ကရင်တကျပ် ဗမာတကျပ်

>> Saturday, December 19, 2009

ငယ်ငယ်လေးကတည်းက ကြားခဲ့ဖူးသောစကားဖြစ်သည်။
အရွယ်ရောက်တော့ အဖေ၊ အမေတို့အား အဓိပ္ပါယ်ကိုမေးကြည့်ခဲ့သည်။
မြန်မာပြည်၌ တိုင်းရင်းသားလူမျိုးများ များစွာရှိကြောင်း၊ အုပ်ချုပ်သောအစိုးရသည် တိုင်းရင်းသားလူမျိုးအားလုံးအား
တန်းတူညီမျှသောအခွင့်အရေးကိုပေးရန်အတွက် တောင်းဆိုသောစကားဖြစ်ကြောင်း အဖေကရှင်းပြခဲ့သည်။ ထိုအချိန်ကတည်းက
ကရင်တကျပ် ဗမာတကျပ် ကို မောင်ပါလအပြည့်အ၀ထောက်ခံခဲ့သည်။ “အင်းပေါ့အဖေရ........သားတို့ကျောင်းသွားလို့ ကိုကြီးကိုမုန့်ဖိုးနှစ်ကျပ်ပေးပြီး သားကိုတကျပ်ပဲပေးရင် သားဘယ်ကျေနပ်ပါ့မလဲ” ဟု အဖေ့အားပြန်ပြောခဲ့ဖူးသည်။ အဖေက တဟားဟားရယ်၍ ဟုတ်တာပေါ့..........ဟုတ်တာပေါ့ ဟုထောက်ခံသည်။ အမေကတော့
ပြုံးနေခဲ့ပါသည်။(ထိုအချိန်ကပြုံးနေသော အမေ၏အပြုံးတွင် အဓိပ္ပါယ်တချို့ရှိနေမှန်း မောင်ပါလနားမလည်ခဲ့ပါ။)

ကြာခဲ့ပါပြီ.............. မောင်ပါလလည်းလွင့်ချင်ရာလွင့်နေပြီး မလေးရှားနိုင်ငံတွင် သောင်တင်နေခဲ့သည်။ လူမှုရေး၊ နိုင်ငံရေး မဆိုစလောက်လုပ်ခဲ့သည်။ မြန်မာပြည်မှထွက်လာကြကုန်သော တိုင်းရင်းသားလူမျိုးများအပေါ် မလေးရှားဌာနခွဲ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ကြီးတခု၏ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ခဲ့ရသည်။ ကြုံတွေ့နေရဆဲလည်း ဖြစ်သည်။ ယခုအချိန်ကြမှ တချိန်ကအမေ့အပြုံးကို
တရေးရေးမြင်ယောင်ရင်း နားလည်သလိုရှိခဲ့သည်။

မလေးရှားနိုင်ငံ၌ရောက်ရှိနေသော မြန်မာပြည်မှထွက်လာကြသည့် တိုင်းရင်းသားချင်းအတူတူကိုပင် အထက်ပါအဖွဲ့ကြီး၏ ဦးစားပေးခံရသည့်လူမျိုးနှင့် ချောင်ထိုးခံရသည့်လူမျိုးဟူ၍ နှစ်မျိုးကွဲပြားနေသည်။ ဦးစားပေးခံရသည့်လူမျိုးဆိုလျှင် မြန်မာပြည်မှ မလေးရှားသို့ လေယာဉ်နှင့်ထွက်လာ၊ ရောက်ပြီးသုံးလမကြာ စာရွက်ရ၊ ငါးလလောက်ဆိုလျှင် ကဒ်ထွက်၊ တနှစ် တနှစ်ကျော်အတွင်း တတိယနိုင်ငံရောက်သွားသူများ တပုံတပင်။ ချောင်ထိုးခံရသည့်လူမျိုးများမှာ နေမကောင်း၍ ဆေးရုံ ဆေခန်းသွားပြစရာပင် အထောက်အထားမရှိကြ။

ယခုကဲ့သိုသောအခြေအနေမျိုး၌ မြန်မာပြည်မှထွက်လာကြသော ဒုက္ခသည်ချင်းအတူတူ ဦးစားပေးခံရသောလူမျိုးများမှာ ချောင်ထိုးခံရသောသူများအား လက်တွဲခေါ်ယူသင့်သည်။ အဆိုပါအဖွဲ့ကြီးအား တရားမျှတမှုရှိစေရန်အတွက် အတူတူလက်တွဲ၍ တောင်းဆိုသင့်သည်။ ငါတို့နှင့်မဆိုင်ပါဘူး။ ငါတို့ရနေတာပဲဟုတွက်ကာ မျက်နှာတဖက်လွှဲ၍ ငြိမ်မနေသင့်။ မည်သူမဆိုကိုယ့်ဖက်ကနာလျှင် ထအော်တတ်ကြသည်။ ကိုယ့်ဖက်ကသာခဲ့သည် ဆိုပါလျှင်ကော........။
ကိုယ်နာတုန်းက ထအော်တတ်ကြပြီး ကိုယ်အသာရသည့်အချိန် ငြိမ်နေကြမည်ဆိုလျှင် တရားမျှတမှုရှိနိုင်ပါသလား။ ထိုသို့ငြိမ်နေကြမည်ဆိုပါလျှင် သေနတ်တဒိုင်းဒိုင်းပစ်၍ ကရင်တကျပ် ဗမာတကျပ်ဟု တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသောအတိတ်သည် မေ့ဖျောက်ပစ်၍ မရစကောင်းပါကြောင်း................။

(တိုင်းရင်းသားတိုင်း တန်းတူညီမျှရေးကို ဦးတည်၍ရေးပါသည်။ မြန်မာပြည်မှ တိုင်းရင်းသားလူမျိုးအားလုံးအား ရည်ရွယ်ပါသည်။)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP