စစ်တပ်တွင်းနေရာချထားမှုသတင်းများနှင့်ပတ်သက်၍

>> Saturday, August 28, 2010

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁၃/၂၀၁၀)
(၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၇ ရက်)

သတင်းတွေအားလုံးက တညီထဲပြောနေရေးနေတာက ထိပ်ပိုင်း ၁၂၃၄ တပ်ရာထူးကအနားယူကြမည်ဆိုတာပဲဖြစ်သည်။ ၁၂၃၄ ဆိုသည် မှာ ၁။ ဗိုလ်သန်းရွှေ ၂ ။ ဗိုလ်မောင်အေး ၃။ ဗိုလ်ရွှေမန်း ၄။ ဗိုလ်တင်အောင်မြင့်ဦး တို့ကိုဆိုလိုသည်။ အခြားရာထူးနေရာများနှင့် ပတ် သက်၍လည်း အသေး စိတ်ဖေါ်ပြထားကြသည်။ အတိကျတော့မည်သူမျှပြောနိုင်လိမ့်မည်မဟုတ်ပါ။ သို့အတွက်ယခုရေးသားချက်တွင် ခန့်မှန်း တွက်ချက်ရေးသားရသဖြင့် “လိမ့်မည်”တွေသာများလိမ့်မည်။

သေချာသည်မှာ ဖြစ်ပေါ်လာတော့မည့် အခြေခံဥပဒေ(၂၀၀၈) နှင့်လိုက်လျောညီထွေရှိရမည့် နေရာချထားမှုလုပ်ကိုလုပ်ရမည်။

သို့အတွက် နေရာချထားမှုသည် ကျယ်ပြန့်သလောက်အရေးပါလိမ့်မည်။ နေရာချထားမှု၏ အဓိကမဏ္ဍိုင်မှာ အာဏာ လက်မလွတ် ရေးနဲ့ ဆက်လက်ချုပ်ကိုင်ထားနိုင်ရေးသာဖြစ်သည်။

မကြာသေးမီက ဗိုလ်သန်းရွှေ ဦးစီးကျင်းပသွားသည့် အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးတွင် ယင်း ကိစ္စကြီးများကို ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်လိမ့်မည် ယူဆရပါသည်။ ယင်းနောက်နေရာချထားမှု သတင်းများ ရှေ့ဆင့်နောက်ဆင့်ထွက်လာသည်။

နေရာချထားမှုကို ဗိုလ်သန်းရွှေကပဲ စိတ်ကြိုက်လုပ်မှာသေချာသည်။ သူသည် လက်ရှိနံပတ်ဝမ်းဖြစ်သည်။ သို့အတွက် နေရာချ ထားမှုကို သူ့ကိုယ်တိုင်ပိုင်ပိုင်နိုင်နိုင်စီမံလိမ့်မည်ကို ယုံမှားသံသယရှိစရာမလို။

ထို့အပြင် ဖြစ်ပေါ်လာမည့်နေရာချထားမှုတွင်လည်း ဗိုလ်သန်းရွှေသည် အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်သည့် နေရာချ ထားမှုပုံစံကိုသာယူရလိမ့်မည်။ အခြားပုံစံဖြစ်နိုင်လိမ့်မည်မထင်ပါ။ သို့ဖြစ်သဖြင့် အနာဂတ်ကာလတွင် အာဏာကိုဆက်လက် ထိန်းချုပ် ထားနိုင် မည့်နေရာမှာ (ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ တွင်ပြဌာန်းထားချက်အရ) သမ္မတနေရာကိုသာယူရလိမ့်မည်။တခြားမရှိပါ။ ကာကွယ် ရေးဦးစီးချုပ် ဆက်လုပ်ရန်လည်း အသက်က ခွင့်မပြုတော့ပြီ။

ဗိုလ်သန်းရွှေသည် အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး အထွဋ်အထိပ်နေရာကို မယူဝံ့လျှင် ရာဇဝင်ရိုင်းသည်ဟု ယူဆပေလိမ့်မည်။

ထို့အပြင် ခန့်အပ်ရမည့် ကာကွယ်ရေးဦးစီးချုပ်အသစ်သည် သမ္မတကလုံးလုံးလျားလျား မီးသေသူသာဖြစ်ရမည်။

“ငါ့ကိုသာ အရှင်မှတ်၊ ငါချစ်ရာချစ်၊ ငါမုန်းရာမုန်း၊ ငါ့ရန်သူကို ရန်သူမှတ်” ဆိုသကဲ့သို့ မီးသေနိုင်မည့်သူကို စစ်တပ်ထဲတွင်ရှာဖွေရန် ဗိုလ်သန်းရွှေ အတွက် အခက်အခဲမရှိနိုင်ဟု ယူဆသည်။ ဗိုလ်သန်းရွှေသည် ယင်းသို့တွက်ချက်ပြီး နေရာချထားလိမ့်မည်ဟုတွက်ဆပါသည်။ ယင်း အချက် ၂ ခုသည် နေရာချထားရေး၏ အချက်အချာဖြစ်လိမ့်မည်ဟု ယူဆပါသည်။

စစ်အုပ်စုတွင်း တိုက်ပွဲဆိုသည်မှာ လောလောဆယ်ကာလအတွင်း ထွက်ပေါ်လာနိုင်စရာမရှိသေးဟု ယူဆပါသည်။ ဗိုလ်သန်းရွှေဓါး အထက်ဆုံး ကာလဟု ယူဆပါသည်။ ယင်းကာလသည် အကန့်အသတ်တော့ရှိပါသည်။ ယခုအချိန်သည် ဗိုလ်သန်းရွှေ အာဏာမွန်းတည့်ချိန်။

ထို့အပြင် စစ်တပ်တွင်း နေရာချထားမှုကလည်း တိုင်းပြည်အတွက် အကျိုးရှိမည့် အပြောင်းအလဲကိုမျှော်လင့်နိုင်စရာမရှိပါ။

ဘယ်သူပဲ သမ္မတဖြစ်ပါစေ။ ဘယ်သူပဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါစေ။ စစ်အုပ်စုရှိနေသမျှ ၊ စစ်အာဏာရှင်စနစ်တည်ရှိနေသမျှ အခြေခံ ဥပဒေ(၂၀၀၈) အာဏာတည်နေသမျှ ပြည်သူများသည် စစ်မှန်သော ဒီမိုကရေစီနှင့် အလှမ်းဝေးနေလိမ့်မည်။ စစ်မှန်သော ပြည်ထောင်စု တည်ထောင်နိုင်လိမ့်မည်မဟုတ်ပါ။ စစ်အာဏာရှင်စနစ်သည် စစ်အာဏာရှင်စနစ်အဖြစ်သာတည်ရှိနေပါလိမ့်မည်။

သို့အတွက် ပြည်တွင်းပြည်ပ အင်အာစုအားလုံး၏ အဓိက ဦးတည်ချက်သည် စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက်ရေးသာ ဖြစ်မြဲဖြစ်သည်။

Ref ; လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP