စိတ်ဆန္ဒများ အမြင့်ဆုံးသို့ရောက်ခဲ့ကြသော်...
>> Sunday, August 29, 2010
တခါက အိန္ဒိယဆာဒူးကြီးတပါးသည် တပည့်များအားပညာသင်ပေးနေစဉ် မုန့်ရောင်းသောမိန်းမတဦးသည် ထိုအနားသို့ရောက်လာလေသည်။ ဆာဒူးကြီးသည် တပည့်များအား အလွန်အဖိုးတန်သော ပညာတခုသင်ပေးမည်။ ကြည့်နေကြပါ ပြောကာ မုန့်သည်မိန်းမအားလှမ်းခေါ်ပြီး မုန့်များကိုတခုပြီးတခု နှိုက်ယူစားသောက်ရာ ပါသမျှမုန့်တို့သည် တက်တက်ပြောင်လေ၏။
စားသောက်ပြီးသောအခါ ဆာဒူးကြီးသည် မုန့်သည်မိန်းမအား မုန့်ဖိုးလည်းမပေး၊ တပည့်များအားလည်း စာဆက်မသင်တော့ဘဲ အိပ်စက်လေတော့သည်။ မုန့်သည်မိန်းမက ၄င်းရသင့်သောမုန့်ဖိုးကိုတောင်းသော်လည်း အသိအမှတ်ပြုခြင်းမရှိတော့ပေ။
မုန့်သည်လည်း ပထမရိုးရိုးတောင်းသည်။ မရ။ နောက်ရိုက်နှက်၍တောင်းသည်။ နောက်တဖန် ၄င်းသည်လူမမယ်ကလေးများနှင့် မျက်မမြင်မိခင်အိုကြီးကို လုပ်ကျွေးနေရကြောင်း၊ ပိုက်ဆံမရလျှင် သူတို့ဒုက္ခရောက်မည်ဖြစ်ကြောင်းပြောကာ အသနားခံငိုယိုတောင်းသော်လည်း ဆာဒူးကြီးကဂရုမစိုက်။ တပည့်များလည်း မည်သို့ဆက်ဖြစ်မည်ကို သိချင်ဇောဖြင့်စောင့်ကြည့်ကြကုန်သော် ညနေစောင်းသို့တိုင်လေ၏။
များမကြာမီ အမှောင်ထုဖုံးလွှမ်းလာပြီး အနီးအနားအဆောက်အအုံအချို့မှ မီးရောင်များကိုပင်မြင်တွေ့ရပြီဖြစ်သည်။ မုန့်သည်မိန်းမလည်း မီးရောင်လက်လက်များကိုကြည့်လိုက်၊ ထိန်ထိန်သာနေသောလမင်းကြီးကိုကြည့်လိုက်နှင့် အိမ်တွင်ကျန်ရစ်ခဲ့သော လူမမယ်ကလေးများနှင့် မျက်မမြင်မိခင်အိုကြီးအတွက်ပူဆွေးကာ ရူးသွပ်သွားသည့်အလား ဆောက်တည်ရာမရအောင် လူးလိမ့်ငိုကြွေးလေတော့၏။
ထိုအချိန်၌ပင် မြင်းဖြူကြီးကိုစီးထားသော မဟာရာဂျာစော်ဘွားတဦး ထိုနေရာသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးလျှင် မုန့်သည်မိန်းမအားအကျိုးအကြောင်းကို မေးလေ၏။ မုန့်သည်မိန်းမလည်း ဆာဒူးကြီးမုန့်ဝယ်စားပုံ၊ မုန့်ဖိုးမပေးဘဲညစ်ထားပုံတို့ကို ခရေစေ့တွင်းကျပြောပြလေသည်။ မဟာရာဂျာအား ဆာဒူးကြီးအား ဘာမှမပြောတော့ဘဲ အနီးအနားတွင်ရှိကုန်သော တပည့်များအားမေးရာ ဟုတ်မှန်ကြောင်းဝန်ခံကြ၏။ ထိုအခါ မဟာရာဂျာက ဆာဒူးကြီး၏တပည့်အချို့အကူအညီဖြင့် မုန်သည်မိန်းမလိုအပ်သောပစ္စည်းများကို အများအပြားဝယ်ပေးလိုက်သည့်အပြင် ငွေစက္ကူများလည်း အထပ်လိုက်ပေးလိုက်လေသည်။
ကြားခဲ့ဖူးတဲ့ ပုံပြင်လေးတပုဒ်ပါ။
ကျနော်တို့ဗမာပြည်နိုင်ငံရေးအခြေအနေဟာလည်း ပုံပြင်အရပြောမယ်ဆိုရင် တပြည်လုံးအတိုင်းအတာအရ ပြောင်းလဲချင်တဲ့စိတ်အမြင့်ဆုံးကို မရောက်သေးဘူးလို့ဆိုရပါမယ်။ ဘာဖြစ်လို့ပြောင်းလဲချင်စိတ် အမြင့်ဆုံးမရောက်သေးဘူးလို့ ပြောရလဲဆိုရင်...............
၈၈၈၈-လူထုအရေးတော်ပုံကြီးပြီးသွားကတည်းက စစ်အာဏာရှင်တွေဟာ နောက်တကြိမ်ဒီလိုမျိုးထပ်မဖြစ်နိုင်အောင်လို့ နည်းမျိုးစုံနဲ့ဖိနှိပ်အုပ်ချုပ်ခဲ့ကြပါတယ်။ ရှိသမျှခေါင်းဆောင်မှုပေးနိုင်မယ့်လူအားလုံးကို ထောင်ထဲမှာ တဘ၀စာလုံး အကျဉ်းချထားခဲ့ကြတယ်။ ထောင်ပြင်ပမှာလည်း သူတို့နဲ့ဆန့်ကျင်တဲ့မည်သည့်လှုပ်ရှားမှုမျိုးကိုမှ ပြုလုပ်ခွင့်မပြုတဲ့အပြင် ပြည်သူတွေရဲ့စိတ်ဓာတ်ကို ပညာရေး၊ စီးပွားရေး၊ လူမှုရေးအတိုင်းအတာအားလုံးနဲ့ ရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်။ ၂၂-နှစ်ကျော်တိုင်တိုင် ဒီလိုမျိုး ဖိနှိပ်ကျုံးသွင်းခံခဲ့ရတဲ့ပြည်သူအများစုဟာ ပြောင်းလဲမှုမရှိတဲ့နိုင်ငံရေးဆိုတာကြီးကို ငြီးငွေ့လာပါတယ်။ ပြည်သူတိုင်းကတော့ လက်ရှိဖြစ်တည်နေတဲ့ ခြွတ်ချုံကျနေတဲ့ ဗမာပြည်ရဲ့ဆိုးယုတ်မှုအဖုံဖုံကို သိမြင်ကောင်းသိမြင်ကြပါလိမ့်မယ်။ ပြောင်းလဲချင်ကောင်း ပြောင်းလဲချင်ကြပါလိမ့်မယ်။
ဒါပေမယ့် လက်ရှိကြုံတွေ့နေရတဲ့အခြေအနေမှာ စိတ်ဓာတ်ရေးရာနိမ့်ကျတဲ့လူတွေဟာ ပြောင်းလဲချင်တဲ့အမှန်တရားကိုမျက်ကွယ်ပြုပြီး သာတဲ့ဖက်ကိုလိုက်သွားကြပါတယ်။ အာဏာရှင်အစိုးရနဲ့ပေါင်းရင် အနေချောင်၊ အစားချောင်မယ်ဆိုတဲ့အတွေးနဲ့ ကြံ့ဖွတ်အဖွဲ့ဝင်ဆိုတဲ့ အသားထဲကလောက်ကောင်တွေ ပြည်သူတွေကြားမှာပေါ်ထွက်လာပါတယ်။ တချို့ကြတော့လည်း “ဘယ်အစိုးရတက်တက် ငါအတွက်တနေ့ထမင်းနှစ်နပ်ပဲ” ဆိုပြီး ကိုယ့်စီးပွားကိုယ်ရှာကြတဲ့ ကြားနေရေးသမားတွေဖြစ်နေကြပါတယ်။ နောက်တမျိုးကျတော့လည်း အာဏာရှင်အစိုးရကို တော်လှန်ချင်တယ်။ မကြိုက်ဘူး။ အားကိုးစရာအတိုက်အခံတွေကလည်း ပြည်တွင်းမှာဘာမှလှုပ်ရှားခွင့်မရှိတော့ ဖွဲ့စည်းလို့မရဘူး။ ပြည်ပအတိုက်အခံတွေထဲမှာလည်း ဘယ်သူ့ကိုအားကိုးရမှန်းမသိအောင်ကိုဖြစ်နေတော့ နဂိုကတည်းကမှ ရိုက်ချိုးခံထားရတဲ့စိတ်ဓာတ်တွေဟာ ဘယ်လိုနည်းနဲ့မှကို ဆွဲတင်လို့မရအောင်ဖြစ်ကုန်ကြတယ်။ ဒီတော့ ပြည်သူအားလုံးရဲ့ နိုင်ငံပြောင်းလဲချင်တဲ့စိတ်ဓာတ်ဟာ အမြင့်ဆုံးရောက်ဖို့မပြောနဲ့။ အောက်ဆုံးကကို မတက်နိုင်ကြဘူးဖြစ်နေတယ်။
ဒီလိုဖြစ်နေအောင်လည်း ပြည်ပနိုင်ငံရေးအတိုက်အခံလောကရဲ့ နိုင်ငံရေးအခင်းအကျင်းက တွန်းအားပေးသလိုဖြစ်နေပြန်တယ်။ ပြည်ပနိုင်ငံရေးအတိုက်အခံလောကကိုဥပမာပြုရမယ်ဆိုရင်---
စစ်အာဏာရှင်အစိုးရဟာ တောအုပ်ကြီးနဲ့တူပါတယ်။ ပြည်ပနိုင်ငံရေးအတိုက်အခံများကတော့ အဲဒီတောကြီးကို ခုတ်ထွင်ရှင်းလင်းမယ့်လူတွေနဲ့ တူပါတယ်။
တောကြီးနဲ့ တောရှင်းမယ့်လူတွေရဲ့ကြားမှာ ခြုံနွယ်ပိတ်ပေါင်းများစွာ ထူထပ်ပေါက်ရောက်နေပါတယ်။ အဲဒီခြုံနွယ်တွေဟာ စစ်အစိုးရကပြည်ပအဖွဲ့အစည်းတွေထဲမှာ သပ်လျှိုထည့်သွင်းထားတဲ့သူလျှိုတွေ၊ ဗမာပြည်နိုင်ငံရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားအတုအယောင်တွေနဲ့ တူပါတယ်။
တောရှင်းမယ့်ထဲကတချို့ဟာ ခြုံပင်တွေ၊ နွယ်ပင်တွေအောက်မှာ ၀င်ရောက်အိပ်စက်နေကြပါတယ်။ အဲဒီလူတွေဟာ အတုအယောင်ကိုယ်ကျိုးရှားနိုင်ငံရေးသမားတွေနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကပ်လျက်စားနေတဲ့လူတွေ၊ အဖွဲ့တခုက မလျော်ကန်တဲ့နည်းနဲ့ကိုယ်ကျိုးရှာနေတာကို မဟာမိတ်ပျက်မှာစိုးလို့ ဘာမှမပြောကြဘဲ အပေါ်ယံစည်းလုံးမှုတွေနဲ့ ဘာသိဘာသာ နေကြတဲ့ အဖွဲ့တွေ၊ လူတွေနဲ့တူပါတယ်။
တချို့ကြတော့လည်း တောအုပ်ကိုသွားရမယ့်လမ်းဟာ ခက်ခဲကြမ်းတမ်းနေတဲ့အတွက်ကြောင့် သာတဲ့လမ်းကိုပဲနောက်ပြန်လျှောက်သွားကြပါတယ်။ အဲလိုလူတွေဟာ ပြည်ပအတိုက်အခံတွေထဲက ဘယ်လိုလူစားတွေလဲဆိုရင် တော်လှန်ရေးအဆက်ဆက် နိုင်ငံရေးသမားတွေနဲ့ ရောယောင်ပါလာကြပြီး ပြည်ပရောက်၊ နောက်တတိယနိုင်ငံတွေရောက် ကိုယ့်စီးပွားကိုယ်ရှာပြီး ငါဘာကြောင့် နိုင်ငံခြားမှာရောက်လာကြီးပွားနေတာပါလဲဆိုတဲ့ဘ၀ကို မေ့နေကြတဲ့လူတွေ ဖြစ်ပါတယ်။
တောရှင်းမယ့်လူတွေဟာ တောအုပ်ကိုရောက်ဖို့အတွက် လမ်းမှာပိတ်နေတဲ့ခြုံနွယ်တွေကို ရှင်းပြီးသွားမှရောက်မှာဖြစ်ပါတယ်။ အဲဒီလိုရှင်းတဲ့အခါမှာလည်း ခြုံထဲမှာအိပ်နေကြတဲ့လူတွေရဲ့ ရန်လိုခြင်းကို မလွဲမသွေခံရမှာပါ။ စစ်မှန်တဲ့နိုင်ငံရေးသမားတွေဟာလည်း အာဏာရှင်စနစ်ကိုတိုက်ဖို့အတွက် အဟန့်အတားဖြစ်နေတဲ့ အယောင်ဆောင်သူလျှိုတွေ၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေကို အရင်ဆုံးဖယ်ရှားရမှာပါ။ ဒီလိုလူတွေကိုဖယ်ရှားလို့ အရေအတွက်သာလျှော့သွားမှာပါ။ အရည်အချင်းနဲ့ စိတ်ဓာတ်ရေးရာအရ မြင့်တက်လာမှာဖြစ်ပါတယ်။ ဒါတွေကို မဖယ်ရှားဘဲနိုင်ငံရေးဆက်လုပ်ကြမယ်ဆိုရင်တော့ အနီးအနားနဲ့ သွားရမယ့်လမ်းကြောင်းပေါ်မှာရှိနေတဲ့ခြုံတွေကို အရင်မရှင်းဘဲ ဟိုးအဝေးကြီးမှာရှိတဲ့တောကို ရှင်းမယ်လို့ ဓားတပြပြနဲ့ကြိမ်းမောင်းနေတဲ့ တောရှင်းအဖွဲ့နဲ့သာ အလားသဏ္ဍာန်တူနေမှာဖြစ်ပြီး ပြည်သူအပေါင်းရဲ့စိတ်ဓာတ်ကို မမြှင့်တင်နိုင်တဲ့အပြင် ပရမ်းပတာဖြစ်နေတဲ့နိုင်ငံရေးလောကကိုကြည့်ပြီး ပြည်သူတွေစိတ်ဓာတ်ကျစရာ အခြေအနေကိုဖန်တီးပေးသလိုသာ ဖြစ်နေပါတယ်။
မဟာမိတ်ပျက်ကြမှာစိုးလို့ဆိုပြီး ကိုယ်လုပ်ချင်ရာလုပ် ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တယောက်ကမှ ပြောဆိုခြင်းမရှိကြဘဲ ဟန်ဆောင်ပန်ဆောင်စည်းလုံးနေကြတာဟာ ပိုးကိုက်နေတဲ့ထင်းချောင်းတွေကို စုစည်းထားတဲ့ ထင်းစည်းတစည်းနဲ့အသွင်တူနေပါတယ်။ ဒါကြောင့်လည်း ရန်သူအာဏာရှင်အစိုးရဟာ ပြည်ပနိုင်ငံရေးသမားတွေရဲ့ ခိုင်မာမှုအင်အားမရှိတဲ့စည်းလုံးမှုကိုကျော်ပြီး ထင်ရာစိုင်းခွင့်ရနေခြင်းသာဖြစ်ပါတယ်။ ခုဆိုရင် တိုင်းပြည်ကို တရားဝင်စစ်ကျွန်ပြုဖို့အတွက် တပ်ချုပ်ကြီးတွေရဲ့ အရေခွံလဲပွဲကို အဟန့်အတားမရှိ အခက်အခဲမရှိ ပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်ဖြစ်ပျက်ခဲ့ကြတဲ့ သမိုင်းသင်ခန်းစာတွေဟာ ကျနော်တို့၊ ခင်ဗျားတို့ ကောင်းကောင်းကြီး ပြုပြင်ပြောင်းလဲဖို့ လုံလောက်နေပါပြီ။ အမိနိုင်ငံကြီးကို တိုးတက်ပြောင်းလဲချင်ပါတယ်ဆိုတဲ့ ကျနော်တို့ရဲ့ စိတ်ဆန္ဒတွေ အမြင့်ဆုံးရောက်ဖို့ ကျနော်တို့ကိုယ်တိုင်မြှင့်တင်ရမှာပါ။
စစ်မှန်ရိုးသားတဲ့စိတ်ဓာတ်၊ ခိုင်မာတဲ့ယုံကြည်ချက်၊ တောင့်တင်းအင်အားရှိတဲ့စည်းလုံးညီညွတ်မှုတွေနဲ့ တိကျတဲ့ရည်မှန်းချက်ဖြစ်တဲ့ အမိနိုင်ငံတော်ကြီး တိုးတက်ပြောင်းလဲနိုင်မယ့်အရေးမှာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ အမြင့်ဆုံးကိုရောက်နိုင်မယ့်တနေ့အတွက် ကြိုးစားအားထုတ်ကြဖို့ ဆန္ဒပြုရင်း.............
မောင်ပါလ
2 comments:
ဂွတ်ပါအိ....
အရမ်းကောင်းတဲ့ ဥပမာ...
Post a Comment