ငါတို့ချစ်တဲ့ ဧရာဝတီ

>> Friday, September 23, 2011

"ငါတို့ချစ်တဲ့ ဧရာဝတီ"

ငါတို့ချစ်တဲ့ ဧရာဝတီရေ
ငါတို့ပြုသမျှကုသိုလ်
သင့်အဖို့ ဝေငှမယ်
စီးဆင်းမြဲ စီးဆင်း
သံသရာတိုင် စီးဆင်းစေ

နိုင်းမြစ်ရဲ့ လှိုင်းဘွဲ့တွေထက်
မခို့တရို့နဲ့ ချွေးစို့နေတဲ့
ငါတို့ရဲ့မိခင် ဧရာဝတီကို ချစ်တယ်

လရောင်အောက်က မစ်စစ္စပီထက်
နွေဦးပန်ရင်း ရှက်သွေးဖြာနေတဲ့
ရာဇဝင်များရဲ့ သတို့သမီးကို ချစ်တယ်

ဒုဋ္ဌဝတီရဲ့ သမိုင်းကြောင်းမှာ
ရာဇဝင်တွေအထပ်ထပ် စီးဆင်း
ငါတို့ဘိုးရဲ့မျိုးချစ်ဓား
သူ့မျက်ရည်နဲ့ သုတ်လိမ်းလို့
နောင်ရိုးက သက်သေတည်ခဲ့ပြီ

ဒီမြေပေါ်မှာ သစ္စာတည်လို့
သူ့ရင်ကိုခွဲ အလျားလိုက် စီးဆင်းပြရင်း
ကမ်းပါးတစ်လျှောက် သူ့အသွေးအန်ထုတ်
ငါတို့မြေကို စိမ်းလန်းစေခဲ့ပြီ
ဒါဟာတို့မြေဆိုရင်
ဧရာဝတီဟာ ငါတို့ရဲ့ အမေဖြစ်တယ်

ရာဇဝင် အဟောင်းအသစ် ဘယ်ခေတ်ဖြစ်နေနေ
ဆရာဇော်ဂျီရဲ့ မဗေဒါလို
အပြုံးမပျက် သွေးစက်လက်နဲ့
ဒီမြေအတွက် စီးဆင်း
တစ်ရံတစ်ဆစ်မှ မငြီးခဲ့သူ

ဒီမြေရဲ့မိခင် ဣနြေ္ဒနဲ့စီးဆင်း
သူ့ဝမ်းစာ သယံဇာတကို
ပြည်လျှံဖြိုး ကျက်သရေတိုးအောင်
ထုတ်အန်လို့ ကျွေးခဲ့ပြီ

ငါတို့ချစ်တဲ့ ဧရာဝတီ
ငါတို့ရဲ့မိခင် ဧရာဝတီ
တိုင်းရင်းသားအားလုံးရဲ့ ဝိဥာဉ်
မိခင်စိတ်နဲ့ မြစ်တစ်စင်း
စုန်ရေပဲ စီးဆင်းခဲ့တယ်

ချစ်သော မိခင် ဧရာဝတီရေ
ခွာသံရိုင်းရိုင်း အတ္တမှိုင်းကြောင့်
ဆယ့်ရှစ်ခေါဘဏီ တပ်ကြီးချီလျက်
နဒီမိခင် ဝတီခင်ကို
ရင်တွင်းခွဲလှန် ပျက်အောင်ကြံလည်း
သစ္စာကျေးဇူး အထူးသိမြင်
နရသိန်ဓား မျိုးချစ်အားနှင့်
နောက်ဆုံးအသက် သွေးစက်ကျန်ထိ
ရင်မြေကတုပ် ကာဆီးမြှပ်မည်
ငါ့ခန္ဓာအား လှူပါ၏

အလင်းအားဖြင့်.....
ညမီးအိမ်

1 comments:

မောင်ပါလ September 23, 2011 at 7:58 PM  

ဒီကဗျာလေးကို ကျနော့်သူငယ်ချင်း ညမီးအိမ်က မေးလ်ထဲကို ပို့ပေးလာတဲ့အတွက် ဘလော့ခ်မှာ တင်လိုက်တာပါ။ ဆိုရှယ်ဆိုဒ်တခုမှာ ဒီကဗျာကို ရေးသူကလောင်နာမည်ပြောင်းပြီး တင်ထားကြောင်း သိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။

ကဗျာကို ချစ်တတ်ပြီး ကဗျာရေးသူတွေကို လေးစားတန်ဖိုးထားတတ်ကြပါစေဗျာ။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP