Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

ရက်စက်တော့မှာလား ၀ီစီကမ်ပိန်းရယ်

>> Friday, February 10, 2012

အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ် နဲ့ အမျိုးသမီးများအတွက် ၀ီစီကမ်ပိန်းဆိုတဲ့ သတင်းနှစ်ပုဒ်ဖတ်လိုက်ရတယ်။ အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ်နဲ့ ပတ်သတ်ပြီး မလေးရှားနိုင်ငံက လုပ်နည်းလုပ်ဟန်တွေ မြင်နေရတော့ ဖြစ်သင့်တယ်လို့ သဘောတူမိပေမယ့် ၀ီစီကမ်ပိန်းဆိုတာကိုတော့ နည်းနည်းပြောချင်တယ်ဗျာ။

လောကမှာ လူကောင်း လူဆိုး တွဲပြီးရှိနေကြသလို ခွဲခြားပြီးလည်း မြင်ဖို့မလွယ်နိုင်ကြပေမယ့် လူကောင်းတွေရဲ့ မလွှဲသာမရှောင်သာ ကြုံတွေ့ရတဲ့ အကျပ်အတည်းကိုတော့ စာနာနားလည်ကြစေချင်ပါတယ်။

ပုထုဇဉ်တွေပဲဗျာ…။ ကြောက်စရာကောင်းလှတဲ့ အတွေ့အာရုံကို ဘယ်သူလွန်ဆန်နိုင်ကြမတုန်း။ တကယ့် သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် အဲလို အချိန်မျိုးမှာ ရုပ်ကိုညှင်းပန်းပြီး စိတ်ကိုအနိုင်ယူရတဲ့ သာဓကတွေလည်း အများကြီးပါ။ အကယ်၍ မကောင်းပါဘူး မတော်ပါဘူးဆိုပြီး စိတ်ကဆန့်ကျင်နေရင်တောင် ရုပ်ကမလွန်ဆန်နိုင်ကြပါဘူး။ မိန်းကလေးနဲ့ ယောက်ျားလေး အတွေ့အာရုံမှာ ဘယ်သူပိုပြီး မွေ့လျော်ကြသလဲဆိုတာ ကျုပ်မပြောတော့ပါဘူး။ ပြဿနာက မိန်းကလေးက လူကြားသူကြားမှာ ပျော်မွေ့တဲ့စိတ် ရှိရင်တောင် သိုသိုသိပ်သိပ်နေလို့ရတယ်။ ယောက်ျားလေးကတော့ အထုပ်အထည်နဲ့ကို မိတာဗျို့……..။

ဒီတော့ စဉ်းစားမိတယ်။ ကျုပ်ကိုယ်တိုင်လည်း မြန်မာပြည်မှာ လိုင်းကားစီးပြီး အလုပ်သွား အလုပ်ပြန် လုပ်ခဲ့ဖူးတော့ ယောက်ျားလေး၊ မိန်းကလေး နှစ်ဖက်စလုံးကို ကိုယ်ချင်းစာနိုင်တယ်။ ရုံးတက် ရုံးဆင်းချိန်ဆိုရင် လူက ကားပေါ်ဘယ်လိုရောက်သွားမှန်းကို မသိလိုက်အောင် ကားကျပ်တာကလား။ ကားပေါ်မှာလည်း လက်နှစ်ဖက်လုံးကို တန်းပေါ်ကိုင်ထားလို့ရသေးတယ်။ လက်က အလုပ်မလုပ်ပါဘူးဆိုတာ အလီဘိုင်ပြနိုင်အောင်။ (ဒါတောင် အဲလိုကားကျပ်တဲ့အချိန် လက်နှစ်ဖက်လုံးကို အပေါ်တန်းအကိုင်ကောင်းလို့ ဘေးလွယ်အိတ်ထဲက ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရတာ ခဏခဏ) ကဲ…… လက်နှစ်ဖက်လုံးကတော့ တရားသေလွတ်ပါပြီဗျာ။ ကျုပ်တို့ဖွားဖက်တော်ကို ဘယ်နားသွားထားရမတုန်း။ ခဏဖြုတ်ပြီး လွယ်အိတ်ထဲလည်း ထည့်ထားလို့မရ။ လက်ကကိုင်ပြီး မြှောက်ထားလို့လည်းမရ။ ကားကကျပ်တော့ အတွေ့ကိုလည်း ဒီရုပ်ကြီးကမလွန်ဆန်နိုင်။ စိတ်ထဲမှာတကယ်မရှိပေမယ့် အသည်းတဖိုဖို ရင်တမမ။ ကလိကလိနဲ့ ဖုံးဖုံးဖိဖိကလည်း လုပ်လို့မရ။ တော်တော် ဂွကျတာကလားဗျာ…..။ ဒီကြားထဲ ဘယ်အချိန်များ ၀ီစီသံကြားရမလဲ တွေးပြီးကြောက်နေရမယ်ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့။

ကန်တော့ပါရဲ့ဗျာ။ ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေးတာ ဘက်စ်ကားစီးရတဲ့ ပစ္စည်းမဲ့လူတန်းစား ရိုးသားတဲ့ယောက်ျားလေးတွေရဲ့ဒုက္ခကို ကိုယ်ချင်းစာနိုင်ကြအောင်ပါ။ ယောက်ျားလေး၊ မိန်းကလေးတွေတင်မကပါဘူး။ ဘယ်နေရာ၊ ဘယ်ပြဿနာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးကို ချိန်ထိုးစဉ်စားပြီး သင့်လျော်မှန်ကန်တဲ့ ဖြေရှင်းနည်းကိုပဲ အကောင်းဆုံး ပြုလုပ်ကြစေချင်ပါတယ်။ ဒီတော့ဗျာ………….. အမျိုးသမီးသီးသန့်  မော်တော်ယာဉ်လိုင်းပြေးဆွဲရန် အစီအစဉ် ဆိုတာကို အမြန်ဆုံးအကောင်အထည်ပေါ်အောင် လုပ်ဆောင်သင့်ပေမယ့် ၀ီစီကမ်ပိန်း ဆိုတာကြီးတော့ စဉ်းစဉ်းစားစား လုပ်ကြစေချင်ပါတယ်။

ကျုပ်ရဲ့ မြန်မာပြည်မှာ ရှိနေကြတဲ့ ယောက်ျားလေးမိတ်ဆွေများကို အကြံပေးချင်တာကတော့ အကယ်၍များ ၀ီစီကမ်ပိန်းနဲ့ ကြုံခဲ့ကြရင်တော့ “ငါယောက်ျား.. ကံရှေ့သွား ကံထားရာဟဲ့” လို့ ဦးပုညလိုတော့ မာနတွေနဲ့ တင်းခံမနေကြပါနဲ့။ “လာခဲ့” ဆိုပြိး နီးရာမိန်းကလေးတယောက်လက်ထဲ အသားခုတ်ဓားထည့်၊ ကိုယ့်ဖွားဖက်တော်ကို စဉ်းနှီးတုံးပေါ်တင်ပေးပြီး “မင်းလေးစိတ်တိုင်းကျ မင်းသဘောပါ အချစ်ကလေး” ဆိုတဲ့သီချင်းပဲ အော်ဆိုနေကြပါတော့လို့ အကြံပေးလိုက်ပါရစေဗျာ။

မောင်ပါလ
၁၀.၂.၂၀၁၂

အပြည့်အစုံသို့.....

နအဖ တရားခွင်

>> Tuesday, November 30, 2010

တရားခွင်-၁

တရားသူကြီး ။ ။ ရုံးတော်ရှေ့ရောက်နေတဲ့ တရားခံက ဘာအမှုလဲ။
ဆွဲချရှေ့နေ ။ ။ ရပ်ကွက်ထဲမှာ ရယကခွင့်ပြုချက်မပါဘဲ တံတားဆောက်၊ လမ်းတွေမြေဖို့တဲ့ အတွက်ပါခင်ဗျား.........။
တရားသူကြီး ။ ။ အပိုင်အကြီးအကဲကို မထီမဲ့မြင်ပြုတဲ့အတွက် သောက်မြင်ကပ်ပုဒ်မ နဲ့ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀-နှစ် ကျခံစေ။


တရားခွင်-၂

တရားသူကြီး ။ ။ ရုံးတော်ရှေ့ရောက်နေတဲ့ တရားခံက ဘာအမှုလဲ။
တရားခံရှေ့နေ ။ ။ ငါးလောင်းပြိုင်လူသတ်မှုကို သက်သေနဲ့တကွ ဖမ်းမိတာပါခင်ဗျား...............။ (တရားသူကြီးအား နှစ်ကိုယ်ကြားလေသံဖြင့်) ဗိုလ်ချုပ်........ နဲ့ တရားခံက ဒီလို ဒီလို ရှိပါတယ်ခင်ဗျ။
တရားသူကြီး ။ ။ တရားခံသည် အပိုင်အကြီးအကဲနှင့် နားလည်မှုယူထားပြီး ဖြစ်သည့်အတွက် နားလည်မှုပုဒ်မနှင့် တရားသေလွတ်စေ။

နအဖစစ်အစိုးရသည် မြန်မာနိုင်ငံအား သောက်မြင်ကပ်ပုဒ်မနှင့် နားလည်မှုပုဒ်မ နှစ်မျိုးဖြင့်သာ အုပ်ချုပ်နေပါသည်။

အပြည့်အစုံသို့.....

လွဲပြန်ပဟ.......

>> Saturday, August 28, 2010

စစ်သင်တန်းကျောင်းတခုမှာဖြစ်သည်။

သင်တန်းပို့ချသောပေးသောဆရာသည် စစ်သားလောင်းများအား လက်ဖြောင့်စေရန်အတွက် အဝေးမှပစ်ကွင်းကိုမှန်အောင်ပစ်ခိုင်းလျက်ရှိသည်။

စစ်သားလောင်းတယောက်သည် အချက်တိုင်းလွဲလျက်ရှိသည်။ ထိုအခါ သင်တန်းဆရာသည် စိတ်မရှည်နိုင်တော့ပဲ ထိုစစ်သားအား

“ မင်းဒီလောက်တောင် မှန်အောင်မပစ်နိုင်တာ။ ဘယ်လိုလုပ်ပြီး အသုံးကျတော့မှာလဲ။ သွား...... ဟိုးတောထဲဝင်ပြီး မင်းကိုယ်မင်းသာ ပစ်သတ်လိုက်တော့” ဟုပြောလိုက်လေသည်။

သင်တန်းသားလည်း ဆရာ့အမိန့်အတိုင်း သေနတ်ကိုယူကာတောထဲဝင်သွားပြီး ခဏအကြာ..........

“ဒိုင်း.............”

ဆရာနှင့်ကျန်သောစစ်သားများသည် တောထဲမှသေနတ်သံကြားလိုက်ရသဖြင့် အံ့သြစိုးရိမ်သွားကြသည်။ ဆရာလည်း သူ့တပည့် ကိုယ့်ကိုယ်ကိုတကယ်ပစ်သတ်ပြီအထင်နှင့် စိုးရိမ်တကြီးတောထဲသို့လိုက်ဝင်သွားရာ ယမ်းငွေ့ဝေနေသောသေနတ်ကိုကိုင်လျက် မျက်နှာသေလေးဖြစ်နေသောတပည့်က

“ခွင့်လွှတ်ပါဆရာ။ ကျနော် ဆရာပြောတဲ့အတိုင်း ကိုယ့်ကိုယ်ကိုပစ်လိုက်တဲ့အချက်ကလည်း လွဲသွားပြန်ပါတယ်”

ဟုပြောလိုက်လေသည်။

ဘာသာပြန်ဟာသ ဖြစ်ပါသည်။

အပြည့်အစုံသို့.....

လူကြီးလူကောင်း ဆိုသည်မှာ

>> Thursday, July 1, 2010

မောင်ပါလနဲ့အပြင်မှာရင်းနှီးကြတဲ့ သူငယ်ချင်းတော်တော်များများက မေးလေ့ရှိတတ်ကြတယ်။ “ကိုပါလက ဘာဖြစ်လို့ ကတုံးနဲ့ပဲနေတာလဲတဲ့”။ တချို့ကကြတော့လည်း “ဘုန်းကြီးလူထွက်လား” တဲ့။ တချို့ကလည်း “ကိုဇာဂနာကို အားကျလို့လား” တဲ့။ “ရာသီဥတု ပူလို့လား” တဲ့။ အမျိုးမျိုးပါပဲ။ ဘယ်လိုမျိုးပဲမေးမေး ဟုတ်တယ်လို့ပဲ အလွယ်တကူဖြေခဲ့ပါတယ်။

အမှန်အတိုင်းပြောရရင်တော့ အပေါ်ကအကြောင်းပြချက်တွေကြောင့် ကတုံးနဲ့နေခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၈-နှစ်၊ ၉-နှစ်လောက်က အင်္ဂလိပ်စကားပုံစာကြောင်းလေးတကြောင်း ဖတ်ဖူးခဲ့တယ်။ ကြာခဲ့ပါပြီ။ ဘယ်စာအုပ်ထဲမှာဖတ်ခဲ့ဖူးလည်းတော့ မမှတ်မိတော့ပါဘူး။ မြန်မာလိုအမြဲတမ်း သတိတရရှိနေတတ်တဲ့ အဲဒီစကားပုံလေးကို ဖတ်မိတဲ့အချိန်ကနေစပြီး မောင်ပါလ ကတုံးနဲ့ပဲ အမြဲတမ်းနေခဲ့ပါတော့တယ်။ ဘာကြောင့်ကတုံးတုံးရတာလဲမေးလေ့ရှိတဲ့ သူငယ်ချင်းတွေအတွက်လည်း အဲဒီစကားပုံလေးကို အောက်မှာရေးထားပေးလိုက်ပါတယ်ခင်ဗျာ........။


“လူကြီးလူကောင်းဖြစ်ရန်အတွက် ဆံပင်ညှပ်ဆရာကောင်းကောင်းတယောက်သာ လိုသည်”

အပြည့်အစုံသို့.....

အရင်းပိုင်းကြီး ကျန်ပါသေးတယ်

>> Sunday, April 25, 2010

မောင်ပါလလည်း စာမရေးဖြစ်တာတော်တော်ကြာပြီ။ သူငယ်ချင်း၊ ညီအကိုတွေကလည်း ရေးဖို့တိုက်တွန်းနေကြတယ်။ ပို့စ်အသစ်ဖတ်ချင်ပါတယ်ဆိုတဲ့ မေးလ်တချို့လည်း ရောက်လာပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေများနေတော့ စာရေးဖို့အချိန်မရဘူးဖြစ်နေတယ်။ ဟိုက ဒီက သတင်းလေး၊ ဆောင်းပါလေးယူတင်လိုက်၊ မေးလ်ကရတာလေးတွေတင်လိုက်နဲ့ပဲ ဘလော့ခ်ကို အသက်ဆက်နေရတယ်။

စာလာဖတ်ကြတဲ့မိတ်ဆွေတွေကိုလည်း အားနာပါတယ်။ စာရေးဖို့ တိုက်တွန်းအားပေးကြတာကိုလည်း ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ညီအကို၊ မောင်နှမတွေအားလုံးကို မောင်ပါလကြားခဲ့ဖူးတဲ့ ပုံပြင်လေးတပုဒ်နဲ့ပဲ တောင်းပန်ပါရစေတော့…………။

တခါတုန်းက ရွာတရွာမှာ ဆင်းရဲသားလင်မယားနှစ်ယောက် နေထိုင်ကြသတဲ့။ သူတို့နှစ်ယောက်ဟာ ဆင်းရဲလွန်းလို့ အိမ်ပိုင်ယာပိုင်နဲ့မနေနိုင်ကြဘဲ မိန်းမဖြစ်သူရဲ့မိဘတွေအိမ်မှာပဲ ကပ်နေကြရတယ်။ ယောက္ခမအိမ်မှာကလည်း ကလေးဘုစုခရုတွေနဲ့၊ အဖိုးကြီး အဖွားကြီးပဲရှိတာဆိုတော့ သားမက်တယောက်တည်းက တအိမ်လုံးစားဖို့ ရှာနေရတာပေါ့။

ယောက္ခမကလည်း သားမက်ကို အလိမ္မာလေးနဲ့ မြှောက်ပြီးခိုင်းလေ့ရှိတယ်။ သားမက်လုပ်စာ စားနေရတာကိုး။ သားမက်ကလည်း သူ့ကိုမြှောက်ခိုင်းမှန်းသိပေမယ့် သူများအိမ်မှာကပ်နေရတာဆိုတော့ ရေလိုက်ငါးလိုက်နေရတာပေါ့။

အဲလိုနေလာကြရင်းနဲ့တနေ့တော့ သားမက်ဖြစ်သူက တောထဲသွား၊ ထင်းခွေပြီးပြန်လာ။ အိမ်ရောက်တော့ ယောက္ခမက “ငါ့သားရယ်…. မင်းထမ်းလာတဲ့ထင်းစည်းက ကြီးလိုက်တာ။ ထင်းချောင်းတွေကလည်း ကောင်းမှကောင်း။ မင်းလည်း ပင်ပန်းလှပါပြီ။ မင်းကိုရတဲ့ ငါ့သမီးလည်း ကံကောင်းတာပါပဲ” လို့ မြှောက်ပြောလေး ပြောလိုက်တယ်။

သားမက်လည်း အိမ်ပေါ်တက်၊ ရေတခွက်အရင်သောက်ပြီးတော့
“ဟုတ်လားအမေရေ……. ခုကျနော်ထမ်းလာတဲ့ထင်းစည်းက အဖျားလေးတွေ ချိုင်လာရုံပဲရှိသေးတာ။ တောထဲမှာ အရင်းပိုင်းကြီးတခုလုံး ရှိသေးတယ်။ နောက်နေ့မှ အဲဒီအရင်းပိုင်းကြီး ထမ်းလာခဲ့မယ်” လို့ ယောက္ခမကို ပြန်ပြောလိုက်သတဲ့။

အားပေးကြတဲ့ မိတ်ဆွေများခင်ဗျား…………
မောင်ပါလမှာလည်း  ထမ်းဖို့အရင်းပိုင်းကြီးတခုလုံး တောထဲမှာရှိနေပါသေးတယ်ခင်ဗျား……..။

(စာလာဖတ်ကြသူများအား အစဉ်ကျေးဇူးတင်လေးစားလျက်)

မောင်ပါလ

အပြည့်အစုံသို့.....

စိတ်၏ဖြေရာ

>> Saturday, February 6, 2010

ကြားဖူးနားဝဟာသလေးတခုကို ကိုယ်တိုင်ခံစားကြည့်တာပါ။

ရုံးစာရေးမောင်ပါလတယောက် အရက်သောက်လာသည်မှာ သူ့အသက်ရဲ့သုံးပုံနှစ်ပုံပင် မကတော့။ စာရေးလုပ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ရာထူးကမတက်။ ဘယ်တက်မှာတုန်း။ ညဖက်အရက်သောက်ပြီး မနက်အလုပ်မသွားနိုင်တာက တပတ်မှာ၈-ရက်လောက်။ တရက်တောင်လာမယ့်အပတ်ထဲက ချည်း(ချီး)နေရသည်။ ဒီအလုပ်လေးမပြုတ်တာဘဲ ကံကောင်းသည်ဆိုရမည်။ ယမကာလုလင်ဆိုပြီး ပျိုပျိုမေတွေက ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်လေတော့ တွယ်တာစရာကနတ္ထိ။ လွတ်လပ်ချင်တိုင်း လွတ်လပ်နေသည်ပေါ့။

မောင်ပါလအလုပ်နဲ့အိမ်ကြား အရက်ဆိုင်လေးတဆိုင်ကလည်းရှိနေတော့ နတ်တို့ဖန်ရေကန်အသင့် ကြာအသင့်။ အလုပ်ပြန်တိုင်းဝင်ဖြစ်သည်။ မပျက်မကွက်။ အိမ်ရောက်သည်က ညဥ့်နက်မိုးချုပ်မှ။ အရက်ဆိုင်ကထွက်လျှင် ၀ှူရှူးကစားပြီးပြန်တာဆိုတော့ ပတ်ဝန်းကျင်ကိုအားနာ၍ဖြစ်သည်။ အရက်ဆိုင်ပိုင်ရှင်ကလည်း ပိုက်ဆံမပါလျှင်နေ၊ မောင်ပါလနေတိုင်းရောက်လျှင် ပျော်နေပြီ။ အရက်ထဲရေရောရောင်းလို့ရလို့ပဲလား။ အရင်ဘ၀ကပဲ ဆွေမျိုးတော်လို့လားမသိ။

တနေ့တော့ ဘယ်သမာဒေ၀နတ်ကောင်းနတ်မြတ်များက မောင်ပါလကိုသနား၍ မစလိုက်သည်မသိ။ ကျွတ်တန်းဝင်ချင်လာသည်။ အရက်ဖြတ်ချင်သည့် စိတ်ကူးလေးတခုပေါ်လာသည်။ ဆိုတော့ မောင်ပါလအရက်ဖြတ်မည်ပေါ့။ အရက်ဖြတ်မယ့်စိတ်ကူးရဲ့နောက်မှာမှ သံသယလေးတခုက တို့လို့တွဲလောင်း။ နေ့တိုင်းသောက်လာသည့်ဒီအရက် ဖြတ်လို့မှရပါ့မလား။ ထမင်းမစားဖြစ်ရင်ရှိမည်။ အရက်မသောက်ဖြစ်သည့်နေ့မရှိ။ ဟယ်............. ယောက်ျားဘသား၊ ဘာပဲဖြစ်ဖြစ်ရအောင်ဖြတ်မည်။ မနက်ဖြန်ကစပြီးမသောက်တော့။ စိတ်ကို ဒုန်းဒုန်းချလိုက်သည်။ လူကလည်း အိပ်ရာပေါ်ဝုန်းကနဲ။ အိပ်ရာဘေးကပေါင်မုန့်ကို အလစ်သုတ်ရန်ချောင်းနေသာ ကြွက်တကောင် ဖရူးဖရူးနှင့် လန့်ပြေးသွားသည်။

နောက်တနေ့မနက် အလုပ်သွားသည်။ ပုံမှန်။ နေ့လည်ထမင်းစားချိန်အထိ ဘာမှမဖြစ်သေး။ ညနေခင်း လက်ဖက်ရည်သောက်ချိန်ရောက်တော့ မနေ့ညကဆုံးဖြတ်ချက် ခေါင်းထဲဝင်လာသည်။ စိတ်ထဲမှာ ဒွိဟဖြစ်လာသည်။ တကယ်ဖြတ်လိုက်ရင်ကောင်းမလား၊ ဆက်သောက်ရင်ကောင်းမလား။ ဖြတ်ရမှာလည်း သံယောဇဉ်ကမကုန်။ ချီတုံချတုံ.........။ အလုပ်လုပ်ရတာစိတ်မပါတော့။ စိတ်ကိုထပ်တင်းလိုက်သည်။ မသောက်တော့ဟု.......။

ညနေအလုပ်ပြီးတော့ အိမ်အပြန်လမ်းက အရင်လိုမလန်းဆန်း။ အရက်ဆိုင်ကိုကျော်ပြီး အိမ်အရောက်ပြန်ရမည့်ကိစ္စ၊ လွမ်းသလိုလို ဆွေးသလိုလိုနှင့် တခုခုကိုအလိုမကျ။ လမ်းဘေးအိပ်နေသောခွေးကိုတောင် သိပ်မကြည်။ ခဲလုံးနှင့်ကောက်ထုဖြစ်သည်။ တဂိန်ဂိန်အော်သံကြားမှ စိတ်ထဲနည်းနည်းဘ၀င်ကျသည်။ အရက်ဆိုင်မရောက်ခင် ခဏရပ်စဉ်းစားလိုက်သေးသည်။ သေချာရဲ့လား။ ကိုယ့်ကိုကိုယ်ပြန်မေးလိုက်သည်။ မောင်ပါလတဲ့။ တလပဲရှိသည်။ နှစ်လမရှိ။ သေချာသည်။ ဘူးဆိုလျှင် ဖရုံမသီး။ မသောက်ဖူးဆို လုံးဝမသောက်။ ဆက်လျှောက်သည်။ အရက်ဆိုင်ရှေ့ကိုဖြတ်သည်။ လှည့်၍မျှမကြည့်။ နှစ်အိမ်၊ သုံးအိမ်ကျော်လာသည်။ လေးအိမ်မြောက်...................

စိတ်ထဲမှာတော်တော်လေးပျော်သွားသည်။ အလွန်တရာအောင်နိုင်ခဲသည့် ကိုယ်စိတ်ကိုကိုယ်ထိန်းလိုက်နိုင်ပြီ။ “အလို........ ကြည့်စမ်း။ ငါတော်တော်လေးစိတ်ဓာတ်ခိုင်မာပါလား။ ငါ့ကို့ငါတောင် ဒီလောက်ထင်မထားခဲ့ဘူး။ ငါ့ကိုငါ ဂုဏ်ပြုမှဖြစ်မယ်” မောင်ပါလတွေးလိုက်သည်။ ဘယ်လိုဂုဏ်ပြုရမလဲ????????????????? သိပြီ။

မောင်ပါလ ပြန်လှည့်လျှောက်သည်။ အရက်ဆိုင်ထဲ ရင်ကော့ဝင်လိုက်သည်။ အရင်ကထက်ကျယ်သောအသံဖြင့် အရက်တပိုင်းလှမ်းမှာသည်။ ဆိုင်ရှင်နှင့်တကွ သောက်နေကြသူများ အထူးအဆန်းဖြစ်ကုန်၏။ ဂရုမစိုက်။ အရက်ကိုဖန်ခွက်အပြည့်ငှဲ့ကာ အပေါ်မြှောက်လိုက်ပြီး ပါးစပ်မှလည်း “ကျွန်ုပ်သည် အလွန်အန်မတန်ထိန်းချုပ်ခက်သည့် မိမိစိတ်ကို ချုပ်တည်းနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုပါသည်” ဟု ခပ်ကျယ်ကျယ်ဆိုပြီး မော့ချလိုက်လေသည်။ ထို့နောက် နောက်တခွက်....................တခွက်.......................။

အပြည့်အစုံသို့.....

ဂွင် စောင့်နေတာပါ

>> Sunday, January 24, 2010

တခါက သဲကန္ထာရတခုရဲ့ အိမ်တအိမ်မှာ ကုလားအုတ်တကောင်နဲ့ မြင်းတကောင်ဟာ အဆွေခင်ပွန်းဖွဲ့ပြီးနေကြတယ်တဲ့။ သဲကန္ထာရဆိုတော့ သိတဲ့အတိုင်း ကုလားအုတ်အစားအစာဟာပေါများပြီး ကုလားအုတ်က ၀၀ဖီးဖီးနဲ့ပေါ့။ မြင်းခမျာမှာတော့ အစာရေစာရှားပါးတော့ ကျုံလှီနေတာပေါ့။ ကုလားအုတ်ဟာ သူငယ်ချင်းမြင်းကိုကြည့်ပြီးတော့ စိတ်မချမ်းမသာဖြစ်နေပြီး မြင်းကိုပြောတာပေါ့။

“သူငယ်ချင်း........မင်းလည်း ဒီပုံစံဆိုရင် အစာပြတ်လို့ မကြာခင်မှာပဲ အားနည်းပြီးသေလိမ့်မယ်။ သခင်ကိုတွယ်တာမနေနဲ့တော့။ သူလည်းမင်းကိုကျွေးထားနိုင်မှာ မဟုတ်ဘူး။ ရေကြည်ရာ မြက်နုရာထွက်ပြီး အသက်ရှင်ဖို့ကြိုးစားတော့”

အဲဒီတော့ မြင်းက ကုလားအုတ်ကို

“ငါသိပါတယ် သူငယ်ချင်း။ ငါ သခင်ကိုလည်း မတွယ်တာပါဘူး။ ငါ့ကိုငါလည်း အသက်ရှင်ဖို့ ကြိုးစားမှာပါ။ ခုလောလောဆယ်တော့ ငါဒီမှာ ခဏဆက်နေမှ ဖြစ်မယ်။”

“ဘာဖြစ်လို့ဆက်နေမှာလဲကွ” ကုလားအုတ်လည်း အံ့သြတကြီးနဲ့ပြန်မေးတာပေါ့။

ဒီတော့ မြင်းက

“မင်းနောက်တခါ ဟိုအကောင်နဲ့ထပ်ပြီးချိန်းတွေ့ဖို့ကြိုးစားရင် မင်းကို ဟိုရှေ့ကမြင်းနဲ့ ပေးစားပစ်မယ်လို့ သခင်က ငါ့ကိုလက်ညှိုးထိုးပြီး သူ့မိန်းမကို ဟိုတနေ့က ပြောနေတာ ငါကြားလိုက်တယ်ကွ။ ငါက အဲဒီ ဂွင် လေးကိုစောင့်နေတာကွ။ ပြီးရင်တော့ လစ်တော့မှာပါ” တဲ့ဗျာ........................။

လူကြီးမင်းတို့ရေ................
ဂွင် စောင့်မနေကြပါနဲ့တော့။
လုပ်စရာရှိတာ လုပ်ကြပါတော့။

အပြည့်အစုံသို့.....

Don't Copy If You Can't Paste

>> Friday, January 22, 2010

(မေးလ်ကရတဲ့ ဟာသလေးပါ။)

နာမည်ကြီး စိတ်ဓာတ်လှုံ့ဆော်ရေး ဆရာတစ်ယောက်က သူ့ရဲ့ ပရိတ်သတ်ကို
ဖျော်ဖြေနေစဉ်မှာ ဖြစ်ပါတယ်...

“ကျွန်တော့ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့
အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”

ပရိတ်သတ်ကြီးလည်း အံ့သြမှင်သက်စွာ တတ်ဆိတ်သွားကြပါတယ်...
တဖန် သူက ဆက်၍ “ အဲဒီအမျိုးသမီးကတော့ ကျွန်တော့ မိခင်ပါပဲ”
လက်ခုပ်သံနှင့် ရီမောသံများ မိုးလုံးညံခဲ့ပါတယ်....

တပတ်ကြာပြီးနောက်... အဲဒီဆရာရဲ့ သင်တန်းသား ထိပ်တန်းမန်နေဂျာတစ်ယောက်ဟာ
ဒီဟာသကို သူ့အိမ်မှာ ပြန်ဖောက်သည်ချဖို့ ကြိုးစားပါတယ်... အဲဒီအချိန်က သူနဲနဲ မူးနေခဲ့တယ်...
သူအသံမြှင့်ပြီး ညစာပြင်ဆင်ပေးနေတဲ့ သူ့မိန်းမကို အော်ပြောလိုက်တယ်....

“ကျွန်တော့ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့
အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”

သူ့မိန်းမလည်း အံ့သြလွန်းလို့ ဘာမှမပြောနိုင်ပဲ ဆွံ့ အ သွားခဲ့တယ်...
သူလဲ သူ့ဟာသကိုဆက်ဖို့ စကားလုံးကို ကြိုးစားရှာဖွေပေမယ့် စက္ကန့် ၂၀ လောက်ကြာတဲ့အထိ
စဉ်းစားမရခဲ့ဘူး............. နောက်ဆုံးသူပြောလိုက်တာက

“အဲဒီ အမျိုးသမီးဘယ်သူလဲ ငါ မမှတ်မိတော့ဘူး”

သူပြန်သတိရလာတဲ့အခါ သူသိလိုက်တာက ရေနွေးပူလောင်တဲ့ဒဏ်ရာကြောင့်
ဆေးရုံပေါ်က ကုတင်ပေါ်မှာရောက်နေတယ် ဆိုတာပါပဲ။


ကဲ....... သူငယ်ချင်းတို့လဲ ....
Don't copy if you can't paste!
မပိုင်ဘူးထင်ရင် ခြင်မရိုက်ကြပါနဲ့...
paste လုပ်နိုင်မယ်မထင်ရင် အစထဲက copy မလုပ်ကြနဲ့နော်..........

အပြည့်အစုံသို့.....

UNHCR (Malaysia) ၌ မှတ်ပုံတင်လျှင် လိုက်နာရမည့်စည်းကမ်းများ

>> Wednesday, December 9, 2009

UNHCR (Malaysia) ရုံးတွင် ဒုက္ခသည်မှတ်ပုံတင်လုပ်လိုသူများ ဒါလေးဖတ်ပြီးမှရုံးသို့သွားကြပါ။


၁) ပက်ပက်စက်စက်လိမ်ပါ။

၂) ရွာမီးရှို့ခံရသည်ဟု ပြောပါ။

၃) ပေါ်တာဆွဲခံရသည်ဟု ပြောပါ။

၎) ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ ဘုရားကျောင်း၊ ဗလီ ဖျတ်ဆီးခံရသည်ဟု ပြောပါ။
(ဗုဒ္ဓဘာသာဆိုလျှင် ၈၀% ရရန်မသေချာပါ။)

၅) အမျိုးသမီးများ စစ်သားမှ မုဒိန်းကျင့်သည်ဟု ပြောပါ။

၆) အမျိုးသားများ စစ်သမီးမှ မုဒိန်းကျင့်သည်ဟု ပြောပါ။

၇) သင် ခရစ်ယာန်ဘာသာဝင်ဖြစ်လျှင် ၈၀% ရဖို့သေချာပါသည်။ ကျန် ၂၀% မှာ
တိုင်းရင်းသားဖြစ်ဖို့ လိုသည်။

၈) မြန်မာဖြစ်ပါက တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆက်သွယ်ထားပါ။
(သူငယ်ချင်းတယောက်ဆိုလျှင် တိုင်းရင်းသားကဒ် (၇) ခုလောက်ရှိပါသည်။)

၉) ခန္ဓာကိုယ်အင်္ဂါတခုခု (ဥပမာ-ခြေ၊ လက်) ထိခိုက်အောင်လုပ်ပြီး
UNHCR နှင့်ပတ်သတ်သည့်ဆေးခန်းသို့ သွားပြပါ။

၁၀) အထက်ပါအတိုင်းမရနိုင်ပါက နောက်ဆုံးအဆင့်အနေနှင့်
အတုတခုသာလုပ်ထားလိုက်ပါ။ {ကျနော်တွင်လည်း တခုရှိပါသည်။ :) }

အပြည့်အစုံသို့.....

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP