အဖြူရောင်ထဲက အမဲစက်

>> Friday, August 13, 2010

အမှတ်တရ အောက်မေ့ဖွယ်နေ့တနေ့မှာ အမှတ်တမဲ့ဖြစ်ရပ်လေးတခုကို တွေ့လိုက်ရတယ်။ ပြဿနာကတော့ မလေးရှားနိုင်ငံရဲ့ မြန်မာ့နိုင်ငံရေးလောက အရှုပ်ထုတ်အကြောင်းလေးတခုပါ။

ထိုပြဿနာနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ ရေငုံနှုတ်ပိတ်ပြီး နေလို့မရတဲ့အဖြစ်ပါ။ မြန်မာရိုးရာစကားတိုင်း မပြောမပြီး မတီးမမြည် မပြမမြင် ဆိုသည့်အတိုင်း နိုင်ငံရေးလုပ်စားသူတွေရဲ့အသွင် သဏ္ဍန်ကိုဖွင့်ချရန် အမှန်တရားကို လက်ကိုင်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ထိုသို့ဖြစ်ပျက်ရသောအကြောင်းမှာ ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် ထူးထူးခြားခြားရှိနေသည်ကို တွေ့မြင်ရသည်။ အဘယ်ကြောင့်ဆိုသော် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခန်းအနားတွင် ရုပ်ပျက်ဆင်းပျက် ဒေါသထွက်နေသော လူကြီးမင်း (မလေးရှား အယ်လ်အေ) အနာပေါ်ဒုတ်ကျသလို ခံစားနေရခြင်းပင်ဖြစ်သည်။

ဟိုတလောက နာမည်ကြီးသတင်းလေးတခုနှင့် နှိုင်းယှဉ်ပြရလျှင် အိမ်ထောင်ဆက်များသောရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို ဂျာနယ်လစ်မလေး အေးသူစံရဲ့အမေး မင်းသမီးရဲ့အိမ်ထောင်ဆက်က ဒါနောက်ဆုံးလားလို့မေးသလိုပင် မောင်ပါလကိုယ်စားကျနော် မေးလိုက်ချင်တာက လူကြီးမင်းမလေးရှား(LA) လုပ်ဆောင်နေသော ပါတီ၏ လုပ်ငန်းများသည် ပါတီမူနှင့် ကိုက်ညီမှုရှိမရှိ အမျိုးသားရေးအသွင်ဆောင်သော လုပ်ရပ်များ ဟုတ်ရဲ့လားလို့ မေးစမ်းချင်ပါသည်။ ပါတီဆိုင်းဘုတ်စွဲကိုင်ကာ ငွေတောင်း၍ ယူအင်အိပ်ရှ်စီအာရ်ရရှိရေး လုပ်ဆောင်နေခြင်းသည် ပါတီမူနှင့် လားလားမှ မသက်ဆိုင်ပဲဖြစ်နေပါသည်။ လူကြီးမင်း (မလေးရှား အယ်အေ) လုပ်ရပ်များသည် ထောင်ထွက်လူဆိုးများစုစည်းကာ လမ်းဆုံလမ်းခွများတွင် ဖဲသုံးချပ်ဝိုင်းဖွဲ့ကာ ငွေလိမ်သလိုပင် ယူအင်ဘန်းပြ၍ ငွေလိမ်ညာ တောင်းသူနှင့် မထူးမခြားဖြစ်နေပါသည်။ ဇတ်မင်းသားလေး ပြောသလို ယိုသူမရှက် မြင်သူရှက် ဟူသောစကားလုံးဖြင့် လူကြီးမင်း၏ မှန်တယ်ထင်တာကို လုပ်ရဲတယ်ဆိုတဲ့ လုပ်ရပ်နှင့်အတူတူပင် ဖြစ်နေပါသည်။

ခရီးသွာမှတ်တမ်း ဘလော့၌ရေးသားထားသော အကြောင်းရာများသည် သူ့အမြင်များကို ရေးသားထားခြင်းသာဖြစ်သည်။ အမှန်ကိုဖွင့်ချပြောဆိုခြင်းသည်လည်း လူတော်လူကောင်းတို့၏လက္ခဏာပင်ဖြစ်သည်။ မောင်ပါလအား ထိုကိစ္စကိုဖြေရှင်းရန်အတွက် ဥပမာတခုနှင့်နိုင်းယှဉ်ပြရလျှင် ပါလက်စတိုင်း ပီလယ်အိုဌာနချုပ်ကို အမေကန်ဗုံးသွားကြဲပြီးနောက် သတင်းထောက်များက သမ္မတရေဂင်ကို ဘာ့ကြောင့်ဗုံးကြဲရတာလဲလို့မေးသောအခါ သမ္မတ ရေဂင်၏အဖြေမှာ ဘာကြောင့်လဲသိချင်လျှင် ပီအယ်လ်အိုဌာနချုပ် ကိုမေးလျှင်ပိုကောင်းမည်ဟုဖြေသလိုပင် မိတ်ဆွေသူငယ်ချင်းများက ယခုပြဿနာကို မေးမြန်းလာလျှင်လည်း လူကြီးမင်း (မလေးရှားအယ်အေ) ကို မေးမည့်အစား ခရီးသွားမှတ်တမ်း ဘလော့ကို ၀င်ကြည့်လျှင်ပိုကောင်း မည်ဟု သာအကြံပြုလိုက်ချင်ပါသည်။

အမျိုးသားနိုင်ငံရေးလုပ်ရာတွင် ပေးဆပ်အနစ်နာခံမှုသာ အရင်းခံဖြစ်သည်။ နိုင်ငံရေးသမားတယောက်သည် ချီးမွမ်းမြှောက်စားခြင်းခံရဖို့ထက် ဝေဖန်ကဲ့ရဲ့ ဒါဏ်ကိုခံနိုင်ရည်ရှိဖို့ ကျင့်ကြံထားရမည်။လူကြီးမင်း၏လုပ်ရပ်များသည် နိုင်ငံရေးသမားတယောက် စံချိန်စံနှုန်းကိုမှီဖို့မပြောနှင့် ဒီမိုကရေစီလှုပ်ရှားသူ တဦးအနေဖြင့် သတ်မှတ်ရန်ပင် စိတ်ထဲ၌ မသတီစရာဖြစ်ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ရလဒ်ကို ရယူထားသည့်အပြင် ဒီမိုကရေစီ တပ်ဦးတော်လှန်ရေးအဖြစ် ရပ်တည်နေသည်မှာ ယနေ့ထိတိုင် ဖြစ်ပါသည်။၎င်းတပ်ဦးပါတီအား နိုင်ငံရေးဖေါက်ပြန်သူတို့၏ လက်တွင်း၌ ရှိနေသည်မှာ အနူလက်နှင့်ရွှေခွက်ကိုင်သလို၊ ငှက်မြတ်နားတွင် လင်တနားသလို ဥပမာဖြင့်တင်စားခေါ်ရမလိုဖြစ်သည်။ စာရေးသူအနေဖြင့် ပြောချင်သည်မှာ ပါတီဆိုင်းဘုတ်ကို ကိုင်ကာနိုင်ငံရေး လုပ်စားမည့်အစား သမ္မတလူကြမ်းနှင့်အဖွဲ့ ယူအင်အိပ်ရှ်စီအာ အကျိုးဆောင်ကော်မတီ အမည်နာမကို ဆွဲကိုင်၍ မှန်တယ်ထင်ရင်လုပ်ရဲသည့် လူကြီးမင်းလုပ်ရပ်နှင့် အသင့်တော်ဆုံးဖြစ်မည်ဟု အကြံပေးချင်ပါသည်။

အမိဗမာပြည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်အတွက် အသက်၊ သွေးတို့ကိုစတေးကာ ဖြူစင်ရိုးသားစွာလုပ်ကိုင်နေသော အချိန်ကာလတွင် နိုင်ငံရေးဖေါက်ပြန်သူများသည် အဖြူရောင်ထဲမှအမဲစက် ထင်သလိုဖြစ်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသော စကားအရ အမှန်တရားကိုဖေါ်ထုတ်ရဲတဲ့ သတ္တိရှိရမည်။ အမှန်တရားဖက်က ရပ်တည်ရဲရမည်ဆိုသည့်အတိုင်း အဖြူရောင်ထဲမှအမဲစက်များကို ရှင်းလင်းသွားရန် ကျနော်တို့မှာ အမျိုးသားရေးတာဝန်ရှိသည်။

မောင်ဒါန(အမှန်တရားကို မြတ်နိုးသူ)

2 comments:

Co2zeиith August 13, 2010 at 11:46 PM  

သိတဲ့သူတွေ လည် အားဂျီးဖြစ်နေပီ
အော်တဲ့ သူတွေရော အားဂျီးဖြစ်နေပီ
လှော်မဲ သူတွေရော အားဂျီးဖြစ်နေပီ
အဲဗား အတူရှိနေမယ်

Crystal August 14, 2010 at 9:52 AM  

လည်လည်ရောက်ကြောင်းပါနော်။ စီဘုံးမှာ မမြင်ရလို့နော် မန့်မှာပဲ ရေးခဲ့ပြီနော်။
crystal
http://crystal-lovelivelife.blogspot.com
http://www.blissofus.com

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP