားရှာဖွေစားသောက်ရင် ကိုယ့်တမိသားစုအတွက်တော့ ချောင်ချောင်လည်လည်သုံးနိုင်ပါတယ်ဗျာ။ လက်ကျောမတင်းပဲ နိုင်ငံရေးအယောင်ဆောင်၊ ပြည်တွင်းမှာ စွန့်လွှတ်အနစ်နာခံပြီး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး လိမ်လည်လှည့်ဖျား စားသုံးနေကြတာ ရမ္မက်လွန်နေတုန်း အခိုက်အတန့်လေးပါ၊ နဲ့နဲ့လောက်ဆင်ခြင်မိရုံနဲ့ ဒီလုပ်ရပ်ဟာ အင်မတန်ယုတ်မာပြီး အလွန်ပဲ
ရှက်စရာကောင်းပါတယ်ဆိုတာ သိနိုင်ကြမှာပါ။

တခဏစံစားဘို့အတွက် တစ်နပ်စားဥာဏ်နဲ့ သူတပါးအခက်အခဲနဲ့ ပူပင်သောကတွေ ပေါင်းစုထားတဲ့ အပူရေစာတွေကို မစားချင်ကြပါနဲ့။ အခြေခံလူတန်းစား ဘဝတူတွေချင်း၊ အုပ်ချုပ်ခံ လူတန်းစားချင်းဆိုတာလေးတော့ ကိုယ့်ဘဝကိုယ်နားလည်ကြပါ။ အဲ့ဒီလောက်ကလေးမှ လူ့အသိတရားခေါင်းပါးနေမယ်ဆိုရင်တော့ (ဥပမာ။ ။ ( မိဘ ) မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ် ထိန်းမရတဲ့ ဝါသနာကြောင့်ပဲဖြစ်ဖြစ် သူများမျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ပြီး လူပါးဝချင်သပဆိုလည်း) မိမိတို့ရဲ့ အဖွဲ့မူပိုင်အမည်တပ်ပြီး လိမ်ညာစားကြပေါ့ဗျာ။

ပြည်တွင်းမှာ ပြည်သူ့အတွက် တကယ်ရင်ဆိုင်ပေးဆပ်နေရတဲ့ သူတွေကလူသားတွေပါဗျ၊ ကျောက်ဆစ်ကျောက်သားတွေ မဟုတ်ပါဘူး။ တိုင်းပြည့်အနာဂတ်ကောင်းဖို့အတွက် ပေးဆပ်နေကြတဲ့ လူတော်လူကောင်းတွေကို မကူညီချင်လို့ ကျေးဇူးမတင်ရင်လည်း နေပါစေ။ အနှောက်အယှက်လုပ်နေတဲ့
စာရိတ္တတွေ၊ စရိုက်တွေနဲ့တော့ မစော်ကားကြပါနဲ့ဗျာ။

ဒါ့ကြောင့် အခုလိုပြည်တွင်းက အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး ထင်ရာဆိုင်းနေကြတာကြီးကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မူ့ကင်းမဲ့ပြီး ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိတဲ့ ပေါက်လွှတ်ပဲစား မိမဆုံးမဖမဆုံးမ သားသမီးတွေလိုဖြစ်နေကြတာပဲဗျာ။

ဖြိုးဝေ
KUALALUMPUR
MALAYSIA

အပြည့်အစုံသို့.....

စကားပြောနေသော အမေ့အပြုံး

>> Monday, November 15, 2010



အမေ့ရဲ့အပြုံးတွေဟာ ကျနော့်နှလုံးသားကို ဆွဲကိုင်လှုပ်ယမ်းနေတယ်အမေ။

ဝမ်းနည်းပီတိဆိုတာ အဲဒါကိုခေါ်သလားအမေ။

 အမေမြင်လိုက်ရတဲ့ အမေ့ကိုချစ်တဲ့ပြည်သူတွေကြောင့် အမေ၀မ်းသာကောင်းသာပါလိမ့်မယ်။

သူစိမ်းကနှိပ်စက်တာကိုခံနေရတဲ့ကလေးတယောက် အမေအရင်းကိုတွေ့လိုက်ရတဲ့အချိန် အားကိုးဝမ်းသာဖြစ်ပုံမျိုးနဲ့ ပြည်သူတွေအမေ့ကိုကြိုခဲ့ကြတာပါ။

အဲဒါကို အမေသိတယ်ဆိုတာ အမေ့အပြုံးက ဖော်ပြနေတယ်အမေ။

အမေ့ရဲ့အပြုံးဟာ အဓိပ္ပါယ်ပေါင်းများစွာရဲ့ သင်္ကေတတခုလားအမေ။

ကျနော်လေ.......... ပြည်သူတွေရဲ့သောကကို အမေ့အပြုံးပေါ်မှာတွေ့နေရတယ်။

ကျနော်လေ......... သူရဲကောင်းရှာတတ်တဲ့ ကျနော်တို့လူမျိုးတွေအတွက် မချိတင်ကဲဖြစ်နေတာကို အမေ့အပြုံးပေါ်မှာတွေ့နေရတယ်။

ကျနော်လေ....... ပြည်သူတွေကို လူဖြစ်ကျိုးနပ်စေချင်တဲ့ဆန္ဒ၊ အဲဒါဟာ အမေ့ဘ၀ပဲဆိုတာ အမေ့အပြုံးပေါ်မှာတွေ့နေရတယ်။

ကျနော်လေ......... ဆက်လျှောက်ရမယ့်လမ်း ကြမ်းတမ်းတယ်ဆိုတာလည်း အမေ့အပြုံးပေါ်မှာတွေ့နေရတယ်။

နောက်ပြီးတော့လေအမေ..........

အမေ့အပြုံးပေါ်မှာ ဇရာဆိုတာကို ကျနော်တွေ့လိုက်ရတယ်အမေ။

အမေပင်ပန်းနေပါပြီအမေရယ်.............

အမေနားသင့်ပြီဆိုပေမယ့် အမေ့လိုလူစားမျိုး ကျနော်တို့ရှာလို့မတွေ့သေးဘူးအမေ။

အမေမပါခဲ့ရင် ကျနော်တို့လျှောက်ရမယ့်လမ်း တော်တော်နဲ့နာလန်ထူနိုင်မှာ မဟုတ်ဘူးအမေ။

အမေနဲ့ကျနော်တို့တတွေ မိုင်ပေါင်းထောင်ချီဝေးနေကြပေမယ့် စိတ်ချင်းကတော့ ဆက်သွယ်မှုရှိနေမှာပါအမေ။

ဓာတ်ပုံထဲကအမေ့အပြုံးနဲ့ လေလှိုင်းထဲက အမေ့အသံတွေဟာ တိုင်းတပါးက ကျွန်သပေါက်သာသာ ကျနော်တို့ဘ၀အတွက် အားဆေးတခွက်ပါအမေ။

အမေနဲ့နှိုင်းစာရင် ကျနော်တို့လုပ်ဆောင်မှုတွေဟာ မြင့်မိုရ်တောင်နဲ့ ပေါက်ကာစနွားဦးချို ပါအမေ။

ဒါပေမယ့်အမေ......................

အမေ့ရဲ့ခံယူချက် ကျနော်တို့နဲ့ထပ်ထူထပ်မျှပါအမေ။

အမေ့ရဲ့ကြီးမြတ်လှတဲ့စိတ်ဓာတ်ကို ကျနော်တို့ရင်ထဲမှာမျိုးစေ့ချရင်း

အမေလျှောက်နေတဲ့လမ်းမှာ ကိုယ့်လိပ်ပြာကိုယ်လုံစွာနဲ့ ဖ၀ါးထပ်ချပ် လိုက်နေလျက်ပါအမေ။

(ခံစားမှုစာစုသာဖြစ်ပါသည်။)
မောင်ပါလ

အပြည့်အစုံသို့.....

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP