နည်းနည်းလေးတော့လွဲနေတယ်
>> Saturday, December 26, 2009
တလွဲတွေပေါ့ကွာ.........တဲ့။
ညီအကိုလိုခင်ရတဲ့သူတယောက်ရဲ့ လက်သုံးစကား။
လွဲနေတာတွေကိုတော့ သိပ်မရေးချင်ဘူးဗျာ။ ရေးပြန်ရင်လည်း ကိုယ့်ပေါင်ကိုလှန်ထောင်း၊ မရေးပြန်ရင်လည်း ကိုယ်တော်တွေကသူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေကြတယ်။ အဲဒီတော့ မောင်ပါလက ကြားထဲက ငပွကြီး ဖြစ်ရပြန်ရော။ မလေးရှားနိုင်ငံမှာ မောင်ပါလရှိနေတဲ့ကာလတလျှောက် မြန်မာအသိုင်းအ၀ိုင်းတွေထဲမှာ တလွဲတွေတော်တော်များများ တွေ့နေရတယ်။ မောင်ပါလကိုယ်တိုင်လည်း လွဲကောင်းလွဲခဲ့နိုင်ပါတယ်။ ဒါပေမယ့် သူများလွဲတာတွေပဲရေးပြီး မောင်ပါလလူပီသအောင်နေရမယ်။ ကိုယ်တိုင်လွဲခဲ့တာတွေကိုတော့ သူများတွေရေးဖို့ပဲ ချန်ထားလိုက်တော့မယ်။
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဒုက္ခသည်အဖွဲ့အစည်းတွေနဲ့ တော်တော်လေးကို မြိုင်မြိုင်ဆိုင်ဆိုင် စည်စည်ကားကားရှိပါတယ်။ အဲဒီအဖွဲ့အစည်းတွေအားလုံးကသာ စုစုစည်းစည်းနဲ့ မြန်မာပြည်အရေးအတွက် တက်တက်ကြွကြွဆောင်ရွက်ကြမယ်ဆိုရင် ပြည်ပအင်းအားစုတွေထဲမှာ မလေးရှားနိုင်ငံက အကြီးမားဆုံးအင်အားစုတခုအနေနဲ့ ရပ်တည်နေနိုင်မှာပါ။ ဒါပေမယ့်ဗျာ........အားလုံးသောအဖွဲ့အစည်းများရဲ့ ဦးတည်ချက်တွေက ကိုယ့်တိုင်းပြည်အရေးအတွက် မလုံးပမ်းနိုင်ကြဘဲ တတိယနိုင်ငံသွားနိုင်ဖို့အရေး UNHCR ရုံးရှေ့မှာ တနေကုန်ငုတ်တုတ်ထိုင်စောင့်ဖို့လောက်ပဲ အားသန်နေကြတယ်။ အဖွဲ့တွေ အစည်းအဝေးများမလုပ်လိုက်နဲ့။ လုပ်လိုက်တာနဲ့ UNHCR (Malaysia) ကဘာဖြစ်တယ်။ ဘယ်လို။ ဘယ်အဖွဲ့ကိုဘယ်လောက်ပေးလိုက်တယ်။ ငါတို့လည်းရအောင်တောင်းရမယ်။ ဒါတွေပဲ..........။ မလေးရှားနိုင်ငံမှာဆုတ်ယုတ်နေတဲ့ မြန်မာပြည်အရေးကို ငါတို့ဘယ်လိုပြန်မြှင့်တင်ကြမယ်ဆိုတာကို ဘယ်အဖွဲ့အစည်းကမှမပြောကြဘူး။ ဒီလိုသာဆက်ပြီးသွားနေကြ.... မလေးရှားမှာ မြန်မာ့နိုင်ငံရေးပါတီတွေ တခုမှခေါင်းပြန်ထောင်လို့ရမှာမဟုတ်ဘူး။ နည်းနည်းလွဲတာမဟုတ်ဘူး။ ဇောက်ထိုးကြီးကို လွဲနေတာဆိုတော့ မပြောလို့မရတော့ဘူးဗျို့........။
မလေးရှားမှာ နိုင်ငံရေးပါတီတွေအင်အားကောင်းခဲ့တုန်းကဆိုရင် နိုင်ငံရေးသမားတွေမှ သောက်သောက်လဲ၊ ရိုက်သတ်လို့ကို မကုန်နိုင်ဘူး။ မြန်မာပြည်မှာ ငါကဘာလုပ်ပြီးထွက်လာခဲ့တာဆိုတဲ့ လူတွေကြီးပဲ။ နောက်ပိုင်း အဖွဲ့တွင်း ပြဿနာတွေဖြစ်ကြ၊ အုတ်အော်သောင်းနင်းနဲ့ ကွဲကြ ပြဲကြ၊ UNHCR (Malaysia) ကလည်း နိုင်ငံရေးသမားဆိုရင် Register လုပ်မပေးဘူးလည်းဆိုရော... ဟောဗျာ..... နိုင်ငံရေးသမားတွေ အလျှိုအလျှိုပျောက်ကုန်ကြပြီ။ ညှောင်နာနာလေသံလေးတွေနဲ့ ကျနော်ကတော့ လူမှုရေးပဲလုပ်မှာ၊ ကျန်းမာရေးပဲ၊ ပညာရေးပဲဆိုတဲ့ ကိုယ်တော်ချောများ၊ လူမှုရေးကိုယ်စားလှယ်တော်ကြီးများ ဖောင်းပွလာပါရောလား။ ကဲ...........အရပ်ကတို့ရေ........နည်းနည်းလေးတော့ လွဲနေတယ်ဗျာ။ လွဲလွဲလေးကတော့ မကောင်းပါဘူး။
နိုင်ငံရေးပါတီတွေဆိုရင်လည်း နိုင်ငံရေးအကြောင်းတခွန်းမှကို မဟကြတော့ဘူး။ UNHCR နောက်ပဲ သဲကြီးမဲကြီးလိုက်နေကြတယ်။ ပါတီဝင်ခေါ်တာကအစ UNHCR မှာတင်ပေးဖို့ဆိုပြီး bio စာရွက်ကို ပါတီဝင် form နဲ့တွဲပြီး လိုက်ခေါ်နေကြတယ်။ ပါတီက EC အဖွဲ့ဝင်တွေကအစ UNHCR မှာ ဘာလုပ်မယ်။ UNHCR နဲ့ပတ်သတ်တဲ့ဆေးခန်းတွေ၊ ကျန်းမာရေးပိုင်းတွေမှာ ဘာလုပ်ကြမယ်ဆိုတာကြီးပဲ။ လူမှုရေးလုပ်ကြတာကောင်းပါတယ်။ လုပ်ရတဲ့ရည်ရွယ်ချက်တွေက လွဲနေကြတော့ နိုင်ငံရေးပါတီကြီးတွေကခေါင်းဆောင်ကြီးများ ပြည်သူကိုဘယ်လိုဦးဆောင်ကြမှာလဲ။ ဘယ်လိုစည်းရုံးကြမှာလဲ။
မြန်မာပြည်သူအားလုံးရဲ့ကိုယ်စား မောင်ပါလတခုပြောမယ်ဗျာ။ တတိယနိုင်ငံထွက်ဖို့အတွက် မိန်းမလက်ဆွဲပြီး UNHCR (Malaysia) ရုံးရှေ့မှာ တနေကုန်ထိုင်စောင့်နေကြတဲ့မျက်နှာတွေနဲ့ နိုင်ငံရေးသမားပါလို့ မပြောကြပါနဲ့။ နှစ် ၆၀-ကျော် ထောင်ထဲက အခန်းကျဉ်းလေးတွေမှာနေနေရမယ့် ကျနော်တို့ အကိုတွေ၊ အမတွေကို အရမ်းအားနာဖို့ကောင်းပါတယ်ဗျာ။
3 comments:
များများမလွဲရင်ပြီးတာပါပဲမောင်ပါလ
Thanks for your frank comment and post, MPL lay. Anywhere, any place, there will be opportunists. I myself find it hard to be categorised as not an opportunist. :P Anyway, transparency is important. Keep it up.
မောင်ပါလရေ
အလုပ်လုပ်တဲ့ လူသုံးယောက်လောက်ရတာနှင့် မလေးရှားက ပြန်ခေါင်းထောင်နိုင်ပါတယ် အဓိကပြောခြင်တာက စေတနာမမှန်တဲ့ လူတထောင်ရှိစေအုန်း စေတနာမှန်သူ တယောက်ရဲ့ လုပ်ရပ်ကိုယှဉ်ရမှာမဟုတ်ဘူး မောင်ပါလ ကိုယ်တိုင်လည်း တကယ်တော့ လုပ်နိုင်ပါတယ် ကိုယ်စွမ်းကိုယ်စကို ယုံယုံကြည်ကြည်နှင့် ထုက်သုံးစမ်းပါလို့ တိုက်တွန်းခြင်ပါတယ်
Post a Comment