ကြုံရဆုံရ မလေးရှားနိုင်ငံရေးလောက

>> Monday, August 9, 2010

၈. ၈. ၂၀၁၀။

ဒီနေ့ဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ၂၂-မြောက်နှစ်ပတ်လည်နေ့ပါ။

မမေ့အပ်တဲ့နေ့တနေ့ဖြစ်တာမို့ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းတွေက ဦးစီးပြီး အထိမ်းအမှတ်ပွဲတွေလုပ်ကြပါတယ်။ မောင်ပါလတို့မလေးရှားမှာလည်း NLD-LA (Malaysia)၊ DPNS (Malaysia Branch)၊ ALD (ရခိုင်) နဲ့ ZOMI (ချင်း) အဖွဲ့တို့ပူးပေါင်းပြီး ဟောပွဲပြောလေးတခုလုပ်ကြပါတယ်။

မောင်ပါလလည်း DPNS (Malaysia branch) ရဲ့ပါတီဝင်တဦးဖြစ်တာမို့ ၇-ရက်နေ့ညကတည်းက အလုပ်ကခဏခွင့်ယူပြီး ပါတီရုံးမှာသွားအိပ်ပါတယ်။ ဘယ်ဟောပြောပွဲမှ မတက်ဖြစ်တာ တော်တော်ကြာပါပြီ။ နောက်ပြီးတော့ မလေးရှားမှာ အခုအချိန်အဖမ်းအဆီး အရမ်းကြမ်းနေပါတယ်။ Nation Wide ဖမ်းမယ်လို့တောင် သတင်းစာမှာကြေငြာထားပါတယ်။ စနေ၊ တနင်္ဂနွေနေ့တိုင်းလည်း ကေအယ်လ်အနီးဝန်းကျင်မှာ အမြဲတမ်းဖမ်းတတ်တာကြောင့် အပြင်မထွက်ချင်ပေမယ့် အကိုတွေ၊ အစ်မတွေကလည်း လာခဲ့ပါလို့အတင်းခေါ်။ သူငယ်ချင်းတွေကလည်း ဖုန်းဆက်ပြီးလှမ်းခေါ်ကြ၊ ပြီးတော့ လူထုတိုက်ပွဲကြီးကို ဂုဏ်ပြုသတိရစရာပွဲတပွဲဖြစ်နေတာကြောင့် အတူအလုပ်လုပ်နေတဲ့ အကိုတယောက်နေမကောင်းဖြစ်နေတာတောင် သူ့ကိုတောင်းတောင်းပန်ပန် အလုပ်သွားခိုင်းပြီး ရောက်အောင်သွားခဲ့ပါတယ်။

မောင်ပါလတို့ရောက်တော့ တယောက်စ၊ နှစ်ယောက်စကလွဲပြီး ဘယ်သူမှမရောက်သေးပါဘူး။ နောက်တဖြည်းဖြည်းရောက်လာတဲ့ အသိတွေနဲ့စကားပြော။ ခဏနေတော့ NLD-LA (Malaysia) ဥက္ကဌကျော်ကျော်နဲ့သူ့အဖွဲ့ဝင်တချို့ရောက်လာပါတယ်။ သူတို့ရောက်လာပြီး ခဏအကြာမှာပဲ မောင်ပါလနဲ့သူငယ်ချင်း ၂-ယောက် ခန်းမအောက်ကိုဆင်းပြီး ဆေးလိပ်သောက်ကြပါတယ်။ တအောင့်နေတော့ NLD-LA (Malaysia) ဥက္ကဌကျော်ကျော် ကလိုက်ဆင်းလာပြီး မောင်ပါလကို အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့စာတွေရေးပါတယ်ဆိုပြီး ရန်စလာပါတယ်။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်၊ ပါတီကိုတိုက်ခိုက်တယ်လို့ဆိုရလောက်အောင် မောင်ပါလရေးတဲ့စာတွေထဲမှာမပါပါဘူး။ NLD-LA (Malaysia) ဥက္ကဌကျော်ကျော်က ဒုက္ခဖြစ်ပြီးပါတီမှာခဏလာနေတဲ့မိန်းမကိုကြိုက်လို့ ခြံစည်းရိုးကျော်ဝင်ပြီး စကားပြောတာတို့၊ ပြည်တွင်းဝင်သွားတဲ့ ပါတီဝင်တွေကို မထောက်ပံ့ဘဲ အငြိမ့်ကဖို့အတွက်ပဲ ပါတီရန်ပုံငွေကိုအသုံးပြုတာတို့၊ မြန်မာပြည်ပြန်သွားတဲ့မိန်းမကို ပြန်ခေါ်ဖို့အတွက် ပါတီရန်ပုံငွေကို အသုံးပြုတာတို့ စတဲ့ပုဂ္ဂိုလ်ရေးရာ၊ ပါတီတွင်းရေးရာတွေကို မောင်ပါလတခါမှမရေးခဲ့ပါဘူး။ NLD ဆိုတဲ့နာမည်ကိုလေးစားလို့ အဲဒီနာမည်တောင်မပါအောင်ရှောင်ရေးခဲ့ပါတယ်။ ကျော်ကျော်ဆိုတဲ့နာမည်ကိုတောင် မင်းရန်နိုင် (ခ) ကိုသိန်းအောင်နဲ့ အပြန်အလှန်ပြောတဲ့စာထဲမှာပဲ ထည့်ရေးခဲ့ပါတယ်။

NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အလံ၊ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ဆိုတဲ့နာမည်အောက်မှာ UNHCR ကိုခုတုံးလုပ်ပြီး မလေးရှားရောက်မြန်မာဒုက္ခသည်တွေရဲ့ ချွေးနည်းစာကို မသမာတဲ့နည်းနဲ့လိမ်လည်စားသောက်နေတာကို မြန်မာလူမျိုးတွေသိပြီး အလိမ်မခံရအောင်ရေးနေခြင်းသာ ဖြစ်ပါတယ်။ (ယောက်ဖကြက်ဥမတိုက်ကြပါနဲ့ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသြော်……..ဒုက္ခ……..ဒုက္ခ……… ပို့စ်တွေမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်)

ခုနစကားကိုပြန်ဆက်ပါမယ်။ မူလတန်းကျောင်းသားလေးတွေရန်ဖြစ်တဲ့အခါမှာ ဆိုက္ကားသမား၊ မြင်းလှည်းသမားတွေရန်ဖြစ်တဲ့အခါမှာ သုံးတဲ့စကားလုံးအသုံးအနှုန်းတွေဖြစ်တဲ့ “သွားကျွတ်ကုန်မယ်”၊ “သေသွားမယ်”၊ အစရှိတဲ့စကားတွေနဲ့ မောင်ပါလကိုရန်စစော်ကားပါတယ်။ မောင်ပါလက ငါမြင်တာ၊ ငါကြားတာတွေကို ငါ့လူမျိုးတွေအတွက် ငါရေးတာ။ ဘယ်သူ့ကိုမှ ပုတ်ခတ်ရေးသားခြင်းမဟုတ်ကြောင်း ရှင်းပြပါတယ်။ မောင်ပါလနဲ့အတူပါလာတဲ့ သူငယ်ချင်းကလည်း ဒီနေ့လိုပွဲမျိုးမှာ ရန်မဖြစ်သင့်ကြောင်းပြောပြပြီး အပေါ်ကိုပြန်ခေါ်သွားပါတယ်။

ခန်းမအောက်မှာတော့မောင်ပါလကို ကိုယ်ထိလက်ရောက် မစော်ကားရဲပါဘူး။ NLD ပါတီဝင်တွေ တယောက်မှမရှိလို့ ထင်ပါတယ်။ ပြန်တက်ခါနီးမှာတောင် ရပ်ကြည့်နေတဲ့ခန်းမလုံခြုံရေးကို မဟုတ်တဟုတ်မလေးရှားစကားနဲ့ “သူငါ့ကိုနှောင့်ယှက်နေတယ်” ဆိုပြီးပြောသွားသေးတယ်။ အစအဆုံးသိနေတဲ့လုံခြုံရေးက ခေါင်းခါပြလိုက်တော့ ရှက်ရှက်နဲ့အပေါ်ကိုဆက်တက်သွားပါတယ်။ မောင်ပါလနဲ့သူငယ်ချင်းတွေလည်း အပေါ်ကိုလိုက်တက်သွားပါတယ်။

အပေါ်ရောက်တော့ NLD အဖွဲ့ဝင်တွေကများလာပြီဆိုတော့ တစခန်းထပြန်ပါတယ်။ “ငါလုပ်တဲ့ပွဲကို မင်းတို့မတက်ရဘူး” ဆိုပြီး လက်သီးလက်မောင်းတန်း ပြောလာပြန်ပါတယ်။ မင်းလုပ်တဲ့ပွဲမဟုတ်ဘူး၊ အဖွဲ့အားလုံးလုပ်ကြတဲ့ပွဲ၊ လူထုပွဲ၊ ငါလာတာဘာဖြစ်လဲဆိုပြီး မောင်ပါလကအေးအေးဆေးဆေးပြန်ပြောပါတယ်။ သကောင့်သားက လူအင်အားတောင့်လာပြီဆိုတော့ ထိန်းလို့မရတော့ပါဘူး။ အဖွဲ့အစည်းအသီးသီးက ၀ိုင်းပြော၊ ၀ိုင်းတားကြတဲ့ကြားကနေ မောင်ပါလကို ဆွဲလားရန်းလားလုပ်ပါတော့တယ်။ မောင်ပါလရဲ့အင်္ကျီကော်လံစကို ဆွဲမိသွားတဲ့အချိန်မှာ သူ့လည်ပင်းကိုလက်နဲ့ဖမ်းညှစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဘေးနားမှာရှိနေတဲ့ NLD အဖွဲ့ဝင် ၃-ယောက်လောက် မောင်ပါလဆီကို ပြေးဝင်လာပါတယ်။ သူငယ်ချင်းတယောက်က ကြားကနေ၀င်လိုက်တဲ့အတွက် မောင်ပါလဆီမရောက်ပါဘူး။ ဒီလိုနဲ့ဘေးက၀ိုင်းဆွဲကြလို့ ရန်ပွဲပြီးသွားပါတယ်။ (မောင်ပါလဆီပြေးဝင်လာသူတွေထဲက စက္ကဆိုတဲ့သူတယောက်က Desa Sri Hartamas မှာရှိတဲ့ Black Hole Bar မှာ မလေးရှားလူမျိုးစူပါဗိုက်ဆာက ပါးရိုက်တာကို ပြန်မလုပ်ရဲဘဲ ထွက်ပြေးလာပြီး NLD ပါတီမှာ မိန်းမနဲ့အတူရောက်ရှိနေတယ်လို့သိရပါတယ်။ အစားချောင်အောင်လို့လို့ ထင်ရပါတယ်။)

ပြဿနာဖြစ်တဲ့အချိန်မှာ DPNS (Malaysia Branch) တာဝန်ခံကိုမင်းသိန်းက တခြားခေါင်းဆောင်တွေနဲ့စကားပြောနေပြီး ပြဿနာဖြစ်တာမသိလိုက်ဘူး။ ကိုမင်းသိန်းရောက်လာပြီး ပြေလည်အောင်ညှိုနှိုင်းပေမယ့် သကောင့်သားက နားမ၀င်ပါဘူး။ ဒါဆိုရင် ငါတို့ DPNS ဒီပွဲကို လှန်တယ်ဆိုပြီး အဖွဲ့ဝင်တွေအားလုံးပြန်မယ်ပြင်ကြပါတယ်။ ပြဿနာဘယ်လိုစဖြစ်တယ်ဆိုသိနေတဲ့ NLD-YOUTH ကအဖွဲ့ဝင်တွေကလည်း သူတို့လည်းပြန်မယ်ဆိုပြီး လိုက်လာကြပါတယ်။ ဒီလိုနဲ့ပဲ မောင်ပါလနဲ့တကွ DPNS နဲ့ NLD-YOUTH တို့ ဟောပြောပွဲကို မတက်ဖြစ်ဘဲပြန်လာခဲ့ကြပါတယ်။

ကျန်ခဲ့တဲ့သူငယ်ချင်းတချို့ပြောပြချက်အရ- ဟောပြောပွဲမှာစကားပြောသူတချို့ကလည်း မလေးရှားနိုင်ငံမှာ မြန်မာပြည်နိုင်ငံရေးနှင့် UNHCR မှတ်ပုံတင်ရရေးကိုဗန်းပြပြီး လုပ်စားနေကြသော လုပ်စားအဖွဲ့များ ရှိနေကြောင်း ထုတ်ဖော်ပြောကြားသွားသည်ဟု သိရပါတယ်။ ထိုသို့ပြောနေစဉ် NLD-LA (Malaysia) ဥက္ကဌကျော်ကျော်နဲ့အဖွဲ့ဝင်တချို့ မျက်စိမျက်နှာပျက်ကာ ခန်းမအတွင်းမှ ကပျာကယာထွက်သွားကြောင်း သိရပါတယ်။

ဟောပြောပွဲကို NLD-LA (Malaysia) တွင်ရောက်ရှိနေကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဦး နှင့် ကိုညိုအုန်းမြင့်တို့ တက်ရောက်ကြပါတယ်။

( ဟောပြောပွဲသို့တက်ရောက်လာကြသော မလေးရှားရှိအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရေးအတွက် စစ်မှန်စွာဆောင်ရွက်နေကြသောသူများသည် မောင်ပါလ၏အပြုအမူနှင့် အရေးအသားတို့ကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သည်ရှိသော် အနူးအညွတ်တောင်းပန်အပ်ပါသည်။)

မောင်ပါလ

2 comments:

ကိုဇော် August 9, 2010 at 1:49 AM  

သြော် . . .လူတွေ လူတွေ. . .
လူ့ ၊ လူ ၊ လူး တွေ မှာ ဘယ်လို အမျိုးအစားကို နှစ်သက်နေကြပါသလဲ၊

YE MIN TUN August 9, 2010 at 5:08 AM  

အေး.. မောင်ပါလရေ ဒီလူတွေ ပါတီကချောင်လို့လုပ်စားနေတာ မျိုးလိုဖြစ်နေတယ်။ မလေးရှားက Bansar ကဖေးတခုမှာ ကိုညိုအုန်းမြင့်ကတော့ သူတို့အကြောင်း ကောင်းကောင်းမသိတော့ ရဲမင်းထွန်း မင်းက၀ိုင်းလုပ်ပါလား NLD-Malaysia မှာလို့ပြောတော့ အတွင်းရေးမှူးကြီးရယ် ဥက္ကဌကြီးရယ် မျက်နှာတွေကွာ တီကောင် ဆားတို့သလိုပါဘဲ။ ကိုညိုအုန်းမြင့်က ကျနော်ကို ၁၉၈၉ ထဲက ကောင်းကောင်းသိနေတော့ သူတို့ကို မင်းတို့ဒီကောင်နှင့် အလုပ်လုပ်ကြ ဒီကောင်(ကျနော်ကို) ပြန်ကြားရေးမှာ လုပ်ခိုင်းရင် အကောင်းဆုံးပဲ ပြောတဲ့အချိန် ကျနော်တခုဘဲ ပြောလိုက်ပါတယ်။ မလုပ်ပါနှင့် ကိုညို ရယ် ကျနော် အေးအေးဆေးဆေး နေပါ့မယ် ဆိုတဲ့စကားပြောလိုက်တယ်။ မလေးရှားကိုလာတဲ့ NLD ဗဟိုက လူကြီးတွေလည်း နားလည်သင့်နေပြီ အခြေနေကို၊ အကောင်းဆုံးက ပြန်လည်စစ်ဆေးသင့်တယ်။ အလံအောက်ကနေလုပ်နေတာတွေကို တာဝန်ယူသင့်တယ်လို့ ပြောခြင်တယ်။ မလေးရှားကလည်း အချက်အလက်တွေအကုန်စုပြီး ထိုင်းက ဗဟိုကိုတင်ပေးသင့်ပြီ။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP