ကျနော်တွေးမိ ပြောမိရာ.....

>> Thursday, August 18, 2011

မြန်မာပြည်နိုင်ငံရေး အခြေအနေကို ကျနော် မြင်တွေ့ရသလောက် သုံးသပ်ကြည့်မိတာပါ...

လက်ရှိ အရပ်သားအစိုးရအယောင်ဆောင် စစ်အစိုးရက ပြည်သူလူထုနှင့် အတိုက်အခံတွေအပေါ် အပြုသဘောဆောင်သည်ဟု ထင်ယောင်ထင်မှားဖြစ်စရာရှိသော ချဉ်းကပ်မှုလေးတွေ လုပ်ပြလာပါတယ်။

ဘယ်တုန်းကမှ သူတို့အပေါ် ယုံကြည်လေးစားမှု မရှိခဲ့ကြတဲ့ ပြည်သူလူထုက အစိုးရသစ်အပေါ် (အနည်းဆုံးတော့ သိန်းစိန်အစိုးရက သိပ်မဆိုးလှပါဘူး) ဆိုတဲ့ ပြည်သူလူထုရဲ့ မ၀ံ့မရဲ ယုံကြည်မှုလေးလောက်ဖြစ်ဖြစ် ရနိုင်ကောင်းရဲ့ဆိုတဲ့အကြံနဲ့ တို့တိတို့တိ မဖြစ်စလောက်လေးတွေ လုပ်ပြလာပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားတွေအပေါ် လက်တလုံးကြား လှည့်စားဖို့ကြံစည်နေပြီး ပျားရည်နဲ့ဝမ်းချ နေတယ်လို့ ကျနော် မြင်မိတာပါ။

အစိုးရသစ်တရပ်အနေနဲ့ တာဝန်ယူတဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ တိုင်းပြည်အတွင်းမှာ အဓိကကျတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ပြတ်ပြတ်သားသား ဘာတခုမှ မလုပ်နိုင်သေးပါဘူး။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာတောင် မလုပ်ပေးနိုင်သေးဘဲ မယောင်ရာဆီလူးနေတဲ့ အစိုးရ……

ပြည်တွင်းပြည်ပအတိုက်အခံရော.. နိုင်ငံတကာကပါ ၀ိုင်းပြီး တောင်းဆိုနေတာတောင် ယနေ့အချိန်အထိ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးဖို့ အရိပ်အယောင်တောင် မပြသေးဘူး။

ဒီကြားထဲက ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်တာတွေ……
တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေ…….
တပ်မတော်အတွင်း ဖြုတ်/ထုတ် အလုပ်ရှုပ်နေတာတွေနဲ့ အတွင်းထဲလှိုက်စားခံနေရဆဲ ပြည်သူတွေရယ်.. အရှေ့၊ အနောက်၊ တောင်၊ မြောက် ပြေးလွှားနေရတဲ့ ပြည်သူတွေကတော့ ဒုံရင်းက ဒုံရင်းပါပဲ။

ဒီလိုအချိန်မျိုးမှာ စစ်အစိုးရသစ်အနေနဲ့ ရှေ့က ပထွေးတွေသွားတဲ့ လမ်းအတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး (ပြည်ထောင်စုဝန်ကြီး) ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပွဲလေးတွေ လုပ်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးစဉ်မှာ လုံခြုံရေးတာဝန်လေးတွေ ယူပြတယ်။

အခြားတဖက်မှာ အပစ်အခတ်ရပ်ဆဲရေးကို တိတိကျကျ လုပ်ဆောင်ခြင်း မရှိသေးဘူး။ တဖက်မှာဆွေးနွေးသယောင်ယောင်နဲ့ တဖက်မှာ အကြီးအကျယ် ထိုးစစ်ဆင်တယ်။

နိုင်ငံတကာအမြင်ကောင်းအောင် သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြန်တော့လည်း အလွမ်းဓာတ်ခံကောင်းတဲ့ ၀န်ကြီးက ထိုင်ငိုလို့ တိကျတဲ့ ဖြေရှင်းချက်တွေ မထုတ်ပြန်နိုင်ဘူး။

သမ္မတကြီးကလည်း ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေကို ပြန်လာခွင့်ပြုတယ်ဆိုပြီး လေချိုသွေးပြန်တယ်။

အနာတခြား၊ ဆေးတခြားနဲ့ ဒါဟာ ဦးနေ၀င်းလက်ထက်ကစပြီး အစဉ်အဆက် အသုံးပြုခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေး ဆေးမြီးတိုပါပဲ။

ကျနော်တို့တိုင်းပြည်ဟာ ဆေးမြီးတိုနဲ့ ကုလို့မရတော့တဲ့ အခြေအနေဆိုတာ စစ်ဗိုလ်ချုပ်တွေ သိသိကြီးနဲ့ လှည့်စားနေကြတုန်းပဲ ရှိနေပါတယ်။ တကယ်ပဲ မြန်မာနိုင်ငံကြီးကို အေးချမ်းသာယာ စေချင်တယ်ဆိုရင်၊ တကယ်ပဲ မြန်မာနိုင်ငံကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင်၊ လက်ရှိ အစိုးရအနေနဲ့ ဘာလုပ်သင့်သလဲဆိုတာ သမ္မတအကြံပေးတွေ ဘာတွေကို မေးမနေပါနဲ့။

ပြည်သူလူထုကို တည့်တည့်မေးကြည့်လိုက်ပါ။ ကျနော်တို့ ပြည်သူလူထုက ဟိုးအရင် မဆလခေတ်ကနေ ဒီနေ့ အယောင်ဆောင် အရပ်သားအစိုးရအထိ အစိုးရအဆက်ဆက် ဖိနှိပ်ရက်စက်မှုတွေအောက်မှာ အားကိုးစရာ ကောက်ရိုးတမျှင်ကို အမိအရဆုပ်ကိုင်ထားရမယ်ဆိုတာ အားလုံးရဲ့ရင်ထဲမှာ သံမှိုစွဲသလို မှတ်ယူထားပြီးသားပါ။

ဒါကြောင့် သမ္မတကြီး ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများအားလုံးကို ပြည်သူလူထုအားလုံးရဲ့ကိုယ်စား ကျနော့်အနေနဲ့ မေတ္တာရပ်ခံ အကြံပေးချင်ပါတယ်။

ပြည်သူလူထု တကယ်မြင်တွေ့ချင်တဲ့ပုံစံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံနေမယ့်အစား ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးပါ။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်မခေါ်သေးခင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးပေးပြီး နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါ။

ပွင့်ပွင့်လင်းလင်းမပြောရတဲ့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြနေမယ့်အစား သတင်းလွတ်လပ်ခွင့်လေးကို ပေးကြည့်လိုက်ပါ။

တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရ အနိုင်ယူဖို့ ကြိုးစားနေမယ့်အစား ပြည်သူလူထု ယုံကြည်ကိုးစားမယ့် တပ်မတော်တရပ်ဖြစ်အောင် ပြုပြင်လိုက်ပါ။

အဲဒီလို တကယ်တမ်း ဦးသိန်းစိန်အစိုးရက ပြည်သူလူထု အကျိုးအတွက် စေတနာသန့်သန့်နဲ့ လုပ်မယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုတရပ်လုံးကလည်း ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်လေရာ ပြည်သူလူထုက တခဲနက် ကြိုဆိုဂုဏ်ပြုသလိုမျိုး သမ္မတကြီးရဲ့ အစိုးရကို ကြိုဆိုဂုဏ်ပြုကြပါလိမ့်မယ်…။

အဲလိုမှ မဟုတ်ဘူးဆိုရင်တော့………..။

N.M.T (ညီမင်းသစ်)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP