၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အာဆီယံနိုင်ငံအချို့၏ သဘောထားများ

>> Wednesday, April 7, 2010

ဖိလစ်ပိုင်နိုင်ငံ၏ သဘောထား

(ရွေးကောက်ပွဲဥပဒေမှ ပြဌာန်းချက်အချို့ကို ပြင်ဆင်ပေးပါ)

မတ်လ ၁၇ ရက်နှေ့ကစတင်ကျင်းပသော ဘက်မလိုက်နိုင်ငံများ ညီလာခံတွင် အလွတ်သဘော တွေ့ဆုံစဉ်၊ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Alberto Romuloက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရစေသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များကို ပြင်ဆင်ပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား တိုက်တွန်းခဲ့သည်။ သို့သော် ယင်းတောင်းဆိုမှု ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက ငြင်းဆန်ပယ်ချခဲ့သည်။
( ဗွီအိုအေ၊ မတ် ၁၈၊ ၂၀၁၀ )

ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကလည်း၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံတကာနှင့်မဟာဗျူဟာ လေ့လာရေးဌာန ဆွေးနွေးပွဲတခုတွင် Alberto Romulo က၊ ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ခွင့်မပြုပဲ ၂၀၁၀ ရွေးကောက် ပွဲကို မြန်မာအစိုးရက ပြုလုပ်သွားမည်ဆိုပါက ယင်းရွေးကောက်ပွဲမှာ ဘာမျှအဓိပ္ပါယ် ရှိမည်မဟုတ်ကြောင်း၊ ဒီလို ရွေးကောက်ပွဲကနေ စစ်အစိုးရပြောသည့် ဒီမိုကရေစီဖေါ်ဆောင်ရေး လုပ်ငန်းများကလည်း အောင်မြင်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
( ဖေဖေါ်ဝါရီလ ၆ ၊ ၂၀၁၀ ။ ဘီဘီစီ )

စင်္ကာပူနိုင်ငံ၏ သဘောထား

(အမျိုးသားပြန်လည်သင့်မြတ်ရေး ပိုခက်ခဲနိုင်)

အင်န်အယ်လ်ဒီက ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရန်ဆုံးဖြတ်လိုက်သည့်အတွက် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် ပိုမိုခက်ခဲသွားနိုင်ကြောင်း စင်္ကာပူနိုင်ငံခြား ရေးဌာနက ထုတ်ပြန် သည်။ မြန်မာအစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေကြောင့် ယင်းရလာဒ် ထွက်ပေါ်လာသည့် အတွက် စိတ်ပျက်မိကြောင်းလည်း ယင်းကြေညာချက်တွင်ပါရှိသည်။ ရွေးကောက်ပွဲ တရားဝင်ဖြစ်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ မရှိမဖြစ်လိုအပ်သည်ဟု စင်္ကာပူနိုင်ငံက တလျှောက်လုံး လက်ခံထား ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲများတွင် အင်န်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေးပါတီအားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း၊ သက်ဆိုင်သူအားလုံး ညှိနှိုင်းဆွေးနွေးကြဖို့လိုအပ်သည်ဟု ယူဆပြီး။ စင်္ကာပူနိုင်ငံအနေဖြင့် ယင်းသို့ဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်းပါကြောင်း ယင်းကြေညာချက်တွင် ဖေါ်ပြထားသည်။

စင်္ကာပူနိုင်ငံ အာဏာရပါတီ အမတ်တဦးဖြစ်သူ မစ္စတာချားလ်စ်ချောင်ကတော့ ပါတီခေါင်းဆောင် ကို ထုတ်ပြီးမှ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခွင့်ရမယ်ဆိုတဲ့ ကိစ္စဟာ အဓိပ္ပါယ်မရှိဘူး။ အင်န်အယ်လ်ဒီ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ သူ့တဦးချင်းအနေဖြင့် ယူဆကြောင်း ပြောဆိုသွားသည်။
( အာရ် အက်ဖ် အေ။ မတ် ၃၁၊ ၂၀၁၀ )

အင်ဒိုနီးရှားနိုင်ငံ၏ သဘောထား

(အတိုက်အခံ ပါတီပါသည့် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးပါ)

အင်န်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို ကန့်သတ်ထားသည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ နှင့်ပတ်သက်၍ ဧပြီလ ဒုတိယပတ်အတွင်း ကျင်းပမည့် ဟနွိုင်း အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးကြမည်ဟုသိရသည်။

အာဆီယံရေးရာညွှန်ကြားရေးမှူး Vitavas က ဧပြီလ ၇ ရက်နေ့တွင် မြန်မာ့အရေးကိစ္စကို အာဆီယံ ၀န်ကြီးများ ဆွေးနွေးကြမည်ဟုဆိုသည်။

အင်ဒိုနီးရှား နိုင်ငံက မြန်မာအစိုးရအနေဖြင့် ကတိပေးထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကျင်းပပေးဖို့ တိုက်တွန်းလိုက်သည်။ ယင်းတိုက်တွန်းစကားကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသစ် မစ္စတာ မာတီ နာတာလီဂါဝါး ( Mr. Marta Natalegawa )က၊ မတ်လ ၃၀ ရက်နေ့က သွားရောက်သော ၄င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရခေါင်းဆောင်များကို ပြော ကြားခဲ့ခြင်းဖြစ်သည်။ အာဆီယံအစည်းအဝေးတွင်လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနှင့်တွေ့ဆုံပါက စစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်ဟု အင်ဒိုနိရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တိကွတ်ဖိုင်ဇာက ပြောဆိုသည်။
( အာရ်၊ အက်ဖ်၊ အေ ။ ဧပြီလ ၁၊ ၂၀၁၀ )

ထိုင်းနိုင်ငံ၏ သဘောထား

(မြန်မာအစိုးရကို လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေး ဖိအားပေးသွားမည်)

မိမိတို့အနေဖြင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး။ နိုင်ငံရေးဖြစ်စဉ်သစ် တခုလုံးမှာ အားလုံးပါဝင်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရိုမြ ( Kasit Piromya ) က အေပီသတင်းဌာနကို ပြောဆိုခဲ့သည်။ ၄င်းက အင်န်အယ်လ်ဒီ ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူတို့အရေးကိစ္စကို သူတို့ဖာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ကျနော် လေးစားတယ်။ အသိအမှတ်ပြုပါတယ်ဟု ဆိုသည်။ ယင်းဆုံးဖြတ်ချက်မှာ စစ်တပ်ခေါင်းဆောင် တွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး ကျန်တဲ့အတိုက်အခံတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် မပေးသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေကို စစ်အစိုးရက ထုတ်ပြန်ပြီးနောက်မှ ချမှတ်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်များသည် တရားမျှတ ရမှာဖြစ်ကြောင်းဆက်လက်ပြောဆိုသွားသည်။

နိုင်ငံရေးဘက်ကကြည့်ပါက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးဖြစ်စဉ်မှာ လူတိုင်းပါဝင်နိုင်ဖို့ အတွက် ခြေလှမ်းသစ်တွေ စလှမ်းဖို့ဆိုရင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၊ ခွင့်လွှတ်မှုများရှိရလိမ့်မည်ဟု မစ္စတာကာဆစ်ကဆိုသည်။ ထိုင်းနိုင်ငံသည် နိုင်ငံရေးအရ အာလုံးပါဝင်ဆောင်ရွက်ရေးပြဿနာကို ပြောဆို ခဲ့ပြီးဖြစ်ပြီး လာမည့် မဲခေါင်မြစ်ဒေသဆိုင်ရာကော်မရှင် နိုင်ငံခြားရေးဝန်ကြီးများ၏ (၂)ရက်ကြာ ဆွေးနွေးပွဲ တွင်လည်း ၄င်းအနေဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ယင်းကိစ္စကိုထပ်မံတင်ပြဆွေးနွေးသွား ဦးမည်ဟု ပြောသည်။ ယင်းအစည်းအဝေးကို ဧပြီလ ၄ ရက်မှ ၅ ရက်နေ့ထိ တရုတ်ပြည် မြို့တွင်ကျင်းပမည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဧပြီလ ၆ ရက်နေ့တွင်စတင်ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်း အဝေးတွင်လည်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဘိဟစ်ဆစ် ၀ိတ်ချာချီဝ က ယင်းပြဿာကို တင်ပြဆွေးနွေး သွားလိမ့်မည်ဟု သိရသည်။

ရွေးကောက်ပွဲများကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ပထမခြေလှမ်းအဖြစ် ကျင်းပပေး သည်ဆိုပါက ယင်းပထမခြေလှမ်းများမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်စေသလား၊ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် တခုလုံးအရ ပြောင်းလဲစေမလား။ တစိတ်တပိုင်အရ ပြောင်းလဲစေမလား ဆိုသည်ကို ကြည့်ရမည်၊ အကယ်၍သာ ရွေးကောက်ပွဲဖြစ်စဉ်မှာ အားလုံးမပါပဲ သီးသန့်သဘောဖြစ်နေရင်တော့ ဒီ ပထမ ခြေလှမ်းဟာ လုံလောက်တဲ့ ခြေလှမ်းမဖြစ်နိုင်ကြောင်း မစ္စတာကာဆစ်က အေပီ သတင်း ဌာနကို ပြောဆို သွားသည်။
( ဧပြီလ ၂ ရက်နေ့။ အေပီသတင်း ၊ ဘန်ကောက်ပို့စ် )

၂၀၁၀ ရွေးကောက်ပွဲများတွင် အတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများ အားလုံးပါဝင်ခွင့် ရရေးကို ထိုင်းနိုင်ငံက လိုလားကြောင်း ဧပြီလ ၂ ရက်နေ့က ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Chavanont Intrakomalyasot က ထပ်မံပြောကြားသည်။ ၄င်းက မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံအတွက် အရေးအကြီးဆုံး နိုင်ငံတခုဖြစ်သဖြင့် အခြေအနေများ တိုးတက်ကောင်းမွန်ပြီး ဒီမိုကရေစီ ပေါ်ထွန်းလာ သည်ကို မြင်လိုပါကြောင်း လည်းပြောဆိုခဲ့သည်။
( ဧပြီလ ၂ရက်နေ့။ ၂၀၁၀။ ဗွီ အို အေ )

ဗီယက်နမ်နိုင်ငံ၏သဘောထား

(လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ပိုမိုကြိုးပမ်းသွားပါ)

(ဒီမိုကရေစီဖေါ်ဆောင်ရေး မြန်မာအစိုးရ အစီအစဉ်များကို ထောက်ခံသည်)

ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်း( Nguyen Tan Dung )သည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ချစ်ကြည်ရေးခရီးအဖြစ် မြန်မာနိုင်ငံသို့လည်ပတ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း ဧပြီလ ၄ ရက်နေ့တွင် နှစ်နိုင်ငံခေါင်းဆောင်များ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန် ခဲ့သည်။ ထိုကြေညာချက်တွင် မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ `လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ဆောင်ရွက် သွားရန် အားပေးပြောကြားကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံဒီမိုကရေစီဖေါ်ဆောင်ရေး မြန်မာစစ်အစိုးရ၏´ မူဝါဒ လမ်းစဉ် (၇) ရပ် အကောင်အထည်ဖေါ် ကြိုးပမ်းဆောင်ရွက်နေမှုများကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ သိမ်မွေ့နက်နဲသည့် အခြေအနေများကိုလည်း နားလည်သဘော ပေါက်ကြောင်း ဖေါ်ပြပါရှိသည်။
(ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်မှ)

( ဗီယက်နမ်နိုင်ငံသည် တနှစ်သက်တမ်းရှိအာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ မှ စတင်ယူခဲ့သည်။)

Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP