ကြောက်ကြောက်နှင့်ပဲ ရဲရင့်ကြရပါလိမ့်မယ်

>> Wednesday, April 7, 2010

email ဖြင့်ပေးပို့လာပါသည်။

(၁)
စည်းကမ်းမလိုက်နာတဲ့ ကားမောင်းသူ(ဒရိုက်ဘာ)နဲ့ ကားနောက်လိုက်သူ (စပယ်ယာ)များကို ကြိမ်ဒါဏ်ပေး တယ်ဆိုတဲ့သတင်း ဧရာဝတီဝက်ဆိုက် မှာဖတ်လိုက်ရတော့ ရင်ထဲတမျိုးကြီးပဲခံစားလိုက်ရတယ်။ မြန်မာပြည်ကို အုပ်စိုးမင်းမူနေကြတဲ့ နအဖတွေ လူစိတ်မှရှိသေးရဲ့လား ဆိုတဲ့အတွေးက ခေါင်းထဲတန်းစီလို့ရောက်လာသလို မခံချင်စိတ်ကလည်း တပြိုင်နက်တည်း ခံစားမိတယ်။

ဒါဏ်ပေးတယ်ဆိုတာ တရားဥပဒေနဲ့ မလွတ်ကင်းအောင် လုပ်ခဲ့တဲ့အမှု ဥပမာ ခိုးမှု၊ သူများကနေ ငွေချေးပြီ အချိန်တန် ပြန်မဆပ်နိုင်တဲ့အမှု စတဲ့ စတဲ့ အမှုမျိုးကိုသာ တရားရုံးမှာ တရားသူကြီးကနေ ငွေဒါဏ်ဖြစ်စေ၊ ထောင်ဒါဏ်ဖြစ်စေ ပေးလို့ရတယ်လို့ ကျမသိထားပါတယ်။၂၀၁၀ ရွေးကောက်ပွဲတောင် မလုပ်ရသေးဘူး စစ် တပ်က အာဏာကို အလွဲသုံးစား ဥပဒေမဲ့ အခုကတည်းက လုပ်ချင်သလို လုပ်နေကြပါပြီ။

(၂)
တိုင်းပြည်အုပ်ချုပ်တဲ့ မင်းဆိုတာ ပြည်သူ့၊ပြည်သားတွေရဲ့ ကောင်းကျိုးကိုသာ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ အခုတော့ ပြည်သူကို ဘယ်လိုနည်းနဲ့ ညှင်းပမ်း၊နှိပ်စက်မလဲဆိုတဲ့ အတွေးတွေပဲ သူတို့ခေါင်းထဲ ရှိနေ ကြကုန်ပါပြီ။
မကြာသေးခင်ကလည်း မြို့လယ်ခေါင်တိုက်ပြိုကြတာကို အကြောင်းပြပြီး နောက်ထပ် တိုက်ဟောင်းတွေလည်း ပြိုကျနိုင်တယ်ဆိုတဲ့ အချက်တခုနဲ့ ပိုင်ဆိုင်တဲ့ပြည်သူတွေကို ဘာအခွင့်အရေးမှမပေးပဲ အတင်းမောင်းထုတ် တာကလည်း လူ့အခွင့် အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေတာပဲ ဖြစ်ပါတယ်။

ကြိမ်ဒါဏ်ဆိုတဲ့စကားလုံးဟာ ပဒေသရာဇ်ခေတ်တွေမှာသာ အပြစ်ရှိသူလို့ ယူဆရတဲ့သူတွေကို ပေးတာပဲ ကြားဖူးပါတယ်။ အာဆီယံလိုနိုင်ငံတချို့မှာတော့ တရားမ၀င် နိုင်ငံခိုးဝင်မှု၊မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှု၊ လူမှောင်ခိုတင်သွင်းမှု စတဲ့အမှုမျိုးတွေဆို ကြိမ်ဒါဏ်ဖြစ်စေ၊ ငွေဒါဏ်ဖြစ်စေ၊ ထောင်ဒါဏ်ဖြစ်စေ စတဲ့ပြစ်မှုတခု ခုကို တရားသူကြီးကနေ တရားခံကို အပြစ်ပေးတယ်လို့ပဲ ကျမသိထားပါတယ်။

အခုဟာက ကားမောင်းတဲ့ နေရာမှာ သတ်မှတ်ဝင်ငွေ ပြည့်မီအောင်လည်း ငွေရှာရမယ် ကားပေါ်မှာလည်း ထိုင်ခုံပြည့်ပဲ လူတင်ရမယ် မတ်တပ်ရပ်စီးတဲ့သူတွေရှိရင် ဒါမှမဟုတ် ယူနီဖေါင်း သေသေချာချာ မ၀တ်ခဲ့ရင်၊ လုပ်ငန်းတိုးတက်အောင် မဆောင်ရွက်နိုင်ခဲ့ရင် (ဘာကိုဆိုလိုမှန်းမသိ)စတဲ့ စည်းကမ်းချက်တွေကို ချမှတ်ပြီး ဦးပိုင်လီမိတက်ကနေ စည်းကမ်းမလိုက်နာသူတွေလို့ သတ်မှတ်ပြီး တရားဥပဒေမဲ့ ကြိမ်ဒါဏ်ပေးနေတာက တော့ မတရာလွန်းရာ ရက်စက်လွန်းရာ ကျပါတယ်။ လူကိုလူလို့ မမြင်နိုင်တော့ဘဲ တိရိစ္ဆာန်လို မြင်ကုန်ကြပြီ ထင်ပါတယ်။

(၃)
အပြစ်ပေးပုံကလည်း ကားဂိတ်လူပုံအလည်မှာ အပြစ်ပေးတဲ့သူက မန်နေးဂျင်းဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့် ညွန်ကြားချက်ဖြင့် အဓိပတိယာဉ်လိုင်းအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတာဝန်ရှိသူဖြစ်ပါတယ်။ ကြိမ်လုံးနှင့် ရိုက်ပြီး အပြစ်ပေးတဲ့သူကတော့ ခွဲမှူးကိုယ်တိုင်ဖြစ်ပါတယ်။ အများသူငါ ကားစီးဖို့စောင့်စားနေတဲ့ ကားဂိတ်မှာ ဆိုတော့ ကားမောင်းသူပဲဖြစ်ဖြစ်၊ ကားစပယ်ယာပဲဖြစ်ဖြစ် ကိုယ့်အသိတွေရှေ့မှာ အရှက်တကွဲ အပြစ်ပေးခံရ တာဖြစ်တော့ ခံရသူတွေမှာ ဘယ်လောက်များ အရှက်ရလေမလဲ။ ဦးပိုင်ကစစ်တပ်ဗိုလ်မှူးကြီးများ ဒင်းတို့ အလှည့်ရောက်ရင် ဘယ်လိုနေမလဲ တွေးကြည့်မိပါရဲ့။ ကိုယ်ကိုယ်တိုင်ဆိုရင်ရော ခံရဲပါသလားလို့ မေးလိုက်ချင် ပါတယ်။ ၀မ်းရေးအတွက် လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူကို ကြိမ်ဒါဏ် အပြစ်ပေးရလောက်အောင် စစ် ဗိုလ်ချုပ်များရဲ့ ရူးသွတ်မှုက တရားမဲ့လွန်းလှပါတယ်။

ပေးတဲ့အပြစ်ဒါဏ်ကလည်း အနည်းဆုံး ကြိမ်းဒါဏ်(၃)ချက်တဲ့။

ဒီကြားထဲ သူတို့လုပ်ကိုင်တာက တရားဥပဒေနဲ့ မညီညွတ်မှန်းသိလို့ ပြန်ခံကြည့်တဲ့သူဖြစ်စေ၊ ပြန်ပြော တဲ့သူဖြစ်စေ အထက်လူကြီးကို ပမာမခန့်လုပ်တဲ့သူဆိုပြီး ကြိမ်နှစ်လုံးပူးပြီးတောင် ရိုက်ပြီးအပြစ်ပေးတယ်လို့ ဆိုထားတယ်။ အခုဆို ကားမောင်းတဲ့သူရော စပယ်ယာတွေပါ အဲ့ဒီအပြစ်ဒါဏ်ကို ခံနေကြရသူတွေ တပတ်ကို (၁၀) ယောက်ကျော်ရှိနေပြီး တနေ့တခြား များလာနေတယ်လို့ သိရပါတယ်။

ခရီးသည်တွေလည်း အခုလိုအဖြစ်တွေကို လက်မခံနိုင်ပေမယ့် စစ်တပ်ကို ကြောက်ရတော့ ဘာမှဝင်ပြီး မပြော နိုင် ဖြစ်နေကြရတယ်။ နိုင်ငံတော်ယန္တရားတွေဆိုတာ အချိန်မှန်မှန်နဲ့ လုံလောက်တဲ့ ၀န်ဆောင်မှုကိုပေးမှသာ ပြည်သူတွေ လုပ်ငန်းကိုယ်စီသွားကြတဲ့အခါ အဆင်ပြေမှာပါ။ အခုဟာက ဦးပိုင်ကားအရေးအတွက်က တနေ့ လုံးမှ ကား(၂၀၀)ကျော်ပဲရှိတာဆိုတော့ တချို့ဝန်ထမ်းဖြစ်စေ၊ ပြည်သူဖြစ်စေ လိုအပ်တဲ့အချိန် လိုရာခရီး ရောက်ဖို့ ဘယ်လောက်ပဲ ကားကြပ်ကြပ် တိုးဝှေ့စီးကြရတာပါ။ ဒါကိုကားမောင်းနဲ့ စပယ်ယာကိုသာ အပြစ်ပုံချ လို့ကတော့ ဘယ်တော့မှ အပြစ်ကလွတ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကားသမားနဲ့ စပယ်ယာ မှာ အပြစ်မရှိပဲ ဦးဆောင်လုပ်ကိုင်နေတဲ့ ဗိုလ်ချုပ်ကြီးများမှာသာ အပြစ်ရှိတယ်ဆိုတာ မသိချင်ဆောင်ယောင် နေကြလို့ဖြစ်ပါတယ်။ မျက်စိပိတ၊် နားပိတ်ပြီး အပြစ်မရှိသူတွေကို အတင်းအားဓမ္မ အပြစ်ပေးနေကြတာက တော့ လူကြားလို့တောင် မသင့်လျှော်တော့ပါဘူး။

(၄)
အင်တာနက်သုံးခွင့်ရနေသေးတဲ့ အချက်ကတော့ မြန်မာနိုင်ငံသားတွေအတွက် အခွင့်အရေးရဖို့ အချက် တချက် ဖြစ်လာပါတယ်။ အခုလိုအပြစ်ပေးတာကို အင်တာနက် စာမျက်နှာမှာ လူအများမြင်တွေ့ခွင့် ရတာ ကြောင့် မခံနိုင်တဲ့ ပြည်သူတွေ ကားသမားတွေက အထက်ကို စာတင်လိုက်ကြပါတယ်။ အခုတော့ တိုင်းမှူး ၀င်းမြင့်က ဦးပိုင်လီမိတက် တာဝန်ခံဒါရိုက်တာဗိုလ်မှူးကြီးမျိုးမြင့်ကို စာထုပ်ပြီး ဗိုလ်မှူးယဉ်မောင်စိန်ကို အရေး ယူ အပြစ်ပေးဖို့ပြောလာပါတယ်။ ကျမအနေနဲ့ကတော့ အပြစ်ပေးခံရတယ်ဆိုတာထက် ၀ဋ်လည်တယ်လို့ ပြော ချင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အပြစ်ပေးမှုက ပန်းနဲ့ပေါက် သလောက်တောင် မနာဘူးလို့ ပြောရင်မှားမယ် မထင်ပါဘူး။ အပြစ်ပေးခံရတဲ့စစ်ဖက်က လူဟာရာထူးနေရာပဲ ပြောင်းရွေ့ခံရတာပါ။ အဲ့ဒီနေရာမှာ သာမန်ပြည် သူတယောက်သာ ဖြစ်လို့ကတော့ အနည်းဆုံး ထောင်ဒါဏ်ပေးမှာ အသေအချာပါပဲ။

အမှန်တရားအတွက် တရားကိုနတ်စောင့်တယ်လို့ပြောချင်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ အခွင့်သာ ခဲ့ရင် အင်တာနက်သုံးပြီး ကမ္ဘာမှာဘာဖြစ်နေတယ် ကိုယ့်နိုင်ငံသူ၊ ကိုယ့်နိုင်ငံသားတွေကို နအဖက ဘယ်လိုနှိပ် စက်ညှင်းပမ်းမှု ပြုနေတယ်ဆိုတာတွေကို သတိကြီးစွာနဲ့ လက်လှမ်းမှီသလောက်စုံစမ်းမှုတွေ ပြုလုပ်ကာ ညီညီ ညွတ်ညွတ်နဲ့ တောင်းဆို တိုက်ပွဲဝင်စေချင်ပါတယ်။

ကားသမားဖြစ်စေ၊ ကားစပယ်ယာဖြစ်စေ၊ ခရီးသည်ဖြစ်စေ ပြည်သူထဲက ပြည်သူတွေချည်းပါပဲ။ ကိုယ့်နိုင်ငံ သားအရေးမို့ ကိုယ့်အရေးလို့ သတ်မှတ်ပြီး အမှန်တရားအတွက် ခုခံတွန်းလှန်ဖို့ ဆန္ဒပြုတိုက်တွန်းလိုပါတယ်။

(၅)
လူထုကို လမ်းလယ်ခေါင်မှာ ဘာမှမဟုတ်တဲ့အပြစ်ကြောင့် ကြိမ်ဒါဏ်ပေးတာ တရားဥပဒေက ခွင့်ပြုသင့်ရဲ့ လား။
ဘယ်နိုင်ငံမှ မပေးဖူးတဲ့ တရားသူကြီး မဟုတ်တဲ့သူက အပြစ်ပေးတာမျိုးကို ပြည်သူတွေအနေနှင့် ငုံ့ခံနေသင့် ပါ ရဲ့လား။
ဦးပိုင်ကို စစ်တပ်ကပိုင်၊စစ်တပ်ကို ဘုရင်ရူးကြီး မှူးကြီးသန်းရွေကပိုင်ဆိုတော့ မြန်မာပြည်လည်း ပဒေသရာဇ် ခေတ်ပြန် ရောက်နေပါပြီ။ အကျအနကို စစ်ပဒေသရာဇ်ခေတ် ရောက်နေရပါပြီ။ ဥပဒေဆိုတာကို စစ်ဗိုလ်ချုပ် များကထင်သလို အရည်ကျိုပြီး သောက်ထားကြတဲ့ ပုံစံမျိုးဖြစ်နေပါပြီ။

ဒါတွေကိုရပ်သွားအောင် ကျမတို့ ဘယ်လိုတားဆီးကြမလဲ။

ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ မတရားမှန်းသိတာကို မတရားဘူး၊ လုံးလုံးလက်မခံဘူး ဆိုတာကို ပြောကြ ပြကြရလိမ့်မယ်လို့ ကျမစဉ်းစားမိပါတယ်။

ကျမတို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသလို အများပြည်သူ သဘောမတူတဲ့ အမိန့်အာ ဏာဟူသမျှ တာဝန်အရဖီဆန်ကြ ဆိုတဲ့အတိုင်း ဆောင်ရွက် ကြရလိမ့်မယ်လို့ ကျမနားလည်ပါတယ်။
အကြောက်တရားဆိုတာ ရှိသင့်တဲ့နေရာမှာပဲ ရှိရမှာဖြစ်ပါတယ်။ နေရာတကာ ကြောက်နေကြရင် ကျမတို့ အတွက် အသက်ရှူဖို့တောင် အခွင့်အလမ်းး မကျန်တော့အောင် ဖြစ်ကုန်ကြလိမ့်မယ်။

အမှန်တရားအတွက်ဆိုရင် ရှေ့တန်းကမားမားမတ်မတ်ရပ်ပြီး ပြည်သူ့အကျိုး တိုင်းပြည်အကျိုး သယ်ပိုးကြရ လိမ့်မယ်လို့ ကျမတော့တိုက်တွန်းအကြံပြုချင်တယ်။

နေရာတိုင်းမှာ ဘာပဲလုပ်လုပ် ပြည်သူတွေအနေနဲ့ အာဏာရှင်ဆန်တဲ့လုပ်ရပ်တွေကို တွေ့မြင်တဲ့အခါတိုင်းမှာ ကြောက်ကြောက်နှင့်ပဲ အမှန်တရားအတွက် ရဲရင့်ကြရပါလိမ့်မယ်လို့ ကျမထပ်ပြီးအကြံပြုချင်ပါတယ်၊

အင်ကြင်းမေ။
၅-၃-၂၀၁၀။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP