UNHCR-Malaysia မှ တာဝန်ရှိသူများသို့..

>> Thursday, August 11, 2011


ဖော်ပြပါစာရွက်ကို UNHCR-Malaysia က ထုတ်ပေးထားတာပါ။ UNHCR-Malaysia ရဲ့ တံဆိပ်တုံးပါတယ်။ UNHCR-Malaysia ရဲ့ Letter Head ပါတယ်။ မလေးရှားမှာရှိတဲ့ ဗမာ၊ ရခိုင် စတဲ့ ဒုက္ခသည်တိုင်းရင်းသားတွေကို UNHCR-Malaysia က အထောက်အထားထုတ်ပေးပါပြီလို့ တရားဝင်ကြေငြာပြီး ထုတ်ပေးထားတာပါ။ ဒါပေမယ့် ဒီအထောက်အထားဆိုတဲ့ စာရွက်နဲ့ အဖမ်းခံရတဲ့အခါမှာ ဒီစာရွက်ဟာ UNHCR-Malaysia မှာ အကျုံးဝင်ခြင်းမရှိသေးပါဘူးလို့ UNHCR-Malaysia က တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး အဖမ်းခံရသူဟာလည်း အထောက်အထားမဲ့ ဒုက္ခသည်အဖြစ်နဲ့ တရားစွဲခံရ၊ ထောင်ကျနေတာတွေ ကြားနေရပါတယ်။

ဒီစာရွက်တွေ စပြီးထုတ်ပေးစဉ်ကတည်းက တနေ့ဒီလိုပြဿနာတွေ ဖြစ်လာမယ်ဆိုတာ ကြိုတွေးမိပြီး UNHCR-Malaysia ရဲ့ ခွဲခြားဆက်ဆံနေမှုများ (discrimination) ကို ရှုံ့ချတဲ့အနေတဲ့ UNHCR-Malaysia ၏ နားလှည့်ပါးရိုက်လုပ်ရပ်များ ဆိုတဲ့ပို့စ်ကို ရေးဖူးပါတယ်။

UNHCR-Malaysia မှာ အကျုံးဝင်ခြင်းမရှိသေးပါဘူးဆိုတဲ့ စာရွက်ကိုင်ဆောင်ထားကြသူများ ကိုယ်စား မေတ္တာရပ်ခံချင်ပါတယ်။ UNHCR-Malaysia ကိုယ်တိုင် ဒီစာရွက်တွေကို အဖွဲ့အစည်းများမှတဆင့် လုပ်ပေးခဲ့ပါတယ်။ ဒုက္ခသည်တယောက်ဟာ ဒီစာရွက်ရဖို့အတွက် RM 500 မှ RM 1200 ကြား ပိုက်ဆံကို အဖွဲ့အစည်းတွေကို ပေးခဲ့ရပါတယ်ဆိုတာကိုလည်း UNHCR-Malaysia က တာဝန်ရှိသူများလည်း သိပြီးသားဖြစ်ကြမှာပါ။ အဲဒီပိုက်ဆံတွေဟာ ဒုက္ခသည်တွေရဲ့ ချွေးနည်းစာတွေပါ။ ဒုက္ခသည်တွေရဲ့ ချွေးနည်းစာပိုက်ဆံတွေ အကုန်ခံပြီး လုပ်ထားခဲ့ရတဲ့ ဒီစာရွက်ကိုင်ဆောင်ထားလည်း အထောက်အထားမရှိသူများနည်းတူ အဖမ်းခံရရင် တရားဆွဲခံရ၊ ထောင်ကျ ဖြစ်နေတာ UNHCR-Malaysia ရဲ့ လုပ်ရပ်မှန်ကန်မှုရှိမရှိကို ဖော်ပြနေပြီး UNHCR-Malaysia ရဲ့ လုပ်ရပ်များဟာလည်း ဒုက္ခသည်တွေအတွက် အကျိုးမရှိဘဲ တချို့အဖွဲအစည်း၊ လူပုဂ္ဂိုလ်တွေ ချမ်းသာဖို့သာ ဖြစ်စေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ဒါကြောင့် ဒီစာရွက်ကိုင်ဆောင်ထားသူများ အဖမ်းခံရတဲ့အချိန်မှာ UNHCR-Malaysia အနေနဲ့ လက်လွတ်စပယ်မလုပ်ဘဲ ဒီစာရွက်လေးတရွက်ရဖို့ ပေးခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ ချွေးနည်းစာပိုက်ဆံတွေကို ထောက်ထားကိုယ်ချင်းစာကြပြီး ဒုက္ခသည်တဦးချင်းအပေါ် စာနာမျှတစွာ ကူညီပေးပါလို့ ခွဲခြားဆက်ဆံခံနေရတဲ့ ဒုက္ခသည်အားလုံးရဲ့ကိုယ်စား မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။

မောင်ပါလ
၁၁.၈.၂၀၁၁

1 comments:

စံပယ်ချို August 12, 2011 at 2:42 PM  

B R 0 ကလူတွေဆို
ဒီစာရွက်ကိစ္စနဲ့ တော်တော်များများ သူဌေးဖြစ်ကုန်ပါတယ်ရှင်
မျက်မြင်ကိုယ်တွေ့ပါ...
နောက်ပြီး အင်တာဗျူးတော့၉၀%က
ပယ်ခံရပါတယ်...ဘာကြောင့်လဲ..??

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP