ဧရာဝတီကို ကယ်တင်ကြစို့

>> Friday, August 12, 2011

“ဧရာဝတီကို ကယ်တင်ကြစို့”

ဧရာဝတီ... ဆိုတာ
ငါတို့အမိမြန်မာပြည်ရဲ့
နှလုံးသည်းပွက်ပဲ မဟုတ်လား...

ဧရာဝတီဆိုတာ..
ငါတို့ အမိမြန်မာပြည်ရဲ့
ရာဇ၀င်မှတ်တမ်းတွေကို
သူ့ရင်ဘတ်ထဲမှာ
ထာဝရသိမ်းဆည်းပေးခဲ့တာ...

လောကဓံလှိုင်းတံပိုးအောက်မှာ
အဲဒီ.. ဧရာဝတီအလှရှင်ဟာ
အပြုံးတချက် မပျက်ခဲ့ဘူး
ငါတို့အားလုံးအတွက်
သူ့ခံစားချက်ကို သိုဝှက်
ပေးဆပ်မြဲ ပေးဆပ်ခဲ့တာ
တို့အားလုံး အသိပါကွယ်...

အခုတော့...
ကြည့်စမ်းပါဦးကွယ်...
ဧရာဝတီကိုမှ
ရက်ရက်စက်စက် သတ်ဖို့ကြံကြသတဲ့..
လုပ်ရက်ကြလေခြင်း...
ငါတို့တမျိုးသားလုံးရဲ့ အသည်းနှလုံးကို
အစိတ်စိတ်ခွဲဖို့ ကြံရက်ကြလေခြင်း..
တကယ်ပါ...
ရင်ထဲ မချိအောင်နာတယ်ဆိုတာ.

အမျိုးပျောက်မှာ စိုးကြောက်ကြသူတို့ရေ...
ဧရာဝတီသေရင် ငါတိုလည်းသေပြီ..
ဧရာဝတီပျောက်ရင် ငါတို့လည်းပျောက်ပြီ..

ဒါဟာ... မြန်မာ့သမိုင်းကြောင်းတခုလုံးကို ကွပ်မျက်တာ
ဒါဟာ... အမျိုး၊ ဘာသာ၊ သာသနာကို ထိပါးတာ
ဒါဟာ... တတိုင်းပြည်လုံးကို ဖျက်ဆီးတာ
ဒါဟာ... ငါတို့တမျိုးသားလုံးကို စော်ကားတာ

ငါတို့... အားလုံး... အားလုံး...
အမိမြန်မာပြည်ရဲ့
ကြီးကျယ်လွန်းတဲ့ မဟာမြစ်ကြီးအတွက်
လက်ချင်းတွဲယှက် ကာကွယ်ကြစို့
သွေးစည်းကြစို့ ညီနောင်တို့ရေ...။

N.M.T (ညီမင်းသစ်)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP