ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်
>> Friday, June 3, 2011
ဒီပို့စ်ကို ရေးသင့်တယ်၊ ရေးသင့်ပြီထင်လို့ ရေးရတာပါ။ ကျော်ကျော်ခေါင်းဆောင်တဲ့ NLD-LA (Malaysia) ရဲ့ ပါတီနဲ့ နိုင်ငံရေးကို ခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့လုပ်ရပ်၊ နိုင်ငံရေးပါတီအလံအောက်မှာနေပြီး နိုင်ငံရေးသိက္ခာမရှိတဲ့လုပ်ရပ်၊ မူမမှန်တဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ချပြရာမှာ ကျနော့်ဆီကို feedback တွေ တော်တော်ပြန်လာပါတယ်။ ဒါပေမယ့် များသောအားဖြင့် အပြုသဘောဆောင်ပြီး ကောင်းကျိုးလိုလားမှုနဲ့ ဝေဖန်တာ၊ ထောက်ပြတာတွေ၊ အမှန်တရားတခုအတွက် အားပေးတာတွေ ဖြစ်တဲ့အတွက် ၀မ်းသားအားတက်ရပါတယ်။ တချို့တလေကလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာလို့ ပြန်စွပ်စွဲတာတွေလည်း ရှိပါတယ်။
လူတယောက်၊ အဖွဲ့တဖွဲ့ရဲ့ ရိုးသားမှုမရှိဘဲ လိမ်ညာစားနေတဲ့ အလုပ်တွေကို အထောက်အထား ခိုင်လုံစွာနဲ့ ဝေဖန်ထောက်ပြတာကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာလို့ ကျနော်မထင်ပါဘူး။ ဥပမာတခု ကျနော်ဆိုချင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ သန်းရွှေနဲ့ အသွင်ပြောင်း အာဏာရူးတစုရဲ့ ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်း နစ်သထက်နစ်လာတယ်။ ပြည်သူတွေ ငတ်သထက်ငတ်လာတယ်။ ဒါတွေကို ထောက်ပြပြီး သန်းရွှေရဲ့ လုပ်ရပ်တွေ မှားယွင်းကြောင်း သန်းရွှေမကောင်းကြောင်း ကျနော်တို့ ပြောကြပါတယ်။ သန်းရွှေနဲ့ စစ်အစိုးရကို ဆန့်ကျင်ကြတယ်။ တော်လှန်ကြတယ်။ စစ်မှန်တဲ့ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာနိုင်ဖို့ ကြိုးစားကြတယ်။
သန်းရွှေဦးဆောင်တဲ့ အသွင်ပြောင်း စစ်အစိုးရနဲ့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ရဲ့ ရိုးသားမှုမရှိတဲ့ လုပ်ရပ်တွေဟာ အသွင်အားဖြင့် အတူတူပါပဲ။ သန်းရွှေက နိုင်ငံနဲ့ချီပြီး လိမ်ညာနေတယ်။ ကျော်ကျော်က NLD နာမည်နဲ့ နိုင်ငံရေးကို ခုတုံးလုပ်ပြီး လိမ်နေတယ်။ လိမ်ညာမှုအကြီး အသေးသာ ကွာခြားတာပါ။ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ရဲ့ မြန်မာလူထုအပေါ် လိမ်ညာနေတာကို ဖော်ထုတ်တာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပါလို့ ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပြည်တွင်း ပြည်ပအတိုက်အခံအားလုံးဟာ သန်းရွှေနဲ့ စစ်အစိုးရကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာပါလို့ ပြောခြင်းနဲ့ အတူတူပဲဖြစ်ကြောင်း ယူဆနိုင်စရာ ရှိပါတယ်။
ဒီပြဿနာတွေကို အခုမှဘာလို့ အစဖော်နေရတာလဲလို့ မေးတဲ့လူလည်း ရှိပါတယ်။ အခုမှ အစဖော်တာ မဟုတ်ပါဘူး။ အရင့်အရင်ကလည်း အကြောင်းတိုက်ဆိုင်ရင် ကျနော်ရေးလေ့ရှိတာကို ဒီဘလောခ့်မှာပဲ ပြန်ရှာဖတ်ကြည့်နိုင်ပါတယ်။ အကြောင်းတိုက်ဆိုင်ရင်လို့ ပြောရတာကလည်း တင်ထားခဲ့ပြီးတဲ့ပို့စ်တွေမှာ ရေးခဲ့တဲ့အတိုင်း “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို ပြောတဲ့လူက ကြာတော့ရှက်လာတယ်။ အချိန်တန်ရင် သူ့အကုသိုလ်နဲ့သူ သွားမှာပါလေလို့ စိတ်ဒုံးဒုံးချထားပေမယ့် မကောင်းမှုလုပ်တဲ့ လူတွေရဲ့သက်ဇိုးက စစ်အစိုးရနဲ့ထပ်တူ ရှည်လွန်းနေပါတယ်။
အခုထပ်ပြီး အထောက်အထားတွေနဲ့အတူ ဖော်ထုတ်ချပြရတာကလည်း မြန်မာ့အရေးလုပ်နေကြတဲ့ အတိုက်အခံအချင်းချင်း မှားယွင်းစွာ အဖမ်းခံရတာကို အခွင့်ကောင်းယူပြီး “ဟိုကောင်တွေတော့ သွားကုန်ပြီ။ လမ်းကြုံတုန်း ငါ့အမှိုက်ထုပ်ပါ ထည့်ပေးလိုက်မှပဲ” ဆိုတဲ့ အချောင်သမားစိတ်ဓာတ်နဲ့ အချင်းချင်းချောက်တွန်းတဲ့ ကျော်ကျော်ရဲ့ ပြောစကားကြောင့်ပါပဲ။ ဒီလိုလူယုတ်မာ ဦးဆောင်တဲ့ NLD-LA (Malaysia) ဆက်ရှိနေမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ မလွဲမသွေ ဆက်ဖြစ်နေအုံးမယ်ဆိုတာ သေချာနေတာမို့ နိုင်ငံရေးဗန်းပြပြီး လုပ်စားနေတာတွေကို ဖော်ထုတ်သက်သေထားပြီး ကျော်ကျော်နဲ့ NLD-LA (Malaysia) ကို ဖျက်သိမ်းပေးဖို့ စိတ်တူကိုယ်တူ မြန်မာ့အရေးလုပ်နေသူတွေစုပြီး တင်ပြတောင်းဆိုရတာပါ။
NLD-LA (Malaysia) နဲ့ပတ်သတ်ပြီး ပို့စ်တင်တာ၊ အသံဖိုင်တင်တာရပ်လိုက်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နိုင်ငံတချို့က သူငယ်ချင်းတွေ လှမ်းမေးကြပါတယ်။ ဆက်မတင်တော့ဘူးလား။ ရပ်လိုက်ပြီလား။ NLD-LA (Malaysia) ကို ဒီအတိုင်းပဲ ဆက်ထားထားမှာလားပေါ့။ အမှန်အတိုင်းပြောရရင် ကျနော်တို့အနေနဲ့ NLD-LA (Malaysia) က ဒီလို ဒီလို မကောင်းတာတွေ၊ နိုင်ငံရေးနဲ့ မအပ်စပ်တဲ့ လိမ်ညာနေတဲ့ အလုပ်တွေ လုပ်နေပါတယ်လို့ ဖော်ထုတ်ပြတာကိုပဲ လုပ်နိုင်ပါတယ်။ NLD-LA (Malaysia) ဆက်ရှိဖို့ မရှိဖို့က ကျနော်တို့အလုပ်မဟုတ်ပါဘူး။ ဆက်တင်ဖို့ အသံဖိုင်တွေက ကျနော့်မေလ်းထဲမှာ၊ ဖုန်းထဲမှာ၊ အသံဖမ်းစက်ထဲမှာ အများကြီးပါ။ လိုအပ်သေးတယ်ဆိုရင် လိုအပ်တဲ့သူတွေဆီ တိုက်ရိုက်ပို့ပေးပါ့မယ်။ ဒီပို့စ်ဟာလည်း ကျော်ကျော်ခေါင်းဆောင်တဲ့ NLD-LA (Malaysia) နဲ့ ပတ်သတ်ပြီး နောက်ဆုံးပို့စ်ပါပဲ။ ဒီထပ်ပိုပြီး ပြတ်ပြတ်သားသားလုပ်နိုင်တာ နောက်ဆုံးနည်းလမ်းတခုပဲ ရှိပါတယ်။
NLD ပါတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တဲ့အပြင် မြန်မာ့အရေးလှုပ်ရှားမှုအတွက် အန္တရာယ်၊ အနှောင့်အယှက်တခုလိုဖြစ်နေတဲ့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ဆက်ရပ်တည်သင့် မတည်သင့်ကိုတော့ NLD ပါတီမှ ခေါင်းဆောင်များမှ သေချာစွာ စုံစမ်းစစ်ဆေးပြီး ဓမ္မဓိဌာန်ကျကျ အမြန်ဆုံး ဆုံးဖြတ်နိုင်ကြမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အဆိပ်ပင်ရေလောင်းသလို လုပ်ချင်တာလုပ်ကြကွာ လို့ လျစ်လျူရှုပြီး ဒီပုပ်ထဲကဒီပဲ အားလုံးကအတူတူပါပဲ ဆိုရင်ဖြင့် တကယ့်ကို စိတ်ရင်းအမှန်၊ ယုံကြည်ချက်အပြည့်နဲ့ အပင်ပန်း၊ အဆင်းရဲ၊ အနစ်နာခံပြီး လုပ်နေကြတဲ့ ခေါင်းဆောင်တွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ပုလိုင်းပေါက်နဲ့ ဖားကောက်နေတဲ့အတိုင်း ပင်ပန်းသလောက် အကျိုးမရှိ ဖြစ်နေအုံးမှာပါ။
ဒါ့အပြင် တာဝန်ရှိသူများရဲ့ လျစ်လျူရှုမှု အကျိုးဆက်ကြောင့် မလေးရှားက မြန်မာ့အရေး လှုပ်ရှားသူတွေကြား တစုံတခုသောဆိုးကျိုးနဲ့ ကျော်မကောင်း ကြားမကောင်းသော ဖြစ်ရပ်များ ထပ်မံပေါ်ပေါက်လာမယ်ဆိုရင်လည်း ၀မ်းနည်းစရာ ကောင်းရုံကလွဲပြီး ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။
သတင်းစကားတခုကို ထပ်ပြောလိုပါတယ်။ ကိုကိုသစ္စာ facebook page မှာ ကိုကိုသစ္စာနဲ့ NLD-LA (Malaysia) က လက်ရှိအတွင်းလူတယောက် လက်ဝါးရိုက်ပြီး တင်ထားတဲ့ပို့စ်မှာ ကျော်ကျော်ဟာ NLD-LA (Malaysia) ကနေပြီး ထွက်စာတင်ထားတယ်လို့ ဆိုထားပါတယ်။ ထွက်စာ တင်မတင်တော့ မသိပါဘူး။ ကျော်ကျော် အမေရိကကိုထွက်ဖို့ ဆေးစစ်ထားပြီးပြီလို့ အသေအချာ သိရပါတယ်။ ဒါကြောင့် မလေးရှားက နိုင်ငံရေးအမှိုက်တခုဟာ UNHCR-Malaysia ရဲ့ကျေးဇူးကြောင့် မကြာခင်မှာပဲ အမေရိကသို့ လွင့်လာတော့မည် ဖြစ်ပါကြောင်း အမေရိကရှိ မြန်မာ့အရေးလှုပ်ရှားသူများသို့ သတင်းစကား ပါးအပ်ပါတယ်။
မောင်ပါလ
၃.၆.၂၀၁၁