နိုင်ငံရေးပါတီ အတုလား အစစ်လား

>> Sunday, May 22, 2011

ကျနော်ဒီလိုစာမျိုးတွေ မရေးဖြစ်အောင်နေတာ တော်တော်ကြာပါပြီ။ မလေးရှားမှာ နိုင်ငံရေး၊ လူမှုရေးခုတုံးလုပ်ပြီး လုပ်စားနေတဲ့လူတွေကိုပြောရတာ “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို လုပ်တဲ့လူကမရှက်ဘဲ ပြောတဲ့လူက ကြာတော့ရှက်လာပါတယ်။ အဲဒါကြောင့်လည်း ကိုယ့်ဘာသာကိုယ် စာတို၊ ကဗျာစလေးတွေရေး လုပ်နိုင်တာလေးတွေကို စိတ်တူကိုယ်တူ ညီအကိုတွေနဲ့ စုလုပ်ကြပြီး အေးအေးဆေးဆေး နေနေတာပါ။ ကို ဆိုတဲ့လူ ကွန်မန့်မှာမေးထားတဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ရဲ့ သမိုင်းကြောင်းလေးသိချင်ပါတယ်။ သူတို့ မှာ ပြည်တွင်း တို့ ဗဟိုတို့  ရှိပါသေးလား။” ဆိုတဲ့မေးခွန်းကို ဖြေချင်တာရယ်၊ RFA သတင်းဌာနကြီးမှာ မလေးရှားက နိုင်ငံရေးသမားအယောင်ဆောင် လူလိမ်ကျော်ကျော်ရဲ့ နိုင်ငံရေးသိက္ခာတစက်မှမရှိတဲ့ ပြောဆိုသွားပုံတွေအတွက် ဒီစာကို ရေးဖြစ်တာပါ။

နိုင်ငံရေးပါတီတခုရဲ့ တရားဝင်/တရားမ၀င် (အတု၊ အစစ်) ရပ်တည်မှုဆိုတာက ဒီပါတီရဲ့ လုပ်ဆောင်ချက်၊ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့သာ သက်ဆိုင်ပါတယ်။ ဂျနီဖာက ကုလသမဂ္ဂရုံးမှာ ပါတီထောင်စားပါတယ်လို့ စာတင်ထားပစေအုံး။ ပါတီနဲ့နိုင်ငံရေးကို ဗန်းပြ၊ ပြည်သူလူထုကို ခေါင်းပုံဖြတ် လိမ်ညာ လုပ်စားနေကြပြီး သက်ဆိုင်တဲ့ ပြည်သူရဲ့ထောက်ခံအားပေးမှု မရဘူးဆိုရင် ဒီပါတီကို နိုင်ငံရေးပါတီအစစ်လို့ မဆိုနိုင်ပါဘူး။ နိုင်ငံရေးလုပ်စားနေတဲ့ အတုအယောင် နိုင်ငံရေးပါတီတခုသာ ဖြစ်ပါတယ်။

မလေးရှားမှာ ဗမာ့နိုင်ငံရေးအင်အားကောင်းစဉ် လွန်ခဲ့ပြီးတဲ့နှစ်တွေတုန်းက NLD-LA (ဗဟို)က ဘွားအေကြီး ဒေါ်စန်းစန်းနဲ့ FTUB က ဦးလှဦးတို့ မလေးရှားကိုရောက်စဉ် ပြောသွားဖူးတဲ့ စကားတခွန်းရှိပါတယ်။ “NLD ပါတီဟာ မည်သူတဦးတယောက်ရဲ့ မူပိုင်ပစ္စည်းမှ မဟုတ်ပါဘူး” တဲ့။ ဆိုလိုချင်တာကို ပြောရရင် NLD ပါတီဟာ မြန်မာပြည်သူတွေအားလုံး ပိုင်ဆိုင်ပါတယ်။ မြန်မာပြည်သူတိုင်းဟာ NLD ပါတီနာမည်ကိုသုံးပြီး စစ်မှန်တဲ့ မြန်မာ့နိုင်ငံရေးကို လုပ်ခွင့်ရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း ဒေါက်တာနိုင်လင်း၊ တင်အေးတို့ NLD နဲ့ ကျော်ကျော် NLD ဆိုပြီး KL မှာတင် NLD ပါတီနှစ်ခုရှိပါတယ်။ အခုဖြစ်တဲ့ ပြဿနာလိုမျိုး လူငယ်ဆိုပြီးတော့တောင် ကွဲပြားမှုမရှိတာကို မလေးရှားမှာ နိုင်ငံရေးလုပ်ဖူးသူတိုင်း သိကြမှာပါ။ တင်အေးနဲ့ ကျော်ကျော်တို့ KL မြို့လယ်ခေါင်မှာ တဖွဲ့နဲ့တဖွဲ့ ရိုက်မယ်၊ နှက်မယ်ဆိုပြီး အော်ကြီးဟစ်ကျယ် စကားများ ရန်ဖြစ်ခဲ့ကြတာကိုလည်း အမှတ်ရကြအုံးမယ် ထင်ပါတယ်။ အဲဒီအဖွဲ့နှစ်ခုကို ဘယ်အဖွဲ့က တရားဝင်တယ် မ၀င်ဘူးဆိုတာ NLD-LA က လူကြီးတွေကိုယ်တိုင်က ခွဲခြားပြောဆိုခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကအထိ မလေးရှားမှာ မြန်မာအဖွဲ့အစည်းပေါင်း ၆၀-ကျော် ရှိပါတယ်။ အခုဆိုရင် ဒီထက်ပိုများနိုင်တယ်လို့ ယူဆရပါတယ်။ အားလုံးသော မြန်မာအဖွဲ့အစည်းတိုင်းဟာ မလေးရှားအစိုးရကို တရားဝင်မှတ်ပုံတင်တောင်းခံပြီး ဖွဲ့စည်းထားကြတာမဟုတ်ပါဘူး။ ဒီတော့ ဘယ်အဖွဲ့အစည်းမှ တရားမ၀င်ဘူးလို့ ဆိုနိုင်ပါတယ်။ ယခု NLD-Youth (L.A Malaysia) ကအဖွဲ့ဝင်တွေ အဖမ်းခံရတဲ့အတိုင်း မလေးရှားလ၀ကဥပဒေနှင့် ငြိစွန်းသော NLD ကဒ်အတုပြုလုပ်မှုနဲ့ ဖမ်းမယ်ဆိုရင် အဖွဲ့အစည်း ၆၀-ကျော်လုံးရဲ့ ကဒ်တွေကိုင်ထားတဲ့ မြန်မာလူမျိုးတိုင်း အဖမ်းခံရမှာ ဖြစ်ပါတယ်။ NLD-Youth (L.A Malaysia) အဖွဲ့တခုတည်းကို ရွေးဖမ်းသွားတဲ့အပြင် သတင်းဌာနကနေတဆင့် အဖမ်းခံရတဲ့လူတွေ မကောင်းကြောင်းပြောခြင်းကို ဆက်စပ်ကြည့်မယ်ဆိုရင် နိုင်ငံရေးသမားအချင်းချင်း ချောက်တွန်း အမြတ်ထုတ်မှုသာ ဖြစ်နိုင်ပါတယ်။

အခုအချိန်ဟာ မလေးရှားမှာရှိတဲ့ မြန်မာ့နိုင်ငံရေးအင်အားစုတွေ၊ အဖွဲ့အစည်းတွေဟာ စည်းလုံးမှုမရှိဘဲ ဖရိုဖရဲဖြစ်နေတဲ့အချိန်ပါ။ ယခင့်ယခင်က လှုပ်ရှားလုပ်စားသွားခဲ့တဲ့ နိုင်ငံရေးလုပ်သူ၊ လူမှုရေးလုပ်သူများရဲ့ နာမည်ပျက်လုပ်ရပ်များကို ပြန်ပြီးအဖတ်ဆယ်နေရတဲ့အချိန်(ကောင်းသူများလည်း ရှိပါတယ်)၊ UNHCR နဲ့ ပတ်သတ်ပြီး အဖွဲ့အစည်းတချို့ရဲ့ ငွေလိမ်တောင်းမှုကြောင့် မြန်မာလူမျိုးတွေရဲ့ အကြည်ညိုပျက်ခံနေရတဲ့အချိန်၊ UNHCR နောက်ကောက်ကောက်ပါအောင် လိုက်နေမှုကြောင့် နိုင်ငံရေးသမားဆိုရင် လူမလေးစားတော့တဲ့အချိန်၊ အဲလိုအချိန်မျိုးမှာ စိတ်ဓာတ်ရှိကြပြီး တစစီဖြစ်နေတဲ့လူတွေကို နိုင်ငံရေးကောက်သင်းကောက်သလို တယောက်စီပြန်ပြီး စုစည်းနေရတဲ့အချိန်ပါ။ ခုအချိန်မှာ ဖြစ်လာတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး နိုင်ငံရေးပါတီကြီးပါဆိုတဲ့ NLD-LA (Malaysia) ခေါင်းဆောင်ကျော်ကျော်ရဲ့ သတင်းဌာနကနေ ပြောသွားတဲ့စကားဟာ အရမ်းကို ရှက်စရာ၊ ရွံစရာ၊ အော့နှလုံးနာစရာ ကောင်းပါတယ်။ လက်ရှိအခြေအနေ၊ လက်ရှိအချိန်၊ ဖြစ်နေတဲ့ပြဿနာ၊ ပြောသွားတဲ့စကားပေါ်မှာမူတည်ပြီး ဒီလူနဲ့ သူဦးဆောင်နေတဲ့အဖွဲ့ဟာ နိုင်ငံရေးပါတီအတုလား၊ အစစ်လားဆိုတာ ခွဲခြားမြင်လို့ ရမယ်ထင်ပါတယ်။

မသမာသူလူတစုရဲ့ NLD ကဒ် အတုလုပ်မှုပါလို့ ပြောသွားတဲ့ ကျော်ကျော်နဲ့ NLD-LA (Malaysia) ဘာလဲဆိုတာကို ကျနော်ရဲ့ကိုယ်တွေ့အတွေ့အကြုံတခု ပြောပြပါမယ်။ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကို စုစည်းလို့ရတဲ့လူတွေနဲ့ ဆန္ဒပြကြမယ်ဆိုပြီး လူစုကြတုန်းက ကျနော်တို့ဆီကို လူတော်တော်များများ ဖုန်းဆက်ပြီးမေးကြပါတယ်။ “ကျော်ကျော်ရဲ့ NLD ဆန္ဒပြပွဲမှာ မပါရင် သူတို့ပွဲကို လာကြပါမယ်” တဲ့။ အလားတူပါပဲ။ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် သွေးလှူကြတုန်းကလည်း ကျနော်တို့ ဒီလိုမျိုးပဲ ဖုန်းဆက်ပြီး အမေးခံခဲ့ရပါတယ်။ ဒီလို ပြည်သူလူထုရဲ့ အကြည်ညိုပျက်နေတဲ့ ကျော်ကျော်နဲ့ NLD-LA (Malaysia) ဟာ မလေးရှားမှာ နိုင်ငံရေးပါတီအစစ်အမှန်အနေနဲ့ ရပ်တည်နေတာလား။ အတုအယောင်အနေနဲ့ ရပ်တည်ပြီး နိုင်ငံရေးသပ်လျှိုမှု လုပ်နေတာလား။




အခုတင်ထားတဲ့ပုံတွေဟာ ကျော်ကျော်နဲ့ အဖွဲ့ဝင် ၇၀၀၀-ကျော်ရှိတဲ့ NLD-LA (Malaysia) တို့ မြန်မာသံရုံးရှေ့မှာ နောက်ဆုံးအကြိမ် ဆန္ဒပြနေတဲ့အချိန်တုန်းက ပုံတွေပါ။ UNHCR မှတ်ပုံတင်လုပ်ပေးပါမယ်ဆိုပြီး ချွေးနည်းစာပိုက်ဆံတွေကို လိမ်တောင်းပြီးတဲ့နောက်ပိုင်း မလေးရှားမှာရှိတဲ့ မြန်မာလူမျိုးတွေရဲ့ ထောက်ခံအားပေးမှု လုံးဝမရှိတော့ဘဲ နိုင်ငံရေးသေသွားကြတဲ့ ပုံတွေပါ။ ဒီပုံတွေပါ ကျော်ကျော်နဲ့ NLD-LA (Malaysia) အဖွဲ့ ဟာ နိုင်ငံရေးအဖွဲ့ အတုလား အစစ်လားဆိုတာ စဉ်းစားလို့ရမယ် ထင်ပါတယ်။





ဒီအသံဖိုင်ကတော့ ကျော်ကျော်ရဲ့ NLD-LA (Malaysia) အဖွဲ့က မြန်မာလူမျိုးအလုပ်သမားဆီမှာ UN မှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတောင်းနေတဲ့အသံဖိုင်ပါ။ အဲလိုတောင်းထားတဲ့ငွေတွေနဲ့ ကျော်ကျော်ဟာ ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းမှာ “အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ ရောင်းဝယ်ရေး” ဆိုင်ကြီးတခု ဖွင့်ထားပြီး စီးပွားရှာနေပါတယ်။ ဒီအသံဖိုင်ကို UNHCR-Malaysia ရုံးနဲ့ မလေးရှားအာဏာပိုင် အဖွဲ့အစည်းတွေကိုပါ တပါတည်းပို့ပေးပါအုံးမယ်။

ခုလောက်ဆိုရင်တော့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ဟာ မလေးရှားမှာ ဘယ်လိုအလုပ်မျိုးတွေ လုပ်ကိုင်နေထိုင်နေကြတယ်ဆိုတာ နိုင်ငံတကာက မြန်မာအသိုင်းအ၀ိုင်းများ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အဖမ်းခံလိုက်ရတဲ့ NLD-Youth (L.A Malaysia) အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သူများကတော့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ရဲ့ လုပ်ရပ်များနဲ့ပတ်သတ်ပြီး သဘောထားခြင်းမတိုက်ဆိုင်ကြတဲ့ NLD-LA (Malaysia) ရဲ့ အလောစတား (Alor Star) တာဝန်ခံ ကိုချစ်အေး၊ ပီနန်း (Penang) နယ်မြေတာဝန်ခံ ကိုကိုကျော်နှင့် NLD-LA (Malaysia) ရဲ့ အီးစီအဖွဲ့ဝင် ကျန်းမာရေးတာဝန်ခံ ကိုစံမြင့်သိန်းတို့ ဖြစ်ပါတယ်။

KL မှ အဖွဲ့အစည်းများရဲ့ လက်လှမ်းမမှီနိုင်သော နေရာရှိ မြန်မာဒုက္ခသည်များနှင့် ရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲများကို အဓိကထား လိုက်လံကူညီဖြေရှင်းပေးနေကြသူများ ဖြစ်ပါတယ်။ NLD-Youth (L.A Malaysia) မှ ဦးဆောင်၍ ၄င်းတို့နယ်မြေ၀န်းကျင်ရှိ မြန်မာဒုက္ခသည်များ၏ ကလေးငယ်များ ပညာတတ်မြောက်ရေးအတွက် စာသင်ကျောင်းတခု ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်ပါတယ်။

တဆက်တည်းပဲ သတင်းဌာနနဲ့ သတင်းထောက်များကို အကြံပြု မေတ္တာရပ်ခံလိုပါတယ်။ သတင်းတခုကို မြန်မာနိုင်ငံသားများ နားလည်အောင် ဘာသာပြန်ပြီးတင်ပေးတဲ့အပေါ်မှာ ကျေးဇူးတင်ပါတယ်။ ဒီသတင်းကို မှန်ကန်မှုရှိမရှိ အင်တာဗျူးမှတ်ချက်ပြုရာမှာ တဦးတယောက်တည်းရဲ့ ပြောကြားမှုကို ဇောင်းပေးပြီး သတင်းတင်လိုက်တာဟာ အပြုသဘောမဆောင်ဘဲ ဆိုးကျိုးများ များစွာဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရှိရပါသဖြင့် မြန်မာ့အရေးနှင့်ပတ်သတ်သော သတင်းများ အင်တာဗျူးမည်ဆိုပါက သုံးလေးဦးအားမေးမြန်းပြီး သမာသမတ်ကျသော ဖြေဆိုမှုများကိုသာ ဖော်ပြသင့်ပါတယ်။ ဒီစကားကို ပြောရခြင်းမှာလည်း မလေးရှားရှိ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများရဲ့ အခြေအနေကြောင့်သာ ဖြစ်ပါတယ်။ မိမိတို့ လုပ်ကိုင်နေသော သတင်းဌာန၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။

ကို ရဲ့ ကွန်မန့်မှာ ရေးထားတဲ့မေးခွန်းကတော့ အပေါ်က ပြောသွားတဲ့အထဲမှာ ပါနိုင်လောက်မယ်လို့ထင်ပါတယ်။ ကျနော့်အယူအဆကတော့ အဖွဲ့အစည်းတခုဟာ ရပ်တည်နေတဲ့ နေရာဌာနက မိမိလူမျိုးတွေရဲ့ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန်နဲ့ ဖြည့်ဆည်းစွမ်းဆောင်ပေးနိုင်မှုဟာ ပိုပြီးအဓိကကျမယ်ထင်ပါတယ်။ အဲဒီလိုလုပ်နိုင်ခြင်းဟာ ပြည်တွင်းကို ထောက်ပံ့ အချိတ်အဆက်လုပ်နေတာနဲ့ အတူတူပါပဲ။

မောင်ပါလ
၂၂.၅.၂၀၁၁

4 comments:

sv May 22, 2011 at 11:26 PM  

ရောက်လာပါတယ် မောင်ပါလရေ
ငခုံးမတကောင်ကြောင့်တလှေလုံးပုတ်တာပါ... ဒီလို မကောင်းတဲ့ လုပ်စားတဲ့သူတွေကို ကြည့်ပြီး NLD ကို မြင်မယ်ဆိုရင်တော့ မှားမှာပါ... ဒီလိုလူမျိုးတွေကို ဝိုင်းဝန်းဖယ်ရှားကြရမယ်....ဒီလိုလူမျိုးတွေကို ရပ်တည်ခွင့်မပေးသင့်ဘူး...တမြို.တည်းမှာတင် အဖွဲ.၂ ဖွဲ.ကွဲတယ်ဆိုတာ စည်းရုံးမှု.မရှိတာပါပဲ..ရှက်စရာအဖြစ်ပါ..ဒါ့အပြင် NLD-LA က လဲ ဒီတိုင်းကြည့်နေတယ်ဆိုတော့ စဉ်းစားစရာပဲ... နိုင်အောင် မအုပ်ချုပ်နိုင်ရင် မပြတ်သားရဲရင် လူကြီးဆိုတဲ့ နေရာ ယူမထားသင့်ဘူး မဟုတ်လား....ဟိုးအရင် မောင်ပါလတင်တဲ့ ပို.စ်တွေကို ဒီလူတွေ မတော်တဆလေးတောင် မဖတ်မိကြဘူးလား... အဓိကကတော့ မောင်ပါလ ပြောသွားသလို NLD သည် တဦးတည်း မူပိုင်မဟုတ်သလို နာမည်ခုတုံးပြုလုပ်စားနေကြသူများ ကိုယ့်လိပ်ပြာကိုယ် ရှက်တတ်ကြပါစေ...

လေးစားစွာဖြင့်
simple views.

nyopyar88888 May 23, 2011 at 9:49 AM  

ဒေါက်တာနိုင်လင်း(ယ္ခု ဘားမားကန်းပိန်း)ရဲ့ nld က ဇော်မျိုးလွင် ထောင်ကလွှတ်လာတော့ NLD(youth)ကို ဖွဲစည်းခဲ့ တယ်(တပြိုင်တည်း နောက်ထပ်ထောင်ထွက်တွေကို ကူညီနိုင်ရန် BRO ကိုဖွဲ့ ခဲ့တယ်)နောက်ပိုင်းမှ ကျော်ကျော်၊ အောင်ကျော်ဆက်၊လှမင်း၊ မောင်လှ ၊ စိုးမိုး တခြားလူတွေ လွှတ်လာတယ်။ မလေးရှား NLD 2 ဖွဲ့ ကို စေ့စပ်ဆွေးနွှေး ဖို့ NLD(LA)က ကျောက်တံခါးအမတ် လှဦး (FTUB)ကိုစေလွှတ်ခဲ့တယ်။ လှဦး ကို မောင်လှနဲ့ ဇော်မျိုးလွင်တို့ သွားကြို ပြီး ဇေယျာအောက်ကဆိုင်မှာ ၊ လှဦးက " မင်းတို့ NLD လူငယ်ဆို့ တော့ လူကြီးအောက်( ဒေါက်တာနိုင်လင်းအဖွဲ့ ကို ၇ည်ရွှယ်ပါသည်)အလိုလိုေ၇ာက်နေတယ်။ NLD ပဲလုပ်၇န်ပြောတယ်.. ဗဟိုကနေ ၂ဖွဲ့ ကိုစေ့စပ်ဖို့ လွှတ်လိုက်တဲ့ လှဦး က ၂ ဘက်ခေါင်းဆောင်းတွေကို ခေါ်ဆောင်တွေ့ ဆုံ့ ဆွေးနွှေးပူးပေါင်းစေ၇န်လုံးဝ(လုံးဝ)လုပ်ဆောင်ခဲ့ ခြင်းမ၇ှိ NLD 2 ဖွဲ့ ဖြင့်စေခဲ့ပါတယ်.မလေးရှားကနိုင်ငံေ၇းလုပ်စားတွေကို မပတ်သတ်ခြင်းလို့ ငြိမ်နေခဲ့တာ လူတွေကိုဒုက္ခပေးတာကို တွေ့ နေကြာနေ၇တော့ လက်ပိုက်ကြည့်နေဖို့ မဖြင့်တော့ပါ...မောင်ပါလ ဆက်ေ၇းပါ လိုအပ်တာတွေကိုဖြည့် ပေးပါမယ်

မောင်ပါလ May 24, 2011 at 1:35 AM  

‎facebook မှာ ကွန်မန့်ပေးထားတဲ့ ကျနော့်မှားယွင်းနေတာလေးပါ။ ပို့စ်မှာတော့ ပြန်မပြင်တော့ပါဘူး။ ဒီမှာလာဖတ်ကြတဲ့ လူတွေ ကွန်မန့်ဖတ်ရင်းနဲ့ အမှန်ကိုသိအောင် ပြန်တင်ပေးတာပါ။

(NLD-LA (Malaysia) ခေါင်းဆောင်ကျော်ကျော်ရဲ့ NLD-LA (Malaysia) အဖွဲ့က မြန်မာလူမျိုးအလုပ်သမားဆီမှာ UN မှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတောင်းနေတဲ့အသံဖိုင်ပါ။ အဲလိုတောင်းထားတဲ့ငွေတွေနဲ့ ကျော်ကျော်ဟာ ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းမှာ “အုတ...်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ ရောင်းဝယ်ရေး” ဆိုင်ကြီးတခု ဖွင့်ထားပြီး စီးပွားရှာနေပါတယ်။)ဆိုတဲ့အပိုဒ်မှာ(ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်း)အစား(သာကေတမြို့နယ်ရန်ပြေ-၁၄လမ်းပိုင်ရှင်သက်သက်မော်(NLD-LA (Malaysia) ခေါင်းဆောင်ကျော်ကျော်၏ဇနီး)-အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ ရောင်းဝယ်ရေး”လို့ပြင်ဆင်ပေးပါရစေ...မှန်ကန်သောဘက်မှအသင်းကြီးရပ်တည်နိုင်ပါစေ...

ဒေါင်းတမာန် May 24, 2011 at 3:58 AM  

မှန်ကန်တဲ့ တင်ပြချက်မို့  လေးစားပါတယ်။ဆက်လက်တင်ပြနိုင်ပါစေ

ခင်မင်လေးစားလျက်

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP