UNHCR-Malaysia ၏ ဒုက္ခသည်များ လက်ဗွေနှိပ်ရန်သတင်းနှင့် ပတ်သတ်၍

>> Tuesday, August 23, 2011

၂၂.၈.၂၀၁၁ တွင် UNHCR-Malaysia သည် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည် အဖွဲ့အစည်းတချို့အားခေါ်ယူ၍ UNHCR-Malaysia နှင့် သက်ဆိုင်သည့် စာရွက်စာတမ်း လက်ဝယ်ကိုင်ဆောင်ထားသူ မည်သူမဆို ၂၆.၈.၂၀၁၁ (သောကြာနေ့) နောက်ဆုံးထား၍ မလေးရှားလ၀ကရုံး၌ လက်ဗွေသွားရောက် ပေးဆောင်ရမည်ဟု အဖွဲ့အစည်းခေါင်းဆောင်တချို့အား ပါးစပ်စကားပြောကြားခဲ့သည်ဟု သိရပါသည်။ (နှုတ်စကားသာဖြင့်သည့်အတွက် မြန်မာပြည်ရှိ လက်ရှိအစိုးရကဲ့သို့ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်)

UNHCR-Malaysia တွင် Community Development Unit (CDU) ခေါင်းစဉ်ခွဲဌာနတခုရှိပြီး ထိုဌာနလက်အောက်တွင် မလေးရှားရှိ မြန်မာဒုက္ခသည်နှင့် နိုင်ငံရေးအဖွဲ့အစည်းအားလုံး၏နာမည်နှင့် စာရင်းများရှိနေသည်ဟု သိရပါသည်။ ထိုသို့အဖွဲ့အစည်းများအား ခေါ်ယူရာတွင် CDU စာရင်းတွင် ရှိနေသည့် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်နှင့် နိုင်ငံရေးအဖွဲ့အစည်းများအားလုံးအား ခေါ်ယူပြောကြားခြင်းမဟုတ်ဘဲ UNHCR-Malaysia နှင့်နီးစပ်သည့် အဖွဲ့အစည်းများကိုသာ ခေါ်ယူအသိပေးခြင်းဖြစ်ကြောင်း သိရပါသည်။

မလေးရှားနိုင်ငံတွင် ယခုပြုလုပ်ပေးလျှက်ရှိသည့် Legalization ကာလအတွင်း ဒုက္ခသည်များအတွက် အလွန်တရာအရေးကြီးသည့် ဖော်ပြပါသတင်းနှင့်ပတ်သတ်၍ UNHCR-Malaysia မှ စာအားဖြင့်သော်လည်းကောင်း၊ http://www.unhcr.org.my/ နှင့် UNHCR-Malaysia နှင့်သက်ဆိုင်သည့် facebook ကဲ့သို့သော အင်တာနက်စာမျက်နှာများတွင်သော်လည်းကောင်း ကြေငြာချက်တစုံတရာထုတ်ပြန်ခြင်းမရှိဘဲ အဖွဲ့အစည်းတချို့မှ ခေါင်းဆောင်များကိုသာ နှုတ်ဖြင့်သာ သတင်းပေးစကားပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်ခိုလှုံကြသည့် ဒုက္ခသည်များ များပြားနေသည့်အလျောက် UNHCR-Malaysia ၏ သတိပေးစကားပြောကြားမှုကို ကြားနာခဲ့ရသည့် အဖွဲ့အစည်းခေါင်းဆောင်တချို့သည် မိမိတို့ အဖွဲ့မှ UNHCR မှတ်ပုံတင်စာရင်းဝင် အဖွဲ့ဝင်များကိုသော်လည်းကောင်း၊ မလေးရှားနိုင်ငံတနံတလျားမှ UNHCR မှတ်ပုံတင်စာရွက်/ကဒ် လက်ဝယ် ကိုင်ဆောင်ထားသူများ အားလုံးကိုသော်လည်းကောင်း မည်သည့်ဆက်သွယ်ရေးစနစ်ကို အသုံးပြု၍ အသိပေးပြောကြားမည်ကို မခန့်မှန်းနိုင်ပေ။

ယခုဤသတင်းနှင့်ပတ်သတ်သည်များကို ရေးသားနေသည့်အချိန်အထိ မလေးရှားနိုင်ငံတွင်ရှိနေကြသည့် ဒုက္ခသည်များအားလုံးအနေနှင့် UNHCR-Malaysia မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသော သတင်းစကားအပေါ် ဝေခွဲမရဖြစ်နေကြပြီး သတိပေးစကားကြားနာခဲ့ရသည့် အဖွဲ့အစည်းတချို့မှခေါင်းဆောင်များနှင့် လက်လှမ်းမမှီ၍ ထိုသတင်းအား မကြားသိရဘဲ လ၀ကရုံးသို့ လက်ဗွေသွားရောက် မပေးဆောင်နိုင်ကြမည့် UNHCR-Malaysia ၏ မှတ်ပုံတင်စာရင်းဝင် ဒုက္ခသည်များအပေါ် မည်ကဲ့သို့ ဆိုးကျိုးသက်ရောက်နိုင်မည်ကို မသိရှိရသေးပေ။

ထိုသို့ UNHCR-Malaysia နှင့် မလေးရှားအစိုးရတို့၏ နှစ်ဦးနှစ်ဖက်လုံး၌ လက်ဗွေပုံစံရယူထားမှု ပေါ်ပေါက်လာရခြင်းမှာ မလေးရှားနိုင်ငံတွင် UNHCR-Malaysia မှ အထောက်အထားစာရွက်/ကဒ် နှင့် အလုပ်လုပ်ခွင့် တရားဝင်ပါမစ် (ပတ်စပို့) နှစ်ခုစလုံးကို ကိုင်ဆောင်ထားသူများ ပေါများလာခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ကိုင်ဆောင်ထားနိုင်သူအများစုမှာလည်း UNHCR-Malaysia မှ အထောက်အထားစာရွက်/ကဒ်တို့ကို အလွယ်တကူပြုလုပ်နိုင်ကြသူများဖြစ်ပြီး ထိုသူများသည် UNHCR-Malaysia မှအထောက်အထားကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရန်အတွက်သာ အသုံးပြုပြီး အလုပ်လုပ်ခွင့် တရားဝင်ပါမစ်ကို မလေးရှားအာဏာပိုင်များမှ ဖမ်းဆီးခဲ့လျှင် ထုတ်ပြအသုံးပြုကြကြောင်း သိရပါသည်။

1 comments:

nyopyar88888 August 23, 2011 at 8:46 AM  

ဒုက္ခသည်တွေရဲ့ ဆက်သွယ်လို့ ရမဲ့ ဖုံနံပတ်တွေကိုဆက်သွယ်အကြောင်းမကြားနိုင်အောင် UN ကတော်တော်ကိုအလုပ်များနေတယ်ထင်တယ်နော်...ဖြစ်ကလတ်ဆန်နိုင်လွန်ပါတယ်၊၊၊၊ပြီးတော့ သက်ဆိုင်၇ာရုံးတွေကို အနီကပ်မှ အကြောင်းကြားတယ်. နောက် ၄ ၇က်တည်းအချိန်ပေးထားတယ်... မပြောမဖြင့်တော့ပြောဦးမယ် လူတွေဆီက လစဉ်ကြေး rm 10 ကို ၁ နှစ်စာကြိုကောက်ထားတယ်.. UN ပေးတော့လည်း ၅၀၀အထက်ထပ်တောင်းတယ်၊ နေထိုင်မကောင်းဖြင့်တော့လည်း ကိုယ်စရိတ်နဲ့ ကု၇တယ်.ထောင်ကျတောလည်း မျက်နှာလေးတောင် ၁ခါလာမတွေ့ ဘူး၊ ရဲဖမ်းတော့လည်း ပိုက်ဆံနည်းနည်းပေးလိုက် ပိုက်ဆံမရှိရင်လိုက်သွားတဲ့.အခုလက်ဗွေကိစ္စမသိလို့ လှမ်းမေးတော့လည်း ဖုန်ဖြေတဲ့လူက တဖက်ကမေးတဲ့လူ ငယ်မှန်းကြိးမှန်းမသိ မင်းနဲ့ငါ (သေချာတွေကြည့်၇င် ထမင်းရှင်တွေနော်)နဲ့ပြောတယ်၊ပူထ၇ာဂျာ၇ာကို လိုက်ပို့ မယ် ကားခ ၁၅ ကျပ်တဲ့..လစဉ်ကြေးပေးထားတဲ့ အဖွဲ့ ဝင်တွေကို ဘယ်လို့ ပြန်ကူညီဖို့ မစဉ်းစားဘူး ဘယ်လို့ ပိုက်ဆံယူ၇မလည်းဆိုတာဘဲသိတယ်။။။ကားအသစ်ဝယ်လိုက်လို့ ပိုက်ဆံမရှိတော့ဘူးထင်တယ်

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP