လူ့ဘောင်သစ်ပါတီနှင့် အမည်တူအဖွဲ့ စစ်အစိုးရထံတွင် မှတ်ပုံတင်

>> Wednesday, April 7, 2010

လူ့ဘောင်သစ်က ဖြန့်ဝေသည့် ပို့စကတ်။
လူ့ဘောင်သစ်ပါတီ၏ နောက်ခံသမိုင်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

နာမည်ကြီး ပါတီများ၏ အမည်တို့ဖြင့် နိုင်ငံရေးအဖွဲ့များ ဖွဲ့စည်း လှုပ်ရှားနေချိန်တွင် လူ့ဘောင်သစ် ဒီမိုကရစ်တစ်ပါတီ (DPNS) ၏ အမည်ကို ဆင်တူယိုးမှား ပြုလုပ်ထားသည့် အဖွဲ့တခု ပေါ်ပေါက်လာသည်။

ဧပြီ ၆-ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် “မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ” အမည်ရှိ အဖွဲ့တခုသည် နိုင်ငံရေးပါတီ ဖွဲ့စည်းရန် ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်လွှာတင်ထားကြောင်း ဖော်ပြထားသည်။

ထိုအဖွဲ့သည် ၎င်းတို့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း DPNS တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက မိုးမခကို ပြောသည်။

DPNS သည် ၂၀၀၈ အခြေခံ ဥပဒေအောက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည်ဟု ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သည့် ကိုငွေလင်းက ပြောသည်။

လူ့ဘောင်သစ် အမည်ခံပြီး ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ရန် ကြိုးပမ်းနေသူများက ၎င်းတို့ မည်သူမည်ဝါတို့ ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ကိုငွေလင်းကမူ ထိုပုဂ္ဂိုလ်များသည် DPNS နှင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကင်းကွာခဲ့သူများ၊ DPNS နှင့် မူဝါဒချင်း မတူညီသူများ ဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီက ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သော ကိုဇင်အောင် ဆိုသူ ပါဝင်နိုင်ဖွယ် ရှိသည်ဟု ကိုငွေလင်းက ပြောသည်။

DPNS အဖွဲ့ဝင်ဟောင်း ကိုဇင်အောင်သည် ယမန်နှစ်က လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဟူသော အမည်ဖြင့် စစ်အစိုးရ ထောက်ခံရေး ဟောပြောပွဲတွင် ဦးဆောင်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း နာမည်ကြီးလာသည့် ကိုအေးလွင် ဆိုသူနှင့် နီးစပ်သူဖြစ်သည်ဟု သိရသည်။

DPNS နည်းတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ အမည်ကိုလည်း နိုင်ငံရေးသမား တချို့က ဆင်တူယိုးမှား ပြုလုပ်နေကြသည်။ ၎င်းတို့မှာ ၀ံသာနု NLD အဖွဲ့၊ အမျိုးသား လူငယ် NLD (မြန်မာနိုင်ငံ)၊ ဒီမို NLD ဟူသော အဖွဲ့များ ဖြစ်သည်။ ထိုအဖွဲ့များ၏ တူညီသော အချက်တခုမှာ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံကြခြင်း ဖြစ်ပြီး နေရာအများအပြားတွင် ဟောပြောစည်းရုံးမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

Ref: မိုးမခ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP