မေ........... မေ......... မေ............

>> Friday, May 11, 2012


တကယ့်ကို မထင်မှတ်ထားခဲ့တာပါ။ မွေးရပ်မြေကို ဆယ်စုနှစ်တခုကျော်ကြာ ခွဲခွာပြီး ပြန်လည်ခြေချဖို့ ပြင်ဆင်ချိန်မှာပဲ မေနဲ့ အဆက်အသွယ်ပြန်ရခဲ့တယ်။ ကန္တာရထဲမှာ စမ်းချောင်းလေးတခု ဖြတ်စီးသွားခဲ့တယ်။ ဘယ်တော့မှ ခမ်းခြောက်ခြင်းမရှိနိုင်ဘဲ ကာလ၊ ပယောဂအရာအားလုံးကို ကြေမွပျက်သုဉ်းစေနိုင်တဲ့ စမ်းချောင်းလေး.....။

ခင်မောင်တိုးရဲ့ “သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ” ဆိုတဲ့စာသားလေးမှာ “ဆယ်သုံးနှစ်လောက်” လို့ ပြောင်းဆိုရလောက်အောင်ကို မေနဲ့ဝေးခဲ့တယ်။ ဘ၀အမောတွေကို တမက်တမောထွေးပိုက်ရင်း မေ့ဆီကို ခြေဦးမလှည့်ဖြစ်ခဲ့ဘူး။ မေ့ရဲ့ဖုန်းနံပါတ်ကို စာအုပ်လေးထဲမှာပဲ သိမ်းမှတ်ထားပြီး အသည်းမာမာနဲ့ ဘ၀ကို ကိုယ်တိုင်ဆန်တက်မယ်လို့ ကြွေးကြော်ထားခဲ့တယ်။ အတ္တကြီးတဲ့ သားတယောက်ပေါ့။ သံယောဇဉ်မှန်သမျှ ချောင်ထိုးထားခဲ့တယ်လေ။

ဒါပေမယ့် မေ့မေတ္တာက သားရဲ့ဒုက္ခတွေကို လျစ်လျူမရှုခဲ့ဘူးနော်။ ကြာမြင့်စွာခွဲခွာခဲ့တဲ့ နေရာဌာနမှာ အရာအားလုံး အသစ်ကပြန်စဖို့ အခက်အခဲများစွာနဲ့ ကြိုးစားနေချိန်မှာ မေ့ရဲ့အေးရိပ်က သားကိုချွေးသိပ်စေခြဲ့ပန်တယ်။ ဟိုး....အဝေးကြီးကနေပြီး သားရဲ့ပူလောင်မှုတွေကို မေခံစားနားလည်နိုင်တယ်နော်။

ဖုန်းစပြောပြောချင်းပဲ မေငိုတယ်။ အသည်းမာတဲ့သားကတော့ မျက်ရည်ဝဲရင်းနဲ့ပဲ မေ့ငိုသံကိုတိတ်တိတ်လေး နားထောင်လို့ပေါ့။ စကားပြောဖြစ်တော့ “ဒီလောက်နှစ်အကြာကြီး အဆက်အသွယ်မလုပ်တာ သားကိုစိတ်မနာဘူးလားမေ” လို့ မေ့ကိုမေးမိတယ်။ မေပြန်ပြောတဲ့ တိုတိုရှင်းရှင်း စကားလေးတခွန်းက သားရင်ကို မြှားအစင်းပေါင်းများစွာ စိုက်ဝင်သလိုပါပဲမေ။ “မင်းက အမေ့သားလေ” တဲ့...။

မေနဲ့ဝေးကွာနေစဉ်မှာ ရပ်တည်ခဲ့၊ ရွေးချယ်ခဲ့တဲ့ဘ၀ကို အတိုချုံးပြီး မေ့ကိုပြောပြဖြစ်တယ်။ ရွေးချယ်ခဲ့တဲ့အလုပ်က ပိုက်ဆံရှာဖို့မလွယ်လို့ ပြန်လာရင် ဘာမှပါမှာမဟုတ်တဲ့ကြောင်း ပြောပြတော့ “သားရယ်တဲ့...... သားအမေ့အိမ်ကို အကျီ၊ ပုဆိုး ဘာတခုမှမပါဘဲ လာခဲ့ရင်လည်း အိမ်ပေါက်ဝကနေ အမေသားကို အ၀တ်ဆီးဖုံးပေးပါ့မယ်” တဲ့လား မေ။ ခုန၀ဲနေတဲ့ မျက်ရည်တွေက သူ့အလိုလိုကျလာတယ်မေ။ မေသိရင် မင်းဒီလောက်အသည်းမာတာကို မျက်ရည်ကျရလားလို့ ပြန်ပြောမယ်ထင်တယ်နော်မေ။

မေပြောသေးတယ်နော်။ “ဒီတခါတော့ ဘယ်မှမသွားတော့ဘဲ အမေ့နားမှာနေပြီး သားလုပ်ချင်ရာလုပ်ပါ။ အမေ့ကိုထပ်ပြီး မခွဲထားနဲ့တော့နော်” တဲ့။

သြော်..............မေရယ်။ မေ့သားရဲ့ နားခိုရာဟာ မေ့အိမ်လေးပဲဆိုတာ သိနေပေမယ့် မာနတွေ၊ အတ္တတွေခြုံပြီး မေ့အိမ်လေးကို အဝေးကနေပဲ မှန်းဆနေခဲ့တာပါ။ မေ့မေတ္တာက အဲဒီမာနတွေ အတ္တတွေကို ရိုက်ချိုးနိုင်ခဲ့တယ်။ သားမိုက်.......... မေ့ဆီရောက်အောင် ပြန်လာခဲ့မယ်မေ။

မောင်ပါလ
၁၁.၅.၂၀၁၂
(အမေများနေ့ အမှတ်တရ)

အပြည့်အစုံသို့.....

The Voice Weekly ဂျာနယ်ပါ အိမ်အကူသတင်းနှင့် သတင်းစာသမားဆိုတာ

>> Tuesday, May 1, 2012

အပတ်စဉ်ထုတ် The Voice Weekly: Vol.08/No.19 ပါ “ပြည်ပသို့ အိမ်အကူအဖြစ်စေလွှတ်ပါက ထိရောက်စွာ အရေးယူမည်” သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရတော့ ၀မ်းသာသွားရပေမယ့် သတင်းကိုထပ်ပြီး ဖတ်လိုက်တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိလို့ ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။

ဒီသတင်းကိုရေးသားသူသတင်းထောက်ဟာ အလုပ်သမားဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာထမ်းတဦး ဆိုတာကို ကိုးကားပြီး မလေးရှားကို အိမ်အကူစေလွှတ်ဖို့ဆိုတာဟာ ကောလာဟသ သတင်းသာဖြစ်ပြီး မဟုတ်မှန်ကြောင်းကို သတင်းအစပိုင်းမှာပဲ အကျယ်တ၀န့် ဖော်ပြသွားခဲ့ပါတယ်။ (ပုံမှာ ကျနော် High Light ဆွဲပြထားပါတယ်။) သတင်းဆိုလိုချက်အရ အိမ်ဖော်စေလွှတ်ဖို့ ကန့်ကွက်ပြောကြားနေသူအားလုံးဟာ အခြေအမြစ်မရှိတဲ့ ကောလာဟသတခုကို လုပ်ကြံဖြန့်ဝေနေကြတယ်လို့ သဘောသက်ရောက်နေပြီး ဖြန့်ဝေနေကြသူများကိုလည်း စော်ကားရာရောက်နေပါတယ်။


သတင်းထောက်ကိုးကားခဲ့တဲ့ အရာထမ်းဆိုသူဟာ ဒီလိုမျိုး ပြည်သူအပေါင်းဝမ်းသာပြီး သောင်းသောင်းဖြဖြကြိုဆိုကြမယ့် သတင်းမျိုးကိုတောင် နာမည်၊ ရာထူး မဖော်ပြရဲတာဟာ သတင်းရဲ့တိကျခိုင်လုံမှုအားကို ကျဆင်းစေပါတယ်။

ယနေ့အင်တာနက်စာမျက်တွေမှာ ကျနော်တို့ ရေးသားဖြန့်ဝေနေကြတဲ့ အိမ်အကူပို့ဖို့ ကန့်ကွက်နေကြတာတွေဟာ တိကျခိုင်လုံစွာနဲ့ ပေါ်ထွက်လာခဲ့တဲ့ အထောက်အထားတွေကိုကိုးကားပြီး ရေးသားကန့်ကွက်နေကြတာပါ။ ကောလာဟသ မဟုတ်ပါဘူး။ လုပ်ကြံရေးနေကြတာ မဟုတ်ပါဘူး။ မခိုင်လုံတဲ့နေရာက ထွက်ပေါ်လာတဲ့ အမည်မဖော်လိုသူကို ကိုးကားထားတာ မဟုတ်ပါဘူး။


ဖော်ပြပါ သတင်းစာဖြတ်ပိုင်းတွေဟာ မလေးရှားနိုင်ငံက နေ့စဉ်ထုတ်သတင်းစာတွေပါ။ အင်္ဂလိပ်ဘာသာနဲ့ တနိုင်ငံလုံးကိုဖြန့်ချိပြီး တနေ့ကို စောင်ရေသန်းချီပြီး ရောင်းနေရပါတယ်။ အင်တာနက်ဝက်ဆိုဒ်မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။ မလေးရှားနိုင်ငံထုတ် သတင်းစာတွေမှာရေးထားတာ ယနေ့ကျနော်တို့ ပြောဆိုရေးသားနေကြသလို မလေးရှားနိုင်ငံက မြန်မာပြည်မှနေပြီး အိမ်ဖော်ပို့ပေးဖို့ တောင်းဆိုနေတာတောင် မဟုတ်ပါဘူး။ “မြန်မာအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ မြန်မာပြည်မှ အိမ်အကူခေါ်ယူရေးကိစ္စကို လက်ခံစဉ်းစားပေးဖို့ သဘောတူထားပါတယ်” လို့ ရေးသားဖော်ပြနေကြပါတယ်။ The Voice Weekly ဂျာနယ်ပါသတင်းနဲ့ ဘယ်ဟာက ပိုပြီးတိကျခိုင်လုံမှုရှိသလဲဆိုတာ ယှဉ်ပြီးစဉ်းစားပေးနိုင်ဖို့ပါ။

သတင်းမှာ မြန်မာအမျိုးသမီးတွေကို အိမ်အကူ၊ စားသောက်ဆိုင်၊ ဖျော်ဖြေရေးလုပ်ငန်းတွေအတွက် မစေလွှတ်ဖို့ မူဝါဒချမှတ်ထားတယ်လို့ ဆိုထားတဲ့ပါတယ်။ မတ်ခ်ျလ ၂၈ ရက်နေ့က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်နာဂျစ်တို့ အိမ်အကူကိစ္စဆွေးနွေးကြရာမှာ သမ္မတဦးသိန်းစိန်ဟာ မိမိတိုင်းပြည်က တရားဝင်ချမှတ်ထားတဲ့ မူဝါဒကို ဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ်နာဂျစ်ကို ချပြခဲ့ခြင်းမရှိဘဲ ယနေ့အိမ်အကူစေလွှတ်ဖို့ ကိစ္စတွေ ပြည်သူကြားမှာ နှစ်နိုင်ငံကြားမှာ ပေါ်ပေါက်လာခဲ့ရသလဲဆိုတာလည်း သတင်းထောက်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

သတင်းစာသမားတယောက်ဟာ ကိစ္စတခုနဲ့ပတ်သတ်ပြီး အင်တာဗျူးတော့မယ်ဆိုရင် မိမိအင်တာဗျူးမယ့်ကိစ္စကို အပြည့်အစုံမဟုတ်တောင် တီးမိခေါက်မိ ပြောနိုင်ဆိုနိုင်ရုံလောက် သိသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အင်တာဗျူးဖြေသူရဲ့ ပြောစကားအားလုံးကိုသာ အင်း၊ အဲ၊ ဟုတ်ပါတယ်၊ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်နဲ့ပဲ ပြီးသွားပြီး ပြောသမျှကို သတင်းရေးချလိုက်မယ်ဆိုရင် အဲဒီ သတင်းစာ၊ ဂျာနယ်ဟာ အင်တာဗျူးဖြေသူ (နိုင်ငံရေးသမား၊ အစိုးရ) ရဲ့ ပေါ်လစီ၊ မူဝါဒတွေကိုသာ ဖော်ပြတဲ့ ၀ါဒဖြန့်ချိရာ နေရာတခုသာဖြစ်သွားပြီး မိမိကိုယ်ပိုင်မူဝါဒမရှိတဲ့ ဂျာနယ်တခုသာ ဖြစ်သွားနိုင်တယ်လို့ သင်တန်းတခုက သတင်းစာဆရာတယောက်ရဲ့ ပြောကြားမှုကို သတိရမိပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီးတော့ စာမရေးခင်မှာ မိတ်ဆွေတယောက်နဲ့ ပြောမိတော့ သတင်းထောက်တယောက်ဟာ သတင်းတပုဒ်ကို ၃၀၀၀ ကျပ်လောက်ပဲရတော့ ရတဲ့ပိုက်ဆံနဲ့ အများကြီးစုံစမ်းလို့ မဖြစ်နိုင်ပါဘူး လို့ သူကပြောပါတယ်။ ဒါကိုလည်း ကျနော်တို့ဟာ နားလည်ပေးနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် တိတိကျကျစုံစမ်းဖို့ သေသေချာချာမေးဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း တိကျခိုင်လုံစွာနဲ့ မိမိအကျိုးအမြတ်မပါဘဲ ရေးသားနေကြတဲ့လူတွေကို စော်ကားရာဖြစ်စေတဲ့ ရေးသားမှုမျိုးကိုတော့ ရှောင်ကြည်သင့်ပါတယ်။ ပြောရရင် သတင်းထောက်ကမှ ၃၀၀၀ ကျပ် ရပါသေးတယ်။ မဖြစ်စေလိုလို့ ရေးသားဖြန့်ဝေနေကြသူအားလုံးဟာ ကိုယ့်ထမင်းကိုယ်စားပြီး မိမိလူမျိုးအတွက် မိမိတတ်နိုင်သလောက် စွမ်းဆောင်နေကြတဲ့သူတွေချည်းပါ။

ကျနော်ခုလိုရေးတာဟာ တစုံတယောက်ကိုတိုက်ခိုက်ဖို့၊ နစ်နာစေဖို့ ရေးခြင်းမဟုတ်ဘဲ သတင်းဖတ်မိပြီး စိတ်မကောင်းဖြစ်မိလို့ ရေးခြင်းသာဖြစ်ပါတယ်။ ယခုသတင်းခေါင်းစဉ်နဲ့ပတ်သတ်ပြီး ၀မ်းသာမိသလို ယခုထက်ပိုပြီး တိကျခိုင်လုံစွာ ထွက်ပေါ်လာမယ့်သတင်းကိုလည်း အတိုင်းမသိ ၀မ်းမြောက်စွာ စောင့်မျှော်နေပါတယ်။

မောင်ပါလ
၁.၅.၂၀၁၂

အပြည့်အစုံသို့.....

မလေးရှားရောက် နိုင်ငံခြားသားအိမ်ဖော်များ၏ ရင်နင့်ဖွယ်ရာ ဘ၀ဖြစ်ရပ်မှန်များ

>> Sunday, April 29, 2012

မြန်မာနိုင်ငံမှ အိမ်ဖော်ခေါ်ယူရေးအတွက် မလေးရှားမှ ကြိုးပမ်းနေမှုများကြောင့်၊ မလေးရှား တွင်အိမ်ဖော်များ မည်သို့ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ မတရားမှုများနှင့် ကြုံတွေ့နေရသည့်အခြေ အနေများအားတတ်နိုင်သမျှ ရှာဖွေရေးသားခဲ့သမျှကို PDF ဖြင့် တင်ပေးလိုက်ပါသည်။ သူငယ်ချင်းများအားလုံး တတ်နိုင်သမျှ ရှယ်ပေးကြပါရန် နှင့် ပြည်တွင်းမှ ညီအကိုမောင်နှမများ သိရှိနားလည်ကြစေရန်အတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

ဒေါင်းလုပ်လုပ်ရန်

Maids Stories(1)

အပြည့်အစုံသို့.....

သခင်ခေတ်သို့တမ်းချင်း (လေးချိုး)

>> Wednesday, April 25, 2012

“သခင်ခေတ်သို့တမ်းချင်း”
(လေးချိုး)

ရှေးပဝေသဏီ တွေးကာမှန်းရင်ဖြင့်
ဘေးဘီဘင်တွေ တခေတ်ဆန်းကာပ
ဇာတိမာန် တလျှံလျှံတိုးပေသမို့
မြန်မာတွေ သခင်မျိုးရယ်လို့
ဟိုးလေးရယ်တဲ့ တကြော်ကြော်။

(သြော်) ဘုရားပဲစူးရစေ့
ကြားဖူးပေဟိုယခင်က
မြန်ပြည်တခွင် သာစေကြောင်းတွေနဲ့
အာရှကိုခါးစောင်းတင်လို့
ဥဒေါင်းသံ အာကာယံဖုံးကာလွှမ်းလေတော့
ဘုန်းသမ္ဘာတွေနဲ့ ပြုံးကာပျော်။

ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပေမယ့်
ဇာတိမာန် ဂုဏ်အင်္ဂါ မတိုးခဲ့နိုင်ဘု
မျောက်သရမ်းကို ပလ္လင်အပ်မိလေတော့
ရှိသမျှတွေ တက်တက်ပြောင်ငဲ့ပြင်
ကမ္ဘာမှာ လှောင်စရာသတ္တ၀ါတမျိုးရယ်လို့
မြန်မာတွေ အဖြစ်ဆိုးနဲ့တိုးပါကွဲ့
ကျွန်မျိုးရိုးလို့ နာမည်ကျော်
(အိုကွယ်) အတော်မိုက်လေတဲ့ အစိုးရမင်း။

မလျော်ကန် အကြံမိုက်တွေနဲ့
လမ်းလွဲကို လိုက်ကြအုံးမဟဲ့လို့
မြန်ပျိုနှမတွေကို အိမ်ဖော်ဘ၀မှန်းကာပ
ကြိုက်ဈေးကိုညှိကြပြန်ပါပေါ့
ဒို့မြန်မာသခင်မျိုးရယ်လို့
ရင်တွင်းမှာ အခါခါဟစ်သော်လည်း
ကျွန်တွင်းမှာ နစ်သထက်နစ်လေတော့
(အဘိုးမှိုင်းရယ်) ရာဇ၀င်ရိုင်းလိုက်လေခြင်း။

မောင်ပါလ
၂၅.၄.၂၀၁၂

အပြည့်အစုံသို့.....

မလေးရှားဝန်ကြီး၏ မုဒိန်းကျင့်ခံရသော အင်ဒိုနီးရှားအိမ်ဖော်နှင့် မလေးရှားဥပဒေ

မလေးရှား ကဘိနက်ဝန်ကြီးတစ်ဦးက သူ့အိမ်ဖော်ကိုမုဒိန်းကျင့်သည့်လူမဆန်သည့်လုပ်ရပ်အတွက် မည့်သို့သောတရားစီရင် မှုမှပေါ်ထွက်မလာဘဲ ၀န်ကြီးအဖွဲ့မှ ဖုံးဖိကာကွယ်ပေးခြင်း၊ သတင်းမထွက်ပေါ်စေခြင်း၊ သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်း စသောလုပ်ရပ်များကြောင့် မလေးရှားသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့်တရားမျှတမှု အဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။

Robengah (MeRobekNgah)

လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည် သူတို့ဘလော့များတွင်၊ မလေးရှား၏ လက်ရှိတာဝန် ထမ်းဆောင်နေသောဝန်ကြီး တစ်ဦးက သူ၏အိမ်ဖော်ကိုမုဒိန်းကျင့်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ (ယခင်ဝန်ကြီးချုပ် Tun Abdulla Ahmad Badawi လက်ထက် -၂၀၀၇- ခုနှစ်)။ (ထိုအချိန်က Najib Abdul Razak သည် ဒုတိယ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေ ခဲ့သည်)။

ဝန်ကြီးချုပ် Badawi သည် ဤမတရားမှုကိုဖုံးဖိပေးခဲ့ပြီး၊ ထိုဝန်ကြီးအား တာဝန်ရာထူးကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ ကဘိနက်အဖွဲ့ တွင်လည်းမည်သို့သော ဝေဖန်မှုမှမရှိဘဲ၊ သတင်းမထွက်ပေါ်အောင်၊ အားလုံးသေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ မတရားမှုခံခဲ့ရသော မိန်းခလေးကို အင်ဒိုနီးရှားသို့ ချက်ချင်းပြန်လည်ပို့ဆောင်ခဲ့သောကြောင့်၊ သူမအမှုမှာ မလေးရှားတရားဥပဒေ ၀န်းကျင်တွင်လုံးဝဖော်ပြခွင့် မရခဲ့ရှာပါ။

သူမ အင်ဒိုနီးရှားနိုင်ငံသို့ပြန်ရောက်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး (အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့) မှကြိုးပမ်းဖော်ထုတ်သသောအခါတွင်မှ၊ ထိုအဖွဲ့သို့တင်ပြ၍ အစီအရင်ခံစာထွက်ပေါ်ခဲ့သည်။

ထိုဖြစ်ရပ် မှန်၊မမှန်ကို မည်သူမှ ဝေဖန်ခြင်းမပြုမီ မလေးရှားဘလော့ဂါတစ်ချို့မှ ၀န်ကြီးနာမည်ကိုဖော်ထုတ်ခဲ့ကြသည်။ ၀န်ကြီးအဖွဲ့မှမည်သို့သော ပြောဆိုမှု၊ ထုတ်ပြန်မှုတို့နှင့်မှ မတုံ့ပြန်ခဲ့ပါ။

အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေးသည် အစီအရင်ခံစာကို အင်တာနက်စာမျက်နှာများပေါ်တင်ခဲ့ရာ၊ ၀န်ကြီးအမည်နှင့် အိမ်ဖော် အမည်ပါသော စာမျက်နှာဟူသမျှအားလုံး၊ အဟက် (Heck) ခံရခြင်း၊ ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ သို့သော် အချို့ဘလော့ဂါများမှာ အချိန်မီ သတင်းအတိအကျ ရခဲ့ကြသည်။ အချို့စာမျက်နှာများမှာ တိုက်ခိုက်ရန်ခက်ခဲ၍၊ ၀န်ကြီးနာမည်နေရာကို အနက်ရောင်ဟိုက်လိုက် (High-light) ဖြင့် ပိတ်ထားနိုင်အောင်ထိ မလေးရှားဘက်မှ ဆောင်ရွက်ခဲ့သည်။ သို့သော် Wikileaks စာမျက်နှာပေါ်ရောက်သွားသည့် အချိန်တွင် ဖုံးဖိ၍မရနိုင်တော့ပါ။

အစိုးရလက်ကိုင် မလေးရှားရဲများကလည်း ဤအမှုသတင်းပေါ်ထွက်ခဲ့သောကြောင့် များစွာခုခံပြောဆိုခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များက ဖြေရှင်းချက်များရှင်းလင်းချက်များ ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း၊ ဒုတိယ၀န်ကြီးချုပ် နာဂျစ် (ယခုဝန်ကြီးချုပ် နာဂျစ်) သည်အဖက်ဖက်မှ ခုခံ ကာကွယ် ဖုံးဖိခဲ့သဖြင့်၊ တရားမျှတမှုနှင့် တရားစီရင်မှုများ မရှိခဲ့ပါ။

မလေးရှားအစိုးရသည် အံ့သြစရာကောင်းလောက်အောင် ဥပဒေကိုမထီမဲ့မြင်၊ ပြုခဲ့သည်။ Wikileaks မှဤအမှုကိုဖွင့်ချခဲ့သည့်အချိန်၌ မလေးရှားအစိုးရအဖွဲ့သည် သူတို့အတိုက်ခံပါတီခေါင်းဆောင် Anwar Ibrahim ကိုမဟုတ် မတရားစွပ်စွဲပြီး၊ အများပြည်သူများ သို့လောသို့လောထင်မြင်အောင် အာရုံလွှဲခဲ့ကြသည်။ Wikileaks ၏ဖော်ထုတ်မှုကြောင့် အင်တာနက်စာမျက်နှာများ သို့ပြန့်နှံ့ခဲ့သည်။
Wikileaks ဖွင့်ချမှုအရ၊ ယခင်မလေးရှားဝန်ကြီးချုပ် Abdullah Ahmad Badawi တာဝန်ထမ်းဆောင်နေစဉ်၊ ဤအမှုဖြစ်ပွားခဲ့သည်။

ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံနှင့် နိုင်ငံရေးရာပြဿနာများရှိလာနိုင်သည့်အတွက် မျက်ကွယ်ပြုကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းများ ပြုလုပ်ခဲ့သည် ဆိုပါသည်။ ထိုစဉ်က ယခုလက်ရှိဝန်ကြီးချုပ်နာဂျစ်သည် ကဘိနက်တာဝန်ရှိသူ ဖြစ်ခဲ့သည်။ နာဂျစ်ဝန်ကြီးချုပ်ဖြစ်လာသည့် ယခုအချိန်ထိလည်း အမှုကို ဖုံးဖိထားဆဲ ဖြစ်ပါသည်။

အင်ဒိုအိမ်ဖော်ကို သူမုဒိန်းမကျင့်ပါဟု ပြောသော …. Rais Yatim



ရိုက်(စ)ယာတင်

အင်တာနက်အွန်လိုင်း စာမျက်နှာများပေါ်တွင်ဖော်ပြခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်ကိုဒိန်းမှုကျူးလွန်သောဝန်ကြီးဆိုသူမှာ သတင်းဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဖြစ်သူ၊ Rais Yatim ဖြစ်ပါသည်။ သူသည် သူအပေါ်စွပ်စွဲသောမုဒိန်းမှုကို သူလုံးဝမလုပ်ခဲ့ကြောင်း၊ ငြင်းဆိုခဲ့သည်။ ယင်းမှာ အတိုက်ခံပါတီနှင့် နိုင်ငံရေး သမားဘလော့ဂါများက သူ့အားနာမည်ဖျက်သိက္ခာ ကျအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ကြေငြာခဲ့သည်။



ရိုက်(စ)ယာတင်နှင့် ဘာဒါဝီ

သူက သူကိုဤအမှုနှင့် ပတ်သက်၍ ရေးသားစိန်ခေါ်မှုမှန်သမျှကို နိုင်ငံတရားရုံးတွင်ဖြေရှင်းလိုက အချိန်မရွေး ဖြေရှင်းမည်ဟု ပြောခဲ့သည်။ (Wikileaks ကဖွင့်ချပြီး။)

သူသည် သူ့အကြောင်းရေးသားသောဘလော့ဂါကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ သို့သော် ရဲများက စစ်ဆေးမှုများပြုလုပ် သည့်အခါ၊ ရေးသားထားသော အချက်အလက်များမှာ NGO အစီအရင်ခံစာများနှင့် Wikileak တို့မှကိုးကားထားသည်ကိုတွေ့ရ၍ ဘလော့ဂါကို တိုးတိုး တိတ်တိတ် ပြန်လွှတ်ပေး ခဲ့သည်။ ထို့နောက် Rais သည်သူ့အားကာကွယ်ပေးသော ၀န်ကြီးအဖွဲ့ကိုသာ၊ အားကိုးရတော့ သည်။



ဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ

ဘလော့ဂါက ဖြေရှင်းချက်ထုတ်သည်မှာ သူသည် စွပ်စွဲသူမဟုတ်၊ သူကြားသည်ကို စမ်းစစ်၍ရေးသည်။ အထောက်အထားခိုင် လုံသည်ကို သူကိုးကားသည်။ Rais Yatim သည်လည်း ယခင်က သတင်းလွတ်လပ်မှုကိုအားပေးသူအဖြစ် နာမည် ရ၍ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ သူပြောခဲ့ သောမိန့်ခွန်းတစ်ခုမှ အဆိုအရ၊ သတင်းသမားဟူသည် နိုင်ငံရေးနှင့် နယ်ပယ်အသီးသီး မှ ပြည်သူအတွက်ကိုယ်စားပြုဆောင်ရွက်နေသူများကို တစိုက်မတ်မတ်စောင့်ကြည့်ထိန်းကျပ်ပေးသူများ ဖြစ်သည့်အတွက် နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည် ဟုပြောခဲ့သည်။ သူပြောခဲ့သည် ကိုကိုးကား၍ အများက လွပ်လပ်စွာစုံစမ်းရေးသားခွင့်၊ မေးမြန်း ခွင့်နှင့် ဖြစ်ရပ်မှန်ကို ကြေငြာချက်ထုတ်ပေးရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။ (Malaysiakini News)

ဘလော့ဂါများစွာတို့သည် ဤကိစ္စကိုရေးသားခဲ့ကြပြီး၊ အများပြည်သူကို သိအောင်သတင်းပေးခဲ့သည်။ ယင်းတို့အနက်မှ ဘလော့ဂါ Bunny Bru (Rocky Bru) ၏ရေးသားချက်ကိုဖော်ပြလိုက်ပါ သည်။ သူ၏ရေးသားချက်ကို က၀ီကီလိ(ခ) ဖွင့်ချစာမျက်နှာတွင် ကိုးကားခဲ့သည်။



တရားခံ ရိုက်(စ)ယာတင် ဒီလို ပြစ်ဒဏ်ခံရသင့်တယ် (၀ီကီလိ(ခ)မှပုံတစ်ပုံ)

ဘလော့ဂါ Bunny Bru ရေးသားဖော်ထုတ်ခဲ့သော သတင်း….

ဝီကီလိ(ခ): မလေးရှားထိပ်တန်းနိုင်ငံရေးသမားနှင့် သူအိမ်ဖော်အတွင်းရေး? ၂၃- ဒီဇင်ဘာ ၂၀၁၀ (၀ီကီလိ(ခ) ကရေးသော ခေါင်းစဉ်)

အိမ်ဖော်လေးကို မုဒိန်းကျင့်သတဲ့လား။ ။ (၂၀၀၇)။ ကျနော်အနေနှင့် မည်သို့ပင်ဖြစ်စေဤအကြောင်းအရာကို စိတ်ထိန်းစေကာမူ၊ မရနိုင်သဖြင့် ရေးသားလိုက်ရပါသည်။ ၀ီကီလိ(ခ)က ဖွင့်ချခဲ့သောစာများတွင် မလေးရှားကဘိနက်အဖွဲ့ဝင်ဝန်ကြီးတစ်ဦးက သူ့၏အိမ်ဖော်အင်ဒိုနီးရှားနိုင်ငံသူကို မုဒိန်းကျင့် သည်ဟုတွေ့လိုက်ရသည်။

သေချာမသေချာသည်ကို ကျနော်မည်သို့မှမပြောနိုင်ပါ။ မပြောလိုပါ။ သို့သော် တစ်ချို့အသိုင်းအ၀ိုင်းတွင် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပါသည်။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့များ (NGOs) ကလည်းဤအမှုသည် ဖြစ်ခဲ့သည်ဟု ရေးသားအစီအရင်ခံမှု များရှိနေသည်ကို ကြားသိရသည်။



ရိုက်(စ)ယာတင်အမှုနှင့်ပတ်သက်၍ ၀ီကီလိ(ခ)မှ ပုံတစ်ပုံ

မုဒိန်းမှုမှာ လွန်ခဲ့သော ၃-နှစ်က ဖြစ်ခဲ့သည်။ အစီအရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအလယ်ပိုင်း၊ ရွာလေးတစ်ရွာတွင် နေထိုင်သော အိမ်ဖော်ထံသို့သွားရောက်၍ မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုမှရလဒ်ကို အစီရင်ခံစာပြုလုပ်၍အမေရိကန်သံရုံး၊ အင်ဒိုနီးရှားသံရုံးတို့ မှ ထိပ်တန်းအရာရှိများသို့တင်ပြခဲ့ကြောင်းသိရသည်။ ထိုသတင်းရင်းမြစ်အဆိုအရ အစီရင်ခံစာကော်ပီတစ်စုံကို ၀န်ကြီးချုပ်ရုံး သို့ပေးပို့ခဲ့ကြောင်းသိရပါသည်။ (ထိုအချိန်က ၀န်ကြီးချုပ်အဖြစ် Abdullah Ahmad Badawi)

အိမ်ဖော်လေးသည် ထိုနိုင်ငံရေးသမားအိမ်တွင် အမှုမဖြစ်ပေါ်ခင် ၈-နှစ်မှစ၍အိမ်ဖော်အလုပ်လုပ်ခဲ့သည်။ သူမသည် အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်း အလယ်ပိုင်းမှ ဖြစ်ပြီး၊ အိမ်ထောင်သည်တစ်ဦးဖြစ်ကာ၊ ကလေးနှစ်ယောက် မိခင်လည်းဖြစ်ပါသည်။ အစီအရင်ခံစာတွင် ဖော်ပြချက်တစ်ခုမှာ မုဒိန်းမှု ကိုလင်ယောက်ျားဖြစ်သူ သိရှိသော်လည်း ကလေးများကို မသိစေကြကြောင်း ဖြစ်သည်။

သူတို့သည် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်နှင့် ရှက်သောကြောင့် သတင်းစာများနှင့် ဂျာနယ်များတွင် မဖော်ပြခဲ့ပါ။
ဘန်နီဘရူး (ရော့ကီးဘရူး)
…………………….
ဘန်နီဘရူးသည် ထိုအတောအတွင်း မလေးရှားလုပ်ကြီးများကုမ္ပဏီများနှင့် Rais Yatim ပတ်သက်မှုပို့(စ)တစ်ပုဒ် ရေးသားခဲ့သည်။ ထို့ကြောင့် Rais Yatim ကသူ့ကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
………………………………………
သူ၏ဘလော့ကို Rais Yatim အမှုဖွင့်ထားသည့်အကြောင်းကို ဘလော့စာမျက်နှာတွင် အောက်ပါအတိုင်းသတ္တိရှိရှိ ရေးသားဖော်ပြသည်။

ကျနော် ဘလော့ကို Rais Yatim ကတရားစွဲလိုက်ပါပြီး…..

ဘာဖြစ်နေတာလဲ ၀န်ကြီး..? ကျနော်ရေးသားခဲ့သော ပို့(စ)နှစ်ခုသည် သူ့ကိုမတရားစွပ်စွဲသည်ဆိုကာ Rais Yatim ကကျနော်ကို ရဲစခန်းတွင် အမှုဖွင့်လိုက်ပါပြီး။ Rais ဘာကြောင့်ရဲစခန်းတွင် အမှုဖွင့်ရကြောင်းကို ကျနော် နားမလည်ပါ။ မည်သည့်ကဘိနက် ၀န်ကြီးမှ၊ ဘလော့ဂါကို အမှုမဖွင့် ဖူးပါ။ မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာဌာနမှ ကျနော်ကို ဆင့်ခေါ်ထားပါသည်။

ကျနော်၏ ဘလော့နှင့်ပတ်သက်၍ တရားစွဲဆိုထားခြင်းကြောင့်၊ ရဲအဖွဲ့ကသူတို့ကိုကျနော်ဘလော့အား စစ်ဆေးပါရန်ပန်ကြားလာ၍ ဆင့်ခေါ်ခြင်း ဖြစ်ကြောင်း ပြောပါသည်။ ကျနော်သွားပါမည်။ ဘလော့ဂါတစ်ဦး၏ သိက္ခာနှင့် သတင်းလွတ်လပ်မှုအတွက်ကျွန်ုပ်ရှောင် တိမ်းမည် မဟုတ်ပါ။ ရဲအဖွဲ့မှာ ကျနော်အားယခုထိလာရောက်စုံစမ်းခြင်း မပြုသေးပါ။ မကြာမီ လာရောက်နိုင်သည်ဟုသာ ယူဆရသည်။ သတင်းသမားများကို အားပေး သော Rais ၏ဖြစ်ရပ်မှန်သတင်းအမှန်ကို ကျနော်သည် သက်ဆိုင်သူများအား အထောက်အထားခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်တော့မည်ဟု ကျနော် ကျေနပ်နေမိပါသည်…။
………………………………..



ဘလော့ဂါ ဘန်နီဘရူး

ဘန်နီဘရူးသည် ဂျာနယ်လစ်သတင်းစာဆရာတစ်ဦးဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများစွာ၏ အတိုင်ပင်ခံဖြစ်သည်။ သူသည်ဤအမှုကြောင့် ကန့်သတ် ချုပ်ချယ်ခြင်းများ ခံနေရသည်။ မလေးရှား Blog House ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
……………………………….
လူများစွာတို့သည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မလေးရှားသို့ပြန်ခေါ်ပြီး၊ စုံညီသတင်းစာရှင်းလင်းပွဲလုပ်ပေးရန်တောင်းဆိုခဲ့သည်။ အကယ်၍ Rais သည်မှန်ကန်ပါက သူ့ဘက်မှ ဥပဒေကရပ်တည်ပေးမည်ဖြစ်သည်။ ထို့သို့မဟုတ်လျှင်လည်း နှစ်နိုင်ငံ ရဲများမှ ထိုမိန်းခလေးကို စစ်ဆေးချက်ယူ၍ အမှန်ကိုရှာဖွေသင့်သည်။ ဤသို့သောသတင်းကို ပြည်တွင်းသတင်းစာများတွင် ဖော်ပြသင့်သည်။
Pure Malaysian က ပြောသည်မှာ မလေးရှားသည် အိမ်ဖော်ကိစ္စနှင့်ပတ်သက်လျှင် Nirmala Bonat အမှုကြောင့် မလေးရှားသည် အပြည်ပြည်ဆိုင် ရာတွင် နာမည်ပျက်နေရပြီး ဖြစ်သည်။ ထိရောက်မှုမရှိသော်လည်း လူသိရှင်ကြားတရားရေးများဆာင်ရွက်နေသည်။

ယခုအမှုကို အဘယ်ကြောင့် တရားရေးရာစီစဉ်မှု နှင့် ဖြစ်ရပ်မှန်ကို လူအများသိအောင် မလုပ်ရသနည်း။ ဟုဆိုပါသည်။ မည်သူမဆို သက်သေသက္ကာယနှင့် အခိုင်အလုံစွဲချက် အတင်မခံရသရွေ့အပြစ်ရှိသည်ဟု ပြောမရပါ။ အပြစ်ရှိလျှင်လည်း ၀န်ကြီးရာထူး ပင်ဖြစ်စေ နှုတ်ထွက်ပြီး၊ တရားဥပဒေ၏ အဆုံးအဖြတ်ကို ခံယူ ရမည်ဖြစ်သည်။

ယခုဝန်ကြီးချုပ် Najib Razak ကလည်း ဤအမှုကို ရေငုံနှုတ်ပိတ်ဆက်နေမည်ဆိုရင် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဆိုးကျိုးရလာဒ်များ ရှိလာနိုင်သည်။

PKR ပါတီမှလူငယ်ရေးရာ ခေါင်းဆောင် Shamsul Iskandar Mohd Akin ကပြောသည်မှာ NGO Migrant Care ၏အစီအရင်ခံစာကို အင်ဒိုနီးရှား အလုပ်သမားများ အကျိုးအတွက်စဉ်းစားဖြေရှင်းပေးသင့်သည်ဟုဆိုလိုက်သည်။ လူငယ်ရေးရာ၏ လေ့လာချက်အရ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၉၊ ရက်နေ့တွင် အင်ဒိုနီးရှားအိမ်ဖော်မှာ မုဒိန်းကျင့်ခံခဲ့ရပြီး၊ သူမကိုနေရပ်ကို ချက်ချင်းပြန်ပို့ခဲ့ကြောင်း၊ သူမနှင့် သူမအမေတို့သည် ဤကိစ္စကို မည်သူကို မှမပြောရန်အတွက် ဖိအားပေးခြိမ်းခြောက်ခံထားရကြောင်း တွေ့သိခဲ့ရသည်။

ဝန်ကြီးချုပ် ဘာဒါဝီသည် နိုင်ငံရေးအရှုပ်တော်ပုံကို အရေးမယူခြင်း၊ ထုတ်ပယ်ခြင်း မပြုသည့်အပြင် ကာကွယ်ပေးမှုများလုပ်ခဲ့သည်။
ထို့ကြောင့် လူငယ်ရေးရာက ယခုလက်ရှိ ၀န်ကြီးချုပ်နာဂျစ်လက်အောက်တွင် ကဘိနက်ဝန်ကြီးတစ်ဦးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင် နေသော ထိုဝန်ကြီးအား၊ ဤကိစ္စအမှန်ကို လူအများသိအောင်ရှင်းလင်းပေးပါရန် တောင်းဆိုခဲ့သည်။

ယခုမလေးရှားဝန်ကြီးချုပ်နာဂျစ်သည် ထိုသို့ လိင်မှုကျူးလွန်သူကို ၀န်ကြီးအဖွဲ့တွင် သိလျက်နှင့် ဆက်လက်ခန့်ထားခဲ့သည်။ အဆိုးဆုံးမှာ ဤကိစ္စသည် မလေးရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံ အရေးဖြစ်သဖြင့် ဆက်လက်ပြီး ၀န်ကြီးချုပ်အသစ် အနေနှင့် ရေငုံနှုတ်ပိတ်မနေသင့်ကြောင်း ပြောဆိုသည်။ Shamsul Iskandar က ၀န်ကြီးချုပ် နာဂျစ်အား၊ ဤအမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ၊ ပြုလုပ်ပေးရန်တောင်းဆိုလိုက်သည်။ သို့မှသာ မလေးရှားနိုင်ငံ၏ နိုင်ငံရေးနှင့် အမည်သည် နိုင်ငံတကာသံသယများကြားမှ ပြန်လည်ရှင်သန်ခွင့်ရမည် ဖြစ်ကြောင်းသတိပေးသည်။

လူငယ်ရေးရာက အမှုဖွင့်ခဲ့….

PKR ပါတီမှ လူငယ်အဖွဲ့ဖြစ်သော Solidariti Anak Muda Malaysia (SAMM - လူငယ်များအဖွဲ့) မှ Nor Azizi Abd Aziz သည် ဤကိစ္စကို တရားလိုပြု၍ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ SAMM အဖွဲ့ခေါင်းဆောင် Badrul Hisham Shaharin သည် Nor Azizi နှင့်ရဲစခန်းသို့လိုက်ပါခဲ့သည်။

Badrul Hisham က Malaysiakini သတင်းစာသို့ပြောသည်မှာ သူတို့သည် Migrant Care အစီအရင်ခံစာအပါအ၀င် အခြားစာတမ်းများကို ရဲစခန်းသို့ပေးအပ်ခဲ့ကြောင်း၊ Nor Azizi ၏တရားစွဲဆိုမှုကို လက်ခံကြောင်း၊ နှင့် ရဲအဖွဲ့က သူတို့ထံမှ နောက်ထပ်မည်သည့် သတိပေးချက်မှ မရသေးဘဲ ဤသတင်းနှင့် ပတ်သက် ၍ထုတ်ပြန်ခြင်း မပြုရန်သူတို့အား တောင်းဆိုလိုက်ကြောင်း ပြောဆိုသည်။ “ရဲဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်မယ်လို့ထင်ပါတယ်” ဟုသူကပြောသည်။

ထို့ပြင် PKR လူငယ်မှ အဖွဲ့များကိုအင်ဒိုနီးရှား သို့စေလွှတ်ပြီး သတင်းအတိအကျ ရရှိရန် တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ပြောပါသည်။ အစီခံစာအရ အိမ်ဖော်မလေးမှာ အင်ဒိုနီးရှားသို့ချက်ချင်းပြန်ပို့ခံခဲ့ရသည်။

သူမ၏ ညီမငယ်မှာ မလေးရှားသို့လာရောက်၍ သူမ အစ်မကြုံတွေ့ခဲ့ရမှု ကို ဥပဒေအရဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာများနှင့် ဆက်သွယ်ကြိုးစားလျက်ရှိပါသည်။ သူမက သူမအစ်မအားကျူးလွန်စော်ကားခဲ့သော၊ ၀န်ကြီးမှာ ငွေကြေးများစွာချမ်းသာသည့်အပြင်၊ အင်ဒိုနီးရှား သူ၏သြဇာခံများစွာရှိကြောင်း စသည်ဖြင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း မလေးရှားရှိ အမေရိကန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံး များသို့တင်ပြခဲ့သည်။ PKR မှသူမ၏အမည်ကို မထုတ်ပြန်ခဲ့။ သူမအသက်လုံခြုံရေးကို စိုးရိမ်သော ကြောင့်ဖြစ်သည် ဟုဆိုသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆင်တူအမှုတွင် Altantuya Shaariibuu (မွန်ဂိုးလီယား နိုင်ငံသူ၊ မိုဒယ်) သည်မလေးရှားတွင် အသတ်ခံခဲ့ရ၍ ဖြစ်သည်။ မုဒိန်းမှုသည် မလေးရှားဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အများဆုံး အနှစ် -၂၀- နှစ် နှင့် ကြိမ်ဒဏ် ခံရမည်ဖြစ်သည်။ ဥပဒေက တရားခံကို ကာကွယ်ပေးထားသော်လည်း၊ အင်တာနက်နှင့် မီဒီယာများက သူမအတွက် များစွာကြိုးပမ်းခဲ့ကြ သည်။ မီဒီယာဘက်မှလည်း သူတို့သည် ၀န်ကြီးကို ဖြစ်ရပ်မှန်မဖော်ပြမချင်း၊ ဥပဒေအရ မဖြေရှင်းမချင်း ရေးသားဖော်ပြမှုများကို ရပ်မည်မဟုတ်ဟု ပြောလိုက်သည်။ (အစီအရင်ခံစာ - S Pathmawathy, Malaysiakini)

သတင်းစာဆရာ...Steve Oh ရေးသားသော ဤအမှုအတွက် သတင်း (ဇန်န၀ါရီ -၁- ရက်နေ့၊ ၂၀၁၁)

မုဒိန်းမှုသည် နိုင်ငံတကာတွင် ရာဇ၀တ်အမှုအဖြစ်သတ်မှတ်သည်။ အစိုးရပိုင်းဖြစ်စေ၊ သာမန်လူဖြစ်စေ၊ မည်သူကျူးလွန် သည်ဖြစ်စေ၊ နေရာ၊ ရာထူး ကြောင့်ရှောင်တိမ်းခွင့် မရသင့်။ မလေးရှားကဘိနက် ၀န်ကြီးသည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မုဒိန်းကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်။

ယခင် အစ္စရေးသမ္မတ Mostsave Katsav (အသက် ၆၅- နှစ်) သည် ၁၉၉၈- နှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး အဖြစ်တာဝန်ယူနေစဉ်၊ မုဒိန်းမှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ နိုင်ငံရေးတွင် ထိုအမှုပေါ်ထွက်လာသည့်အခါ သူအား တရားစွဲဆိုခဲ့ကြသည်။ တရားရုံးမှ သူ့အား ၂၀၀၀- ခုနှစ်မှ ၂၀၀၇ အတွင်းသူအတွက်တာဝန်ထမ်းဆောင်ခဲ့ကြသော အမျိုးသမီးကို မုဒိန်းကျင့်မှုနှင့် ဥပဒေကို ရှောင်လွှဲမှုတို့အတွက် အပြစ်ရှိကြောင်း သတ်မှတ် ခဲ့သည်။

ယင်းသည် အစ္စရေးဒီမိုကရေစီ နှင့်ဥပဒေ တို့၏ အောင်ပွဲဖြစ်ခဲ့သည်။ မည်သူမှ တရားအရ အခွင့်ထူးခံခြင်းမရှိရပါ။ အာဏာကြီးသော နိုင်ငံရေးသမားတို့သည်လည်း မုဒိန်းမှုကိုလွယ်လွယ်ကျူးလွန်ပြီး ဥပဒေကို ရှောင်ဖယ်၍ မရသင့်ပါ။ အစ္စရေး လူမှုရေးအဖွဲ့များနှင့် အမျိုးသမီးအဖွဲ့ များက တရားမျှတစွာဖြစ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

မုဒိန်းမှုများစွာတို့သည် သက်သေ သက္ကာယ၊ အထောက်အထားပြနိုင်ရန်ခဲယဉ်း သည်။ စော်ကားခံရသူရာခိုင်နှုန်းများစွာတို့မှာရှက်ကြောက်၍ အမှု မလုပ်ကြပါ။ ယခု အင်ဒိုနီးရှားအိမ်ဖော်လေးဆိုလျှင် ရှက်ကြောက်ခြင်း၊ ကျူးလွန်သူ၏ ရာထူးဂုဏ်ရှိန်တို့ကြောင့် နိုင်ငံသို့ပြန်ပို့ခံရသည့်အပြင်၊ နိုင်ငံ၌ လည်း ထုတ်ဖော်ခြင်းမပြုရန် ခြိမ်းခြောက်ခံရသည်။

မုဒိန်းမှုကို အာမခံမပေးသင့်ပါ။ အိန္ဒိယနိုင်ငံ ဂိုအာ (Goa) မြို့မှ နိုင်ငံရေးသမား John Fernandes သည် ၂၀၀၉ ခုနှစ်တွင် ရုရှားနိုင်ငံသူတစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့ရာ အာမခံရခဲ့သည်။ သူသည် နောက်တရားရုံးတွင် ရောက်မလာတော့ဘဲ ထွက်ပြေးခဲ့သည်။ မုဒိန်းမှုကျူးလွန်သူများသည် ချမ်းသာခြင်း၊ ရာထူးကြီးခြင်းဖြစ်ခဲ့လျှင် အာဏာ၊ ငွေတို့ဖြင့် အမှုကို အစဖျောက်ကြသည်။ Rais သည်လည်း ဤလမ်းစဉ်အတိုင်း လုပ်ခဲ့သည်။ သူ့ကို ဆန့်ကျင်၍ အိမ်ဖော်သည် အမှုမဖွင့်ရဲ၊ မပြောရဲဆိုသည်မှာ လွန်စွာဆိုးဝါးပြီး၊ ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။

အကယ်၍ နိုင်ငံခြားအိမ်ဖော်လေးတစ်ဦးသည် အိမ်ရှင်ယောက်ျားမုဒိန်းကျင့်ခံနေစဉ်၊ အိမ်ရှင်မိန်းမကလည်း အားပေးအားမြှောက်ပြုနေသည်ဆိုလျှင် ထိုမိန်းခလေးသည် မည်သူ့ကို အားကိုးရမည်နည်း။ ထိုသို့သောဖြစ်ရပ်များစွာ မလေးရှားနိုင်ငံတွင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် မလေးရှားသည် ဥပဒေကို လေးစားလိုက်နာသောအားဖြင့် ကျူးလွန်သူသည် သမ္မတဖြစ်စေ၊ ခံရသူသည် အိမ်ဖော်ပင်ဖြစ်စေ အစ္စရေး၏ ဥပမာကို ယူ၍ ဆောင်ရွက်သင့်သည်။

အင်ဒိုနီးရှား NGO အစီရင်ခံစာအရ ၀န်ကြီးချုပ် Abduallah Ahmad Badawi နှင့်သူ၏ ကဘိနက် (နာဂျစ်အပါအ၀င်)၊ တို့သည် အင်ဒိုနီးရှားရှိ အိမ်ဖော်နှင့် သူမမိသားစုကို ဤကိစ္စမည်သူမှ မပြောရန်နှင့် လျှို့ဝှက်ထားရန် တောင်းပန်ခဲ့သည်ဆိုသည်။
ညီမဖြစ်သူသည် မလေးရှားတွင် တရားဥပဒေစီရင် မှုများအတွက် အကူညီရှာနေသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်းပြောသည်။ မွန်ဂိုလီးယားနိုင်ငံသူ Altantuya Shaariibuu ကဲ့သို အသတ်ခံရမည်ကို စိုးရိမ်၍ ဖြစ်သည်။

မွန်ဂိုလီးယားသူ၊ မိုဒယ် Altantuya Shaariibuu

ထိုအမှုမှာလည်း နိုင်ငံရေးသြဇာမကင်းခဲ့ပါ။ Shariibuu ၏အလောင်းကို အောက်တိုဘာ ၂၀၀၆ တွင်၊ Shah Alam မြို့ပြင်တွင် တွေ့ခဲ့ရသည်။

ဒီသတ်မှုမှာလည်း မတရားမှု အတွက် သူပါခဲ့တယ်

လူသတ်တရားခံအဖြစ် ၃ - ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဖမ်းဆီး ခဲ့သည်။ သို့သော် ၂- ဦးကိုသာ အပြစ်ရှိကြောင်း အမိန့်ချ၍ သေဒဏ်ချမှတ်ခဲ့သည်။ တစ်ဦးကို တရားသေလွှတ်ခဲ့သည်။ လွတ်မြောက်ခဲ့သူမှာ ယခု ၀န်ကြီးချုပ် နာဂျစ်၏ မိတ်ဆွေ၊ ၀န်ကြီးအဖွဲ့မှ Abdul Razak Baginda ဖြစ်သည်။ သူသည် Shariibuu ကိုသတ်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ Shariibuu ၏ ချစ်သူရည်းစားလည်းဖြစ်သည်။ ယခုလက်ရှိ ၀န်ကြီးချုပ် နာဂျစ်ကို မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရနိုင်မည် လားဆိုသည်ကို စဉ်းစားကြပါကုန်။

Abdul Razak Baginda

Tenaganita လူ့အခွင့်အရေးအဖွဲ့မှ Robengah အိမ်ဖော်အမှုကို Rais ကျူးလွန်ခြင်းဆိုသည်မှာ မှန်သည်၊ မှားသည်ကို အမြန်ဆုံးထုတ်ပြန်ကြေငြာ ပါရန် ပန်ကြားခဲ့သည်။ ယခု နာဂျစ်တာဝန်ယူသည့်ကာလထိ မည်သို့သော ထုတ်ပြန်ကြေငြာချက်၊ စစ်ဆေးချက်မှ ထွက်ပေါ်မလာခဲ့။

Harakahdaily မှသတင်းတစ်ပုဒ်… (အင်္ဂါနေ့ ၂၈ - ဒီဇင်ဘာ၊ ၂၀၁၀)

ဘန်နီးဘရူးနှင့် ၀ီကီလိ(ခ)ကြောင့်လူအများ Yatim Rais အမှုကို စိတ်ဝင်စားလာကြပါပြီ။ လွန်ခဲ့သော ၃-နှစ်ကအမှုယခုထိတရားစီရင်မှု မရှိသည်မှာ မလေးရှား၏ ဥပဒေဖြစ်သလော။ ဤသတင်းကို ပထမဆုံးထုတ်ဖော်ခဲ့သူ ဘန်နီးဘရူး ခေါ် ရော့ကီဘရူး (နာမည်ရင်း - Ahirudin Attan) သည် မလေးမေးလ် သတင်းစာအယ်ဒီတာချုပ်ဖြစ်သည့်အပြင်၊ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသည်။
Migrant Care (Indonesia) မှ ဤအမှုနှင့် ပတ်သက်၍ အစီအရင်ခံစာ တစ်စောင်ထွက်ပေါ်လာခဲ့သည်။ ထို

အစီရင်ခံစာကိုပြုစုသူများမှာ -
1. Wahayu Sushlo (Policy Analyst; Ph: 08129307964)
2. Anis Hidayah (Executive Director; Ph: 081578722874)
3. Alex Ong (Country Director; Ph: +60163121201)

တို့ကသြဂုတ်လ ၁-ရက်နေ့၊၂၀၀၇(ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ) တွင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖော်အမည်ကိုလည်း Robengah ဟုအတိအကျတင်ပြ ခဲ့သည်။

Migrant CARE
Perhimpunan Indonesia untuk Buruh Migran Berdaulat
(Member of Migrant Forum in Asia and International NGO Platform on Migrant Workers' Convention)
Jl. Pulo Asem I C No 15 RT 015 RW 001 Jati, Jakarta Timur 13220 Indonesia. Telp/Fax: +62 21 4752803
E-mail: alexmigrantcare@gmail.com
Website: www.buruhmigranberdaulat.blogspot.com
(အစီရင်ခံစာမှ ရရှိသောဒေတာများဖြစ်ပါသည်။) နှစ်နိုင်ငံလုံးမှ လူများသည် ဤအမှုကိုစိတ်ဝင်းစားခဲ့သည်။

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။


ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref:
http://www.malaysia-today.net/mtcolumns/newscommentaries/
http://malaysianindian1.blogspot.com/2011/01/
http://thexbusiness.blogspot.com/2011/01/
http://www.rockybru.com.my/2011/01/
http://www.rockybru.com.my/2010/12/
http://www.malaysiakini.com/news/152572
http://www.malaysiakini.com/news/152498
http://www.mmail.com.my/content/59915
http://www.malaysiakini.com/news/152452
http://www.malaysiakini.com/news/152161
http://www.malaysiakini.com/news/151885
http://www.malaysia-today.net/mtcolumns/newscommentaries/37111
Wikileaks
Migrant Care Reports

အပြည့်အစုံသို့.....

စကားလုံးများ၏နောက်ကွယ်

>> Monday, April 23, 2012

အပြင်ထွက်ရင်း သူငယ်ချင်းတယောက်နဲ့တွေ့တော့ “ကိုပါလတယောက် ဘာတွေများလုပ်နေသလဲ” လို့ မေးတယ်။ ကျနော်ကလည်း “မလေးရှားက အိမ်ဖော်တွေနဲ့ နပန်းလုံးနေတယ်” လို့ ခပ်ပေါ့ပေါ့ ပြန်ဖြေဖြစ်လိုက်တယ်။ “ကိုပါလက အဲဒါတွေလည်း ၀ါသနာပါသလား” တဲ့ဗျာ။ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ပြန်မေးတာကို ခံလိုက်ရပါတယ်။

ကျနော်တို့မြန်မာစကားကလည်း ရှုပ်သားကလား။ ကျနော်ဖြေရမှာက “မလေးရှားက အိမ်ဖော်ကိစ္စတွေနဲ့ နပန်းလုံးနေတယ်” လို့ဖြေရမှာကို ကိစ္စ ဆိုတဲ့ ဝေါဟာရလေးပဲ “အိမ်ဖော်” နဲ့ “တွေ” ဆိုတဲ့ စာလုံးကြားမှာ ကျန်နေခဲ့တာ။ အကောက်အယူအဓိပ္ပါယ် တက်တက်စင်အောင် လွဲသွားလေရဲ့။ ဒါနဲ့ပဲ နာဂျစ်မြန်မာပြည်သွားတာက အစချီပြီး အိမ်ဖော်ကိစ္စအကြောင်းတွေ စေ့ငှစွာ ပြန်ရှင်းပြခဲ့ရသေးတယ်။

သူငယ်ချင်းကိုရှင်းပြပြီး သူကသဘောပေါက်သွားပေမယ့် ကိစ္စ လေးကျန်တာနဲ့ ဒီလောက်တောင် အကောက်အယူလွဲစရာလားပေါ့။ မကျေနပ်လို့ ထပ်ပြီး အတွေးအမျှင်တန်းမိလိုက်တယ်။ နောက်ဝါကျတကြောင်းနဲ့ပေါ့။ “မင်းလက်ထဲကပစ္စည်းက ငါ့အတွက်အရေးကြီးတယ်” ဆိုတာနဲ့ “ မင်းလက်ထဲကပစ္စည်းက ငါ့ကိစ္စအတွက် အရေးကြီးတယ်”။ ဒီစာကြောင်းမှာလည်း ကိစ္စ ဆိုတဲ့စကားလုံးပဲ ကွာတာ။ ဒါပေမယ့် အဓိပ္ပါယ်က မကွာတော့ပြန်ဘူး။

ဒါကြောင့် စကားလုံးတွေဟာ နေရာ၊ အထားအသို၊ သုံးရတဲ့အကြောင်းရင်းကို လိုက်ပြီး အဓိပ္ပါယ် အများကြီး ကွာခြားသွားနိုင်ပါတယ်။ စကားလုံးလေးတွေနဲ့ အငြင်းပွားနေကြတယ်ဆိုပြီး အကောက်အယူမမှားလိုက်ပါနဲ့။ မြန်မာပြည်သူများ နောက်ထပ် အနှစ် ၂၀ ဘ၀ထပ်ပျက်သွားနိုင်ပါတယ်။

ယနေ့ NLD ဟာ “ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတာလေးကို အလေးဂရုမပြုဘဲ လွှတ်တော်ထဲဝင်သွားရင် ဒီစကားလုံးနဲ့ပဲ လွှတ်တော်ထဲမှာ ချည်ပြီး၊ တုပ်ပြီး အသေရိုက်သတ်တာကို ခံရနိုင်ဖွယ်ရှိပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည် လို့ ကျမ်းကျိန်ထားတဲ့သူဟာ ပြုပြင်ပြောင်းလဲဖို့လုပ်ဆောင်ရာမှာ ယနေ့ဘာမှမဟုတ်ပါဘူးလို့ ပြောနေတဲ့လူတွေကပဲ ဒီစကားလုံးနဲ့ပြန်ပြီး ချည်နှောင်ကြမှာ မြေကြီးလက်ခတ်မလွဲပါဘူး။ လေးစားလိုက်နာပါမည် ဆိုတာက ရှင်းပါတယ်။ လေးစားမယ်။ လိုက်နာမယ်။ ပြင်စရာရှိရင် ပြင်ရမယ်။ ဒါပဲ။

ဒီစကားလေးတလုံးနဲ့ထဲ NLD ဟာ ပြည်သူဆန္ဒကိုမျက်ကွယ်ပြုပြီး လွှတ်တော်ဝင်ဖို့ စောင့်နေစရာလား လို့ပြောနေသံလည်း ကြားနေရပါတယ်။ NLD ရဲ့ ရွေးကောက်ပွဲဝင်ရခြင်း အချက် ၃ ချက်မှာ ၂၀၀၈-ဖွဲ့စည်းပုံကို ပြင်လည်ပြင်ဆင်ရေး ဆိုတဲ့အချက်တချက်ပါတယ်ဆိုတာကို မေ့လို့မရပါဘူး။ ဒါကြောင့် ယနေ့ NLD ရဲ့လုပ်ဆောင်ချက်ဟာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုနေတာမဟုတ်ဘဲ ကြားဖြတ်ရွေးကောက်ပွဲမ၀င်ခင် ပြည်သူကို ကတိပေးထားတဲ့ အချက်တချက်ကို ဖြည့်ဆည်းဖို့ကြိုးစားနေတာပါဆိုတာ နားလည်သင့်ပါတယ်။ NLD လွှတ်တော်အမတ်တွေဟာ လက်ညှိုးထောင်ခေါင်းညိတ်အမတ်များ မဟုတ်ဘူးဆိုတာကို ခုကတည်းက ပြည်သူတွေကို ဖော်ထုတ်ပြသနေခြင်းသာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

ဒါဆိုရင် ဘာလို့မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်လဲ လို့ ဘုကန့်လန့်တိုက်လာမယ့် မေးခွန်းတွေကိုလည်း တခါတည်း မေးခွန်းတခု ပြန်မေးထားလိုက်ပါမယ်။ ကိုမင်းကိုနိုင်အစ ၈၈-မျိုးဆက် နိုင်/ကျဉ်းတွေ ယနေ့အပြင်မှာ ရှိနေကြတာ၊ နိုင်ငံတော်တော်များများက ဆန်ရှင်ရုပ်သိမ်းဖို့ဆုံးဖြတ်တာ၊ ဂျပန်ကကြွေးလျော်ပစ်တာတွေဟာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ဖွတ်အစိုးရရဲ့ အစွမ်းအစကြောင့်လားဆိုတာကို မေးရပါမယ်။ ဒို့သမ္မတမှ သမ္မတကွ ဖြစ်နေကြတဲ့ လူအများအားလည်း ဒီမေးခွန်းလေးတွေကို ဖြေကြည့်စေချင်ပါတယ်။

နိုင်ငံရေးနဲ့ပတ်သတ်ပြီး ကိုယ်ကလည်း ဘာမှသိတာမဟုတ်တော့ ဟိုစပ်စပ် ဒီစပ်စပ်လျှောက်မရေးချင်တော့ဘူး။ ဒါပေမယ့် လေဖမ်း ဒါန်းစီးတဲ့လူတွေကလည်းများ၊ လူတွေလေလည်တာများနေတော့ ဟိုဒင်းတွေထကနေတာ မြင်နေရတော့လည်း မနေနိုင်ပြန်ဘူး။ တယောက်တပေါက်နဲ့ ပြည်သူကြားမှာ သွေးကွဲမှုမဖြစ်ကြပါစေနဲ့ လို့တော့ တိုက်တွန်းချင်တယ်။ လုပ်နိုင်တာလေးတွေ ၀ိုင်းလုပ်ကြစေလိုတယ်။ ၀ိုင်းမလုပ်နိုင်ကြလည်း စောင့်ကြည့်ကြစေလိုပါတယ်။ ကြံဖွံ့က တိုင်းပြည်တိုးတက်အောင် လုပ်ပေးနိုင်တယ်လို့ ယုံကြည်ရင် ပြတ်ပြတ်သားသား ကြံ့ဖွတ်ဘက်ကရပ်လိုက်ကြပါ။ ဟိုလိုလို ဒီလိုလိုတော့ မလုပ်ကြပါနဲ့လို့….။

ဘယ်သူ့ကိုမှ အတိုက်အခံလုပ်ပြီး ရေးတဲ့စာမဟုတ်ပါဘူး။ လူပြိန်းတယောက်အတွေးသာ ဖြစ်ပါတယ်။ ကျနော့်အတွက် အတိုက်အခံဆိုလို့ ပြည်သူအတွက်မဟုတ်တဲ့အစိုးရသာ ဖြစ်ပါတယ်။

စာကြွင်း။ ။ ဘယ်နိုင်ငံမှာမှ ဖွဲ့စည်းပုံကို ပြင်ပေးတယ်ဆိုတာ မရှိပါဘူး ဆိုတဲ့ ဘွဲ့အတုနဲ့ ပဏ္ဍိတအကျော် လူမသူတော်ကို အမေးစကား ပြန်ကြားရသည်ရှိသော် ဘယ်နိုင်ငံမှာများ စစ်တပ်တမတ်သားနဲ့ လူငနွားတွေစိုးမိုးတဲ့လွှတ်တော် ရှိပါသလဲ ဟူလို……..။

မောင်ပါလ
၂၃.၄.၂၀၁၂

အပြည့်အစုံသို့.....

မြန်မာ၊ အရှေ့တီမောနှင့် ပါပူအာနယူးဂီနီ တို့မှ အိမ်ဖော်ရရှိရေးအတွက် မလေးရှား၏ အားထုတ်မှုများ အပိုင်း (၁)

>> Saturday, April 21, 2012

မလေးရှားနိုင်ငံရှိ နိုင်ငံခြားအိမ်ဖော်ရှာဖွေရေးအေဂျင်စီများအဖွဲ့ (Malaysian Association of Foreign Maid Agencies (PAPA)) က မလေးရှား သည် မြန်မာနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ နှင့် အရှေ့တီမော တို့မှ အမျိုးသမီးများကို အိမ်ဖော်အလုပ်သမအဖြစ် ခေါ်ယူရန် အစိုးရကို အဆိုပြုတောင်း ဆိုခဲ့သည်။ အဖွဲ့ ဥက္ကဋ္ဌ Alwi Bavutty ကထိုနိုင်ငံများမှ အိမ်ဖော်များရလျှင် မလေးရှားနိုင်ငံအနေနှင့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင်များမှ အိမ်ဖော်ရရှိရေးအတွက် မှီခိုအားကိုးနေရမှုများ ရှိတော့မှာ မဟုတ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။



Najib and Thein Sein


Malaysia and East Timor

ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနကို အဆိုပြုလွှာတင်ဖို့ ပြုလုပ်နေပါတယ် - ဟု သူက ဘနားမားသတင်းစာ (Bernama) သို့ တနင်္လာနေ့ (09.04.2012) ကပြောကြားခဲ့သည်။

သူက လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး Datuk Dr S. Subramaniam ၏အင်ဒိုးနီးရှားအိမ်ဖော်ကိစ္စ နှင့်ပတ်သက်၍ မလေးရှား-အင်ဒိုးနီးရှားဆွေးနွေး အဖြေရှာနေခြင်းကို ကန့်ကွက်လိုက်သည်။ အင်ဒိုနီးရှားနိုင်ငံမှ တောင်းဆိုသော အိမ်ဖော်လစာတိုးရေးကိစ္စ၊ ဥပဒေကာကွယ်မှုနှင့် ပိတ်ရက်စသည့် အခွင့်အရေးများကို မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ညှိနှိုင်းဆွေးနွေးနေခြင်းကို Alwi ကကန့်ကွက်ခြင်းဖြစ်သည်။ ထိုဆွေးနွေးမှုမှာ ညှိနှိုင်းဆုံးဖြတ်၍ မရဘဲ အဆုံးသတ်ခဲ့သည်။

Alwi က မလေးရှားသည် အင်ဒိုနီးရှားမှ အိမ်ဖော်ပို့ခြင်း ပိတ်ထားသော်လည်း ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့မှ ခေါ်ရနိုင်သည် ဟုယခင်က ပြောခဲ့သည်။ ထိုသို့ဆောင်ရွက်ရန် စီစဉ်ခဲ့သူဖြစ်သည်။ မူဆလင်မဟုတ်သော အမျိုးသမီးများကို အိမ်ဖော်အဖြစ် ထိုနှစ်နိုင်ငံမှ မခေါ်ယူပါ ဟုသူကပြောခဲ့သည်။ အိမ်ဖော်တို့သည် တစ်လ မလေးရှားရင်းဂစ် ၅၀၀ အနည်းဆုံးရကြကြောင်း၊ သူတို့တော်လျှင် အိမ်ရှင်လစာတိုးပေးမှာ သေချာကြောင်း Bernama သို့ပြောခဲ့သည်။

အင်ဒိုနီးရှားသည် ၂၀၀၉ ဇွန်လတွင် အိမ်ဖော်ပို့မှုရပ်ခဲ့သည်။ ၂-နှစ်ကြာ ၂၀၁၁ မေလတွင် နှစ်နိုင်ငံဆွေးနွေးပြီး အိမ်ဖော်ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းခဲ့ကြသည်။ သို့သော် ထိရောက်သောဆုံးဖြတ်မှု မရရှိသေးဘဲ၊ ဆွေးနွေးဆဲ ဖြစ်ပြီး၊ ၂၀၁၂ မေလအကုန်တွင် အင်ဒိုနီးရှားအိမ်ဖော်များ မလေး ရှားသို့ရောက်လာဖွယ်ရှိသည်ဟူသော သတင်းသာရရှိပါသည်။

အရှေ့တီမော သံအမတ်ကြီး Juvencio Da Jesus Martins က မလေးရှားသို့အိမ်ဖော်ပို့ရေးအတွက် စီစဉ်ဆောင်ရွက် ရန်ကြိုးစားမည် ဖြစ်ကြောင်း သောကြာ နေ့ (20.01.2012) တွင်ပြောဆိုလိုက်သည်။

East Timor
မလေးရှားရှိ အိမ်ဖော်အေဂျင်စီများနှင့် အစိုးရပိုင်းက အရှေ့တီမောမှ အိမ်ဖော်အလုပ်သမရရှိရေးအတွက် သူထံသို့တောင်းဆိုခဲ့ကြသည့်အတွက် ဤကိစ္စကို သမ္မတထံသို့တင်ပြအဆိုပြုမည်ဖြစ်ကြောင်း မကြာသေးမီကပြောခဲ့သည်။ သူ၏ အစိုးရက မီးစိမ်းပြသည်နှင့် အစွမ်းကုန်ကြိုးစားပေးမည် ဟု မလေးရှားကိုပြောပါသည်။ အရှေ့တီမောမှ အိမ်ဖော်များမလေးရှားသို့ပို့မည် အရေးမှာ ၂၀၀၅ ကတည်းက၊ မလေးရှားနိုင်ငံက ကမ်းလှမ်းခဲ့မှု ရှိခဲ့ပါသည်။

ထိုစဉ်က အရှေ့တီမောသံအမတ်၊ သမ္မတ (Jose Manuel Ramos-Horta) နှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး (Datuk Seri Syed Hamid Albar) တို့ဆွေးနွေးခဲ့ကြသည်။ အိမ်ဖော် ဦးရေ ၁၀ ၀၀၀ မလေးရှားသို့စေလွှတ်ရေးဖြစ်သည်။

ထို့ဆွေးနွေးမှုမှာ အကောင်အထည်မဖော်နိုင်ခဲ့ပါ။ မလေးရှားသည် မကြာမီက အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမောဒီးယားနှင့် ထိုင်းနိုင်ငံ တို့မှ အိမ်ဖော်စုစုပေါင်း ၃၂၀ ၀၀၀ ရရှိခဲ့သည်။ ထို့နောက်ဆက်လက်၍ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားမှ အိမ်ဖော်များကို ပိတ်ပင်ခဲ့ကြသည်။

ပေါ်တူဂီတို့၏ ကိုလိုနီအဖြစ်နှစ်ရာနှင့်ချီ၍ သိမ်းပိုက်ခြင်းခံခဲ့ရသော အရှေ့တီမောသည် ၂၀၀၂- ခုနှစ် မေလတွင် လွတ်လပ်ရေးရခဲ့သည်။ လူဦးရေ ၁.၂ သန်းရှိသာ အရှေ့တီမောတွင် ခရစ်ယာန်ဘာသာဝင် ၉၈%၊ နှင့် မူဆလင်၊ ဗုဒ္ဓဘာသာဝင်များ ပါဝင်ပါသည်။

“ကျနော်တို့ နိုင်ငံမှာ မလေးရှားကို အိမ်ဖော်အဖြစ် စေလွှတ်ဖို့ မူဆလင် အမျိုးသမီးတွေ ရှိပါတယ်။” ဟု အရှေ့တီမော အစိုးရပိုင်းမှ Martins က ပြောသည်။ အရှေ့တီမောသည် မလေးရှားနှင့် အလွန်မဝေးသော အကွာဝေး၌ ရှိနေခြင်း၊ ဘာသာစကား တူညီမှု (အရှေ့တီမောသည် အင်ဒိုနီးရှား ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနိုင်ကြသည်။)

ယခုလို မလေးရှားသို့ အိမ်ဖော်များ ပေးပို့ခြင်းအားဖြင့် အရှေ့တီမောသည် မလေးရှားနှင့် နှစ်နိုင်ငံကြား သံတမန်ရေးရာ ပိုအဆင်ပြေလာနိုင်ကြောင်း ပြောပါသည်။ အရှေ့တီမောအနေနှင့် နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု အခက်အခဲကို မလေးရှားသို့အိမ်ဖော်များပို့ခြင်းဖြင့် ပြေလည်နိုင်မည် ဖြစ်သည့်အပြင် တိုင်းပြည်အတွက် လည်း ပြည်ပ၀င်ငွေ ရရှိလာနိုင်မည် ဟု အရှေ့တီမောက ဆိုသည်။

မလေးရှားနိုင်ငံ၏ ပြည်ပ အိမ်ဖော်ရှာဖွေရေးအေဂျင်စီ (PAPA) မှ ၀န်ကြီးချုပ် Najib Razak က အင်ဒိုနီးရှားနှင့် ညှိနှိုင်းဆွေးမှုများကို လွန်ခဲ့သော ၃- လကဆောင်ရွက်ခဲ့သည်။ အင်ဒိုနီးရှားမှ နောက်ထပ်အိမ်ဖော်များ ပို့မည်ဆိုလျှင် အလုပ်တစ်မျိုးတည်းကိုသာ လုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ က ဆွေးနွေးပါသည်။ (ကလေးထိန်းရမည်ဆိုလျှင် ကလေးထိန်းသည့်အလုပ်မှလွဲ၍ အိမ်အလုပ် မလုပ်၊ လူနာပြုစုရမည်ဆိုလျှင် လူနာကိုသာ ပြုစုမည်။ စသည့် One task Maid)။

သို့အတွက်ကြောင့် မလေးရှားနိုင်ငံသားများမှ လက်ခံနှစ်သက်ခြင်း မရှိသောကြောင့် အင်ဒိုနီးရှားမှ အိမ်ဖော်များ ပြန်လည်ရောက်လာရေးမှာ မသေချာသော်လည်း၊ မေလအကုန်တွင် အင်ဒိုနီးရှား အိမ်ဖော်များ ရောက်လာနိုင်ကြောင်း သာသတင်းထွက်ပေါ်လျက်ရှိသည်။

မလေးရှားသည် မြန်မာပြည်မှ အိမ်ဖော်ခေါ်ယူရရှိရေးအတွက် အပြင်းအထန်ကြိုးစားနေပါသည်။


Najib and Thein Sein1

မလေးရှားနိုင်ငံသည် မကြာသေးမီက နိုင်ငံအတွင်းရှိ တရားမ၀င်အလုပ်သမားများ လက်ဗွေနှိပ်မှတ်ပုံတင်ခဲ့သည်။

မလေးရှားဝန်ကြီးနာဂျစ်က တရား မ၀င်မြန်မာနိုင်ငံသား စုစုပေါင်း ၂၅၀ ၀၀၀ သည် 6P အစီအစဉ်တွင် တရားဝင်မှတ်ပုံတင်ပြီးဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ဦးသိန်းစိန်နှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။ နာဂျစ်သည် မြန်မာနိုင်ငံသို့ ၂-ရက်ကြာသွားရောက်ခဲ့ရာ မနေ့က (29.03.2012) သူ၏ခရီးစဉ်အပြီး မလေးရှားသို့ပြန်ရောက်သည်နှင့်၊ ယင်း သည်မြန်မာပြည်မှ အိမ်ဖော်အလုပ်သမရရှိရေးအတွက် နောက်ထပ်ဆွေးနွေးမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားတို့သည် ယဉ်ကျေးသိမ်မွေ့ကြောင်း ပြောဆိုလိုက်ပါသည်။ (မတ်လ - ၃၀- ၂၀၁၂ ၊ သောကြာနေ့)

မလေးရှားနိုင်ငံ 6P အစီအစဉ်တွင်လက်ဗွေနှိပ်ထားသော မလေးရှားရှိမြန်မာနိုင်ငံသူများ အိမ်ဖော်ပါပစ်အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သတ်၍ လည်းဆွေးနွေးရဦးမည်ဟု နာဂျစ်က ပြောသည်။


Najib and Thein Sein

မလေးရှားရောက်ကျွန်ုပ်တို့၏ မြန်မာအမျိုးသမီးများမှာ မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏သဘောနှင့် အကြောင်းများကို၊ နောကျေအောင်သိနေပြီးသားဖြစ်ကြသောကြောင့် ဤသို့သောကမ်းလှမ်းမှု (သို့မဟုတ်) အခွင့်အလမ်းမျိုးဖြစ်ပေါ်လာပါက ငြင်းဆန်ကြပါရန်နှင့် မိမိနှင့် နီးရာဝန်းကျင်မှ သူများကိုလည်း တတ်နိုင်သမျှ အကြံပြုကြပါရန်။

မြန်မာနိုင်ငံအစိုးရက ဤကိစ္စနှင့်ပတ်သက်၍ လက်ခံပြီး၊ တောင်းဆိုမည့်အချက်အလက်များ တင်ပြလာသည်နှင့် အမြန်ဆုံးအကောင်ထည်ဖော်ပါ မည် ဟု သူကဆက်ပြောသည်။

Myanmar

မူဆလင်မဟုတ်သော သူများကို မူဆလင်အိမ်များတွင် အိမ်ဖော်မလုပ်စေသော မလေးရှား၊ မိမိတို့သည်မူဆလင်လူမျိုးဖြစ်၍ မူဆလင်အိမ်ဖော်သာ ထားမည်ဟူသော မလေးလူမျိုး၊ မည်သည့်လူမျိုးဖြစ်စေ ခိုင်းရရင် ပြီးရောဆိုသည့် မလေးတရုတ်၊ နှင့် မလေးအိန္ဒိယ တို့သည် ယခုအခါ မြန်မာပြည်မှ အိမ်ဖော်များရောက်လာတော့မည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအိမ်ဖော်ဆိုလျှင် ယခုအခါ အလုပ်တစ်မျိုးသာခိုင်းရ၍ မခေါ်လိုတော့ကြောင်း၊ မြန်မာများသည် အလုပ်လုပ်ကြသောကြောင့် သူတို့ကြိုက် ကြကြောင်း၊ မြန်မာမလေးများ သည် ယဉ်ကျေးသိမ်မွေ့ကြကြောင်း စသည်ဖြင့် ပြောဆိုနေကြသည်ကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင်ကြားနေရပါသည်။

ကျွန်ုပ်ကတော့မျှော်မနေနဲ့မလေးရှားရေ…….. ယခုအချိန်ပြောလိုသော်လည်း၊ ….မမျှော်နဲ့တော့ မလေးရှားရေ…. မရတော့ပါဘူး ဟူ၍သာ ပြောနိုင်အောင် ကြိုးစားမည်ဟု အားခဲထားရပါသည်။

လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး Datuk S Subramaniam ကမြန်မာပြည်မှ အိမ်ဖော်အလုပ်သမများ ရရှိခဲ့မည်ဆိုလျှင်လည်း၊ ယင်းတို့အတွက် လုံခြုံရေး၊ အိမ်ဖော်အလုပ်သမ ဥပဒေ၊ အခြားသော လိုအပ်ချက်များ၊ ယခင်ဖြစ်ပေါ်ခဲ့သော အိမ်ဖော်အမှုများ၏ အကြောင်းအရင်းကို မရှာဖွေသည့် နောက်ထပ်မဖြစ်အောင် ဥပဒေအကာအကွယ်များ မပြုလုပ်ဘဲ၊ မလေးရှားဝန်ကြီးချုပ်သည် ယခုကဲ့သို့ သုံးနိုင်ငံမှ အိမ်ဖော်များရရေး ကြိုးပမ်း နေသည်မှာ မဖြစ်သင့်သော့ ကိစ္စသာဖြစ်ကြောင်း Subramaniam ကပြောပါသည်။


S. Subramaniam

ထို့ပြင်မြန်မာနိုင်ငံသားတို့သည် တိုင်းပြည်တွင်းအခြေအနေ ကြောင့် ပြည်ပသို့ အလုပ်လုပ်ရန်ထွက်ခွာကြသော်လည်း၊ သူနိုင်ငံသူများမှာ အိမ်ဖော်အနေနှင့် မည်သည့်နိုင်ငံသို့မှ မသွားရောက်ကြကြောင်း၊ အစိုးရကခွင့်ပြုသည် ဆိုစေကာမူ ရရှိရန်မလွယ်ကူကြောင်းကို S Subramaniam ကပြောကြားသည်ကို Asia One News တွင်ဖော်ပြပါသည်။

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။

ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref:
http://muslimahmaid.com/2012/04/09/get-maids-from-papua-new-guinea-myanmar-and-timor-leste/
http://muslimahmaid.com/2012/04/09/timor-leste-wants-to-send-maids-to-malaysia/
http://www.asiaone.com/News/

အပြည့်အစုံသို့.....

သမ္မတသို့ ဂုဏ်ပြုခြင်း

>> Thursday, April 19, 2012


တရာတန်းဝင်တဲ့သမ္မတ
မသာထမ်းစင်နဲ့ ဂုဏ်ပြုမှတော်ကာကျမယ်
လျော်လိုက်တဲ့ ဇာတိမာန်
အိမ်ဖော်ပို့ဖို့ သူ့အကြံနှယ်
နဘန်သာကျင်းလိုက်ချင်တယ်လေး.....။

မောင်ပါလ
၁၉.၄.၂၀၁၂

အပြည့်အစုံသို့.....

အင်ဒိုနီးရှားအိမ်ဖော် (Win Farida, 26- years old)အား မလေးရှားအိမ်ရှင်က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး မုဒိန်းကျင့်မှု

>> Wednesday, April 18, 2012

မလေးရှားနိုင်ငံသားအိမ်ရှင် အမျိုးသားတစ်ဦးသည် သူ၏အိမ်ဖော်အိမ်အကူ အသက် ၂၆-နှစ်အရွယ်ရှိ အင်ဒိုးနီးရှားနိုင်ငံသူ Win Farida (From East Java) အား ညှဉ်းပန်းနှိပ်စက်မှု (မီးပူဖြင့် အပူကပ်ခြင်း၊ ရိုက်နှက်ခြင်း) တို့ကြောင့် မလေးရှားတရားရုံးက ထောင်ဒဏ် ၈-နှစ်ချမှတ်ခဲသည်။

တရားခံဖြစ်သော မြက်ဖြတ်လုပ်ငန်းကန်ထရိုက်တာ A. Vealu (၄၂- နှစ်) သည် ပီနန်မြောက်ပိုင်း ခရိုင်တရားတွင် အမိန့်ချပြီးပြီးချင်း၊ ထောင်ဒဏ်ကို ချက်ချင်းမခံရသေးဘဲ၊ ယင်း၏အသနားခံစာကိုတင်ထားသည်အတွက်ကြောင့်ဖြစ်ပါသည်။ (New Straits Times မလေးရှားသတင်းစာ)။ သူ၏ ဇနီးသည် ဖြစ်သော S.M. Poongavanam သည် ၂၀၀၉ မေလတွင် ထောင်ဒဏ် ၈-နှစ်ချမှတ်ခံခဲ့ရသည်။ သူသည်လည်း သူတို့အိမ်ဖော်ကို မီးပူနှင့် အပူကပ်ခြင်း၊ နှိပ်စက်ခြင်း စသည်အမှုများနှင့် အပြစ်ပေးခံခဲ့ရခြင်း ဖြစ်သောကြောင့် ပီနန်မြောက်ပိုင်း ခရိုင်တရားရုံးတရားသူကြီး Roslan မှ အမိန့်ချမှတ်ခဲ့ပါသည်။


သူတို့၏ အိမ်ဖော်မိန်းခလေးကို အဝေးပြေးလမ်းဘေးတစ်နေရာတွင် သတိလစ်မေ့မျောလျက်တွေ့ရပြီး (ဓာတ်ပုံ - From My launchpad News)၊ သူမက အိမ်ရှင် A. Vealu သည် သူမအား အကြိမ်ကြိမ် မုဒိန်းကျင့် ခဲ့ကြောင်း တိုင်ကြားခဲ့သည်။ သူမ၏ ကိုယ်ခန္ဓာအနှံ့ မီးလောင်ထားသည့်ကြီးမား သော ဒဏ်ရာကွက်ကြီးများ (မီးပူနှင့်ကပ်ခံရ၍) နှင့် ကွဲရာ၊ ကုတ်ရာ၊ ခြစ်ရာများကိုတွေ့ရသည်။ ဤအမှုသည် အင်ဒိုနီးရှားမှ အိမ်ဖော်တင်ပို့မှုကို ရပ်ဆိုင်းလိုက်သည့် အမှုအကြောင်းရင်း များစွာအနက်မှ တစ်မှု ဖြစ်သည်။

Vealu နှင့် သူ၏ဇနီး Poongavanam တို့သည် ထိုအမှုကြောင့် နှစ်ဦးစလုံးတရားစွဲဆိုခံခဲ့ရသည်။ Poongavanam မှာ ၂၀၀၉ မေလတွင် ထောင်ဒဏ် ၈-နှစ် ပြစ်ဒဏ် စခံရပြီးဖြစ်သည်။ Vealu မှာအသနားခံစာတင်ထား၍ ပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားသည်။ (အသနားခံစာရှုံး - ယခုအချိန်တွင် ထောင်ဒဏ် ခံနေရပါသည်။)

Malaysian Association of Foreign Maid Agencies မှထုတ်ပြန်ချက်အရ မလေးရှားတွင်အိမ်ဖော်နှင့် အိမ်အကူအလုပ်သမအရေတွက် 170,000 ရှိပါသည်။

မလေးရှားရှိ အလုပ်သမားနှင့်အမျိုးသမီးအခွင့်အရေးများကိုကာကွယ်မှုပေးနေသော Tenaganita မှ ကမ္ဘောဒီးယားနိုင်ငံအစိုးရထံ မလေးရှားသို့ အိမ်ဖော်နှင့်အိမ်အကူများ မပို့ရန် ပန်ကြားလွှာပို့ခဲ့သည်။ ထိုအချိန်တွင် မလေးရှားအစိုးရဘက်မှလည်း အိမ်အလုပ်သမများကို ကာကွယ်ပေးသော ဥပဒေများချမှတ်ပေးမည် ဟုထုတ်ပြန်ခဲ့သည်။

မကြာသေးမီက အင်ဒိုနီးရှားအိမ်ဖော်မိန်းခလေးသေဆုံးမှုမှာ အိမ်ရှင်၏ လုပ်ကြံသတ်ဖြတ်မှုကြောင့်ဖြစ်သော်လည်း၊ မလေးရှားရဲဘက်မှပြောသည်မှာ သူမသည် ညှဉ်းဆဲခံရခြင်းကြောင့်သေဆုံးခြင်းမဟုတ်၊ အဆုတ်ရောင်ခြင်းကြောင့်သေဆုံးသည်ဟု လိမ်လည်ထွက်ဆိုခဲ့ကြသည်။

ကမ္ဘောဒီးယားအိမ်ဖော်၊အိမ်အကူများနှင့်ပတ်သက်၍ မလေးရှားရှိ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Tenaganita ကပြောသည်မှာ မလေးရှားတွင်အိမ်ဖော် အိမ်အကူအလုပ်လုပ်နေသူများမှာ အသက် ၂၁-အောက်ဖြစ်ကြရမည်ဖြစ်သည် (အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အနည်းဆုံးရှိရမည့်အသက်) အပြင်၊ အလုပ်ဝန်ပိစေမှုများ၊ မတရားမှုများကို တွေ့ရသည့်အတွက်ကြောင့် မလေးရှား ခေတ်သစ်ကျွန်စနစ်သက်ဝင် လျက်ရှိသော နိုင်ငံတစ်ခုဖြစ်ပါသည်။

မလေးရှားသည် ယခုအခါ စီးပွားရေးလုပ်ငန်းကြီးငယ်များ နိုင်ငံအနှံနှင့် နိုင်ငံတကာတွင်လုပ်ဆောင်နေသည့်အတွက် ယင်းတို့၏ အိမ်မှုကိစ္စများခိုင်းစေ ရန်အိမ်ဖော်အိမ်အကူများလိုကြောင်း၊ အစိုးရကို တောင်းဆိုနေကြသည်။ လူ့အခွင့်အရေးအဖွဲ့များက မလေးရှားလူမျိုးတို့သည် အိမ်ဖော်အိမ်အကူ မရှိ ဘဲမိမိတို့၏ အိမ်မှုကိစ္စများကို ကိုယ်တိုင်သာတာဝန်ယူ သင့်ကြောင်း ပြောဆိုပါသည်။

ကျွန်ုပ်တို့မြန်မာမိန်းခလေးများ မလေးရှားတွင်အိမ်ကျွန် အဖြစ် နှိပ်စက်ခံရစေရန် နှင့် သူတို့အကျိုးအမြတ်တစ်ခုတည်းကိုသာ ကြည့်၍ ကြံ့ဖွံ့အစိုးရ နှင့် အပေါင်းပါတို့သည် ကြံစည်ကြိုးပမ်းလျက်ရှိကြပါသည်။ မြန်မာပြည်သားအားလုံး တတ်နိုင်သည့်ဘက်မှ တားဆီးနိုင်စေရန်နှင့် ဤသို့သောဖြစ်ရပ်မှန် ဆိုးဝါးမှုများကို မြန်မာပြည်အနှံ့ မိန်းခလေးများနှင့် သူတို့၏ မိဘဆွေမျိုးများ သိရှိစေရန် ၀ိုင်းဝန်းကြိုးပမ်းကြစေဖို့…လေးစားစွာ တိုက်တွန်းလိုက် ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref: Agence France-Presse 13.04.2011 Saturday

Global News Inquirer News
www.thejakartaglobe.com
http://www.bangkokpost.com/news/asia/251666/malaysian-gets-8-years-for-abusing-indonesian-maid
Maid’s Name and other detail is from - http://www.deccanchronicle.com/channels/world/asia/

အပြည့်အစုံသို့.....

မလေးရှားရှိ အိမ်ဖော်၊အိမ်အကူအလုပ်သမများ ဥပဒေရေးရာနှင့် ပတ်သက်၍ အလှမ်းကွာဝေးမှု (Orn Eak’s Case)

>> Tuesday, April 17, 2012

(ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မလာရောက်ကြစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြနေခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ် လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။)

Orn Eak’s Case (28-Years Old) Maid from Cambodia


အိမ်ဖော်၊ အိမ်အကူအလုပ်သမတို့သည်အိမ်တစ်အိမ်တည်းတွင် နေ့စဉ်ရက်ဆက်၊ လုပ်ကိုင်နေရသောကြောင့်လည်းကောင်း၊ ပြင်ပပတ်ဝန်းကျင် နှင့် ဆက်သွယ်ချိန်မရ၊ ဆက်သွယ်ခွင့်မရကြ၍လည်းကောင်း၊ သူတို့သည် အိမ်ရှင်၏မတရားမှုကိုကြုံတွေ့ခံစားရသော်လည်း မိမိကိုယ်ကို ကာကွယ်နိုင်သော ဥပဒေအခွင့်အရေးများနှင့်အလှမ်းကွာဝေးခြင်း၊ မသိရှိခြင်း စသည်တို့ဖြစ်ကြရသည်။ ၂၀၁၀- ခုနှစ်တွင် မလေးရှားနိုင်ငံတွင် မလေးနိုင်ငံသား အိမ်ရှင်တို့၏ မတရားပြုမှုများကြောင့် အိမ်ဖော်၊အိမ်အကူအလုပ်သမများစွာ ဒုက္ခရောက်၊ ဒဏ်ရာရ (အချို့မှာ သေရာပါဒဏ်ရာ)၊ အသတ်ခံခဲ့ရသော်လည်း၊ အမျိုးသမီးများအခွင့်အရေးကိုကာကွယ်တိုက်ခိုက်ပေးနေသော WAO သို့ အမှုအနည်းငယ်သာ ရောက်ရှိခဲ့သည်။ (WAO Annual Report 2010)

အမှုများတွင် လုပ်ခလစာကိုအချိန်မှန်မရခြင်းနှင့် လပေါင်းများစွာလစာ မပေးပဲထားခြင်းတို့သည်အများဆုံးဖြစ်သည်။ နိုင်ငံကူးလက်မှတ်နှင့်စာရွက် စာတမ်းများ ထိန်းသိမ်းထားခြင်း (ပေးသင့်ချိန်ရောက်သော်လည်း မပေးခြင်း)၊ အစာရေစာ ချို့တဲ့စွာကျွေးမွေးခြင်း စသည်တို့ဖြစ်သည်ဟု WAO မှလေ့လာတွေ့ရှိရသည်။ ၂၀၁၀ နှစ်စပိုင်းတွင် WAO သို့ ဖိလစ်ပိုင် နှင့် ဗီယက်နမ်မှ လာရောက်လုပ်ကိုင်နေသော အိမ်အကူနှစ်ဦး ဆက်သွယ်လာခဲ့ သည်။ လစာမပေးခြင်း၊ ရိုက်နှက်ခံရခြင်းများကြောင့် နိုင်ငံပြန်ရန် စရိတ်နှင့် စာရွက်စာတမ်းမရှိ (အိမ်ရှင်မှ ထိန်းသိမ်းထား၍) သောကြောင့်ဖြစ်သည်။ ထို့ကြောင့် WAO သည် သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ရာ ဖိလစ်ပိုင်သံရုံးသည်ယင်းနိုင်ငံသူအတွက်ထိရောက်စွာ ပူးပေါင်းကူညီမှု ပေးသဖြင့် လက်ကျန်လစာနှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိ၍ နိုင်ငံသို့ပြန်နိုင်ခဲ့သည်။ ဗီယက်နမ်သူလေးမှာမူ ကံဆိုးစွာပင်အဆင်မပြေဖြစ်၍ WAO ရုံးတွင် နှစ်ပတ်နီးပါးနေထိုင်ခဲ့ရပြီး၊ မည်သို့မျှအဆင်မပြေသည့်အတွက် ပြန်ရန်လမ်းစရိတ်အတွက် အလုပ်သစ်လုပ်ကိုင်ရန်စီစဉ်ပေးခဲ့ရပြီး၊ လမ်းစရိတ်ပြည့်သောအခါ၊ WAO အကူညီဖြင့်စာရွက်စာတမ်းများပြုလုပ်ကာ နိုင်ငံပြန်ပို့ခဲ့ရသည်။ (WAO Annual Report 2010)

ကမ္ဘောဒီးယားနိုင်ငံသူ Orn Eak (အသက်- ၂၈- နှစ်) သည် ၂-နှစ်ကျော်မလေးရှားအိမ်ရှင်၏ မတရားမှုများကို ခံစား၍ အိမ်အကူအလုပ်ကို လုပ်ခဲ့ရသည်။ သူသည် အသက်-၅ နှစ်အရွယ်ကလေး Ho Bora ၏မိခင်ဖြစ်ပြီး မိသားစုနှင့်မိမိ ကလေးအတွက် အိမ်အကူအလုပ်ကို မလေးရှားတွင် လာရောက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ သူမသည် မကြာခဏပင် ရိုက်နှက်ခံရပီး၊ အစာမကျွေးဘဲ အငတ်ထားခံခဲ့ရကြောင်း ပြောပါသည်။ အိမ်ထဲကို မြွေတစ်ကောင်ဝင်ရောက်ခိုအောင်းနေ၍ အိမ်ရှင်မှ အသုံးမကျဆိုကာ ရိုက်နှက်မောင်းထုတ်ခံခဲ့ရသည်။ သူမသည် အမြဲအပြစ်တင်ခံခဲ့ရသည်။ အိမ်ရှင်၏မိခင်သေဆုံးသည်ကိုပင်သူမအပြစ်ဟုဆိုကာ ရိုက်နှက်ကြသည်။ သူမကိုယ်ခန္ဓာတွင်အိမ်ရှင်ကြောင့် ဒဏ်ရာများ၊ အနာရွတ် များစွာရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ Kompong Thom ခရိုင်မှ၊ သူမသည် ၂၀၁၀ မှစ၍ မလေးရှားတွင် အိမ်အကူအလုပ်ကို လုပ်ကိုင်ခဲ့သည်။ အလုပ် စသည့်အချိန်မှစ၍ ပိတ်ရက်မရှိ ဆက်တိုက်လုပ်ကိုင်ခဲ့ရသည်။ မကြာခဏအရိုက်ခံရခြင်း၊ အစာငတ်ထားခြင်းစသည်တို့ကြုံခဲ့ရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ရှိသောသူမ၏ အမေ Ee Tha (အသက်-၅၅) ကပြောသည်မှာ ယင်း၏သမီးသည် မလေးရှားတွင်အိမ်အကူအလုပ်ကို ၂-နှစ် လုပ်ကိုင်ခဲ့သော်လည်း လုပ်ခလစာအနေနှင့် နှစ်ကြိမ်သာ ရရှိခဲ့သည်ဟုပြောသည်။ နှစ်ကြိမ်စုစုပေါင်း US$ 270 သာရခဲ့သည်။ ကန်ထရိုက်စာချုပ်နှင့် လုပ်ရိုးလုပ်စဉ်အတိုင်းဆိုလျှင် Orn Eak ၏လစာမှ ပါမစ်ကြေး၊ လဲဗီ (levy) ကြေးနှုတ်ပြီးသည်အပြင် ကျန်သင့်သည်မှာ တစ်လ $US 180 ကျန်ရပါ မည်။ သို့သော် ၂-နှစ်ကျော်လုပ်ခဲ့ပြီး၊ US$ 270 သာရခဲ့သည်။

အလုပ်ရှင်၏ နှိပ်စက်မှုများစွာခံခဲ့ရပြီး၊ သူမသည် ကမ္ဘောဒီးယားသို့ပြန်ရောက်ခဲ့သည်။ ရောက်ရောက်ခြင်းသူမသည် အလုပ်သမားအေဂျင်စီသို့ သွား၍ သူမအတွေ့အကြုံကိုတင်ပြခဲ့သည်။ အိမ်ရှင်ယောက်ျားနှင့်သူ့မိတ်ဆွေ- ၅-ယောက်ကရိုက်နှက်ကန်ကျောက်ပြီး မောင်းထုတ်ကြကြောင်းနှင့် အသေးစိတ် ပြောပြခဲ့သည်။ ဒဏ်ရာများကိုလည်း ပြခဲ့သည်။ မကြာမီသူမကို သူမအမေက Phnom Penh သို့လာရောက်ကြိုခဲ့သည်။ “ကျမသမီးကို တွေ့တဲ့အခါ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ကုတ်ရာ၊ ခြစ်ရာတွေနဲ့ကျမအလွန်ရင်နင့်ခံစားရပါတယ်။” ဟုပြောဆိုခဲ့သည်။ သူမအမေသည် အလုပ်သမား အေဂျင်စီရုံးတွင် သမီးလုပ်ခကိုမရမခြင်းမပြန်ဟုဆိုသည်အတွက် အလုပ်သမားအေဂျင့်များမှ ၂-နှစ်ကျော်အလုပ်လုပ်ခဲ့သည်ကို US$ 1200 ပေးခဲ့သည်။ သူမရမည့်လစာစုစုပေါင်း သုံးပုံတစ်ပုံ မျှပင်မရှိပါ။

သူမကိုလူမှုကူညီရေးအဖွဲ့မှလာရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံလူအခွင့်အရေးအဖွဲ့များ၏အဆိုအရ ၂၀၁၁-ခုနှစ်အတွင်း၊ ကမ္ဘောဒီးယားနိုင်ငံသူအိမ်အကူအလုပ်သမ ၁၁-ဦးသည်မလေးရှားအိမ်ရှင်တို့၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ (ကမ္ဘောဒီးယားနိုင်ငံသူအရေအတွက်)

မလေးရှား အတိုက်ခံပါတီ MP မှ Charles Santiago ကမလေးရှားအစိုးရနှင့် ရဲများကို လူ့အခွင့်အရေးချိုးဖောက်သူများ၊ တရားမျှတမှုမရှိသူများ၊ စသည်ဖြင့်ပြောဆိုခဲ့ပြီး၊ အိမ်ဖော်အိမ်အကူသေဆုံးမှုများကို စုံစမ်းစစ်ဆေးမှုများထိရောက်စွာမလုပ်၊အရေးမယူသည့်အတွက် ပြစ်တင်ခဲ့သည်။

စောင့်ကြည့်ရုံသာ စောင့်ကြည့်သော “လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့” (Human Rights Watch) မှပြောသည်မှာ အိမ်အကူတို့သည်တစ်ရက် တစ်ရက်အချိန်ကြာရှည်စွာလုပ်ရခြင်း၊ နားရက်မရှိခြင်း၊ အစာချို့တဲ့ခြင်း၊ လစာမရခြင်းစသည်တို့ကြုံတွေ့နေရ၍ ပြုပြင်သင့်ကြောင်း ပြောပါသည်။

အိမ်ဖော်အိမ်အကူများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ နှင့်အခြားများစွာသောအမှုများကြောင့် ကမ္ဘောဒီးယားသည် မလေးရှားသို့အိမ်ဖော်ပို့ခြင်း ကိုပိတ်ခဲ့သည်။ ထို့သို့ပိတ်သည့်အတွက် ကမ္ဘောဒီးယားအစိုးရအဖွဲ့သည်၊ အလုပ်သမားအေဂျင်စီများနှင့်အတိုက်ခံပြဿနာများစွာတက်ခဲ့ရသည်။ သို့သော်သူ့နိုင်ငံသူများကို ကာကွယ်သောအစိုးရနှင့်သူ့အဖွဲ့သည်ဖြေရှင်းနိုင်ခဲ့ပါသည်။

ယခုလက်ရှိ မလေးရှားသည်အိမ်ဖော်ရရှိရေးအတွက် အင်ဒိုနီးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီး၊ မကြာခင်အချိန်အတွင်းအင်ဒိုနီးရှားမှ အိမ်ဖော်နှင့်အိမ်အကူများရောက်လာဖွယ်ရှိပါသည်။ ထို့်ကြောင့် ကျွန်ုပ်တို့မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနှင့် မလေးရှားသို့မြန်မာအစိုးရက မိမိ နိုင်ငံသူများကို အိမ်ဖော်ကျွန်လုပ်ရန်စီစဉ်နေမှုကို အပြင်းအထန်ကန့်ကွက်ကြပါရန်နှင့် ဤကိစ္စလုံးဝပျက်စီးသွားရန်ထိ ကြိုးပမ်းသွားကြရန် လေးစား စွာတိုက်တွန်းလိုက်ရပါသည်။

ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref: WAO Annual Report 2010
Cambodia News
Phnom Penh Post

အပြည့်အစုံသို့.....

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP