ခေတ်တခေတ်ကို ထုဆစ်သူများ

>> Friday, December 18, 2009



ဟောဒီ ဘဒ္ဒကမ္ဘာမှာ
အပြောင်းလဲတွေက
မြန်ဆန်လွန်းတယ်
တဖက်သက်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေထဲက
အခွင့်အရေးကို ချောင်းနေတဲ့
သတ္တဝါတို့ရဲ့ စိတ်အပြောင်းအလဲက
ပိုမြန်လွန်းတယ်
ပိုပြီး ရွံ့စရာကောင်းတယ်…….။

တောမီးလောင်တာ
ကြာခဲ့ပါပြီ
တောကြောင်တွေမှာတော့
မြင်မြင်သမျှဖြတ်ဆီးဖို့
ယောက်ယက်ခတ်နေပုံများ
အသိခေါက်ခက်အဝင်နက်နေရှာတဲ့
သူတို့ကိုယ် သူတို့
ဖျက်ဆီးမဲ့ဘေးဟာ
နှစ်ထောင့်တဆယ်နဲ့အတူရောက်လာမယ်ဆိုတာ
မသိရှာကြဘူး……..။

ကမ္ဘာလုံးဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုတွေထဲ
မျောပါမနေချင်
ငါတို့ရဲ့လိုအင်ဆန္ဒ
ငါတို့တိုင်းပြည်စစ်ကျွန်ဘဝ
လွတ်မြောက်ရေးသာ ပထမ၊ ဒုတိယ၊ တတိယ ……။

သေခြင်းတရားရဲ့
အငွေ့အသက်တွေလွှမ်းခြုံနေတဲ့
အခန်းငယ်တွေထဲက
ငါတို့ရဲ့သူရဲကောင်းများ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ် ……။

တပ်ဦးက ငါတို့ သူရဲကောင်း ရဲဘော်များ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ်။
တော်လှန်ရေးတရပ်ရဲ့
စုတ်ချက် ကြမ်းကြမ်းထဲမှာ
ကမ္ဘာမကြေတဲ့ တမ်းခြင်းတွေနဲ့
ကမ္ဘာမကြေတဲ့ လွမ်းခြင်းတွေနဲ့
ခေတ်တခေတ်ကို ထုဆစ်နေဦးမယ့်သူတွေဟာ
ငါတို့ချစ်တဲ့ ပြည်သူတွေသာဖြစ်တယ်… ။


0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP