မတူသောအမြင်၊ မတူသောရည်ရွယ်ချက်

>> Tuesday, June 15, 2010

တီဗွီမှာလည်း ကမ္ဘာ့ဖလား၊ စလောင်းတွေမှာလည်း ကမ္ဘာ့ဖလား၊ အင်တာနက်မှာလည်း ကမ္ဘာ့ဖလား၊ လူကြီး လူငယ် လူရွယ်တွေကြားထဲမှာလည်း ကမ္ဘာ့ဖလား။ 2010 FIFA ကမ္ဘာ့ဖလားအုပ်စုပွဲတွေ စကန်နေကြပြီဆိုတော့ ဘောလုံးဝါသနာရှင်များ အကြိုက်တွေ့နေကြသည်။ ဘောလုံးပွဲလောင်းသူများ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ မီးကျိုးမောင်းပျက်ဆိုလား၊ မောင်းကျိုးတယ်ဆိုလား လောင်းတဲ့သူတွေ ပြောနေကြသည်။ ဂိုးပေါင်းတော့ကွဲပြီ ဆိုတာလည်းပါသည်။ ဂိုပေါင်းတော့မသိ၊ ထမင်းပေါင်းတော့ စားလို့တော်တော်ကောင်းမှန်းသိသည်။ ကမ္ဘာ့ဖလားပွဲတွေကန်တော့ ကျနော်လည်းပျော်ပါသည်။ အတူနေသူငယ်ချင်းက ဘောလုံးဝါသနာအိုးဆိုတော့ သူဘောလုံးပွဲကြည့်နေသည့်အချိန်တွင် သူ့ကွန်ပြူတာကို စိတ်ကြိုက်ယူသုံးလို့ရသည်။ ဒါကြောင့် ကမ္ဘာ့ဖလားပွဲကို တနှစ်ပတ်လုံးကန်ပေးပါရန် အဆိုပြုချက်တင်ရင်ကောင်းမလားတောင် စဉ်းစားထားသည်။

ကျနော်က ဘောလုံးဆိုလျှင် ငယ်စဉ်ကလေးဘ၀တုန်းက မိုးရွာထဲ၌မိုးရေချိုးရင်းကန်ဖူးသည့် ဘောလုံးပွဲလောက်သာသိသည်။ မှတ်မှတ်ရရ ၇-တန်းကျောင်းသားဘ၀တုန်းက ခရိုင်ပွဲစဉ်အတွင်း ကျေးရွာအလိုက်ကန်ရသည့်ပွဲတွင် ဂိုးတီပါ (Goal Keeper) နာနေသဖြင့် အရန်ဂိုးတီပါအနေဖြင့် တပွဲဖမ်းခဲ့ဖူးသည်။ ပထမပိုင်းပြီးဖို့ဆယ့်ငါးမိနစ်အလိုလောက်အထိ ၁၂-ဂိုးပေးလိုက်ရသည်။ ကျနော်ညံ့လို့မဟုတ်ပါ။ ကစားချိန်အတွင်း နည်းပြကမျက်မှန်မတပ်ရဟု ပြောသောကြောင့်လည်းကောင်း၊ နောက်တန်းလူများညံ့သောကြောင့်လည်းကောင်း သာဖြစ်ပါလိမ့်မည်။ ကျနော်ကဘောလုံးကို အဲလောက်ဝါသနာပါပါသည်။ ယခုနှစ် ကမ္ဘာ့ဖလားပွဲများ ကန်နေသည့်အချိန်တွင်လည်း ခဏတဖြုတ်ရပ်ကြည့်နေရုံလောက်သာ ကြည့်ဖြစ်ပါသည်။ ထိုသို့ခဏကြည့်နေရင်းနှင့် အတွေးလေးတခုပေါ်လာပါသည်။ လူပြိန်းတွေးလေးသာ ဖြစ်ပါသည်။

ဘောလုံးတသင်းတွင် ကစားသမား ၁၁-ယောက်ပါသည်။ ကစားသည့်အခါ အသင်းနှစ်သင်း တဖက်နှင့်တဖက် အကျိတ်အနယ်အနိုင်ကန်ကြသည်။ ယေဘုယျအားဖြင့် ဂိုးသွင်းနိုင်သောအသင်း၊ ခြေသာအောင်ကစားနိုင်သောအသင်း၊ ကစားကွက်ကောင်းသောအသင်းက အနိုင်ရစမြဲဖြစ်သည်။ သို့သော် ယှဉ်ပြိုင်နေသောနှစ်သင်းထဲမှ တသင်းအတွင်းရှိ ကစားသမားတယောက်သည် ခေါက်ဆွဲစားထားသည် (၀ါ) တဖက်အသင်းနှင့် လောင်းကစားသူများထံမှ ငွေကြေးယူကာ ရှုံးအောင်ကစားပါမည်ဟု ကတိပေးထားသူတယောက် ပါဝင်သည်ဆိုပါစို့။

ထပ်၍ရှင်းအောင်ရေးပါမည်။ တောင်ဖက်အသင်းနှင့် မြောက်ဖက်အသင်း ကန်ကြသည်ဆိုပါစို့။ တောင်ဖက်အသင်း၌ ခေါက်ဆွဲစားထားသော ကစားသမားတယောက်ပါခဲ့ပါက တောင်ဖက်အသင်းသည် ၁၀-ယောက်နှင့် ၁၂-ယောက် ကစားနေရသည့် အနေအထားသို့ ရောက်သွားပါသည်။ ခြေရည်တူ၊ လူအရေအတွက်တူ ကစားနေသည့်အခြေအနေမျိုး၌ပင် တောင်ဖက်အသင်းရှုံးဖို့ရန်မှာ ၇၅% သေချာနေပြီဖြစ်သည်။ နိုင်ဖို့အတွက်မူ မျှော်လင့်မရတော့ပေ။ တောင်ဖက်အသင်းရှိ ခေါက်ဆွဲစားထားသောကစားသမားသည် တဖက်အသင်းအနိုင်ရစေရန်အတွက် အဓိကထားကစားမည်ဖြစ်ပြီး ကျန်ကစားသမား ၁၀-ယောက်မှာ မိမိအသင်းအနိုင်ရရန်အတွက်သာ အားသွန်ခွန်စိုက်ကစားကြမည်ဖြစ်သည်။ တောင်ဖက်အသင်းရှိ ကစားသမား ၁၁-ယောက်သည် အသင်းတသင်းတည်းတွင် အတူတူကစားနေကြသော်လည်း ရည်ရွယ်ချက်သည် ဖြောင့်ဖြောင်ကြီးဆန့်ကျင်နေလျက်ရှိသည်။ ထိုသို့သောအခြေအနေမျိုးတွင် တောင်ဖက်အသင်းသည် ခေါက်ဆွဲစားသည့်ကစားသမားကို မထုတ်ပစ်ဘဲ ဆက်၍ကစားနေမည်ဆိုပါက အသင်း၏ရလဒ်သည် ကောင်းကျိုးဖြစ်နိုင်ပါမည်လော။ ဆိုးကျိုးဖြစ်နိုင်ပါမည်လော။

လွန်ခဲ့သည့်နှစ်ပတ်ကျော်ကျော်ခန့်က အင်တာနက်စာမျက်မှာပေါ်တွင် ဖတ်လိုက်ရသောဆောင်းပါးတပုဒ်၌ မတူညီမှုတွေအကြားမှာ အတူတကွ ယှဉ်တွဲနေထိုင်မှု ဆိုသည့်စာကြောင်းလေးကို တွေ့ခဲ့ရသည်။ အထက်ပါစဉ်းစားမိသော ခေါက်ဆွဲစားထားသည်ကစားသမားနှင့်တွဲ၍ ထိုစာကြောင်လေး၏ အသုံးဝင်မှုကိုပါ ဆက်စပ်စဉ်းစားဖြစ်သည်။ တောင်ဖက်အသင်းရှိ ကစားသမား ၁၁-ယောက်သည် မတူညီသောရည်ရွယ်ချက်ဖြင့် အတူတူကစားကာ အသင်းအတွက် ဘုံအကျိုးစီးပွားကို ရှာဖွေဖော်ထုတ်နိုင်ပါမည်လား။ မတူညီသောရည်ရွယ်ချက်များရှိနေကြသည့် အသင်းအဖွဲ့၊ လူ့အသိုင်းအ၀ိုင်းတခုသည် ဘုံအကျိုးစီးပွားဟု ဆိုအပ်သောအောင်မြင်မှုကို ရနိုင်ရန်မလွယ်ကူဟု ကျနော်စဉ်းစားမိပါသည်။

မတူညီသောရည်ရွယ်ချက်အပြင် မတူညီသောအမြင်များနှင့်လည်း တခါတရံပေါင်းစပ်ရန်မလွယ်ကူဟု စဉ်းစားမိသည်။ ပြားစေ့တစေ့ကိုထောင်ပြီး ပန်းတဖက်၊ ခေါင်းတဖက်ကြည့်နေသောလူနှစ်ယောက်သည် အမြင်မတူ။ တယောက်က မိမိမြင်သည်မှာပန်းဟုသာ တရားသေမှတ်သည်။ တယောက်ကလည်း ခေါင်းဟုတရားသေမှတ်သည်။ ထိုမတူညီသောအမြင်နှင့် ရည်ရှည်အတူတကွနေထိုင်၍ ရနိုင်သည်ထားဦး။ အဆင်ပြေရန်မှာ တော်တော်မလွယ်ကူပါ။ ဘုံအကျိုးစီးပွားရှာဖွေရန်ကား ဖြစ်နိုင်ရန် အလှမ်းဝေးပါအုံးမည်။ ထိုနှစ်ယောက်အမြင်တူရန်အတွက် အနည်းဆုံးတယောက်ယောက်သည် ဘက်ပြောင်းပေးရမည်ဖြစ်သည်။

တခါတရံ၌ ကျနော်သည် စာအရေးအသားကြမ်းကြမ်းတမ်းတမ်းဖြင့် ရေးလေ့ရှိပါသည်။ ဤသည်မှာ စာဖတ်သူအား မရိုသေ၊ မလေးစားခြင်းမဟုတ်ပါ။ ဇာတ်တူသားစားချင်း မဟုတ်ပါ။ အသားထဲကလောက်ထွက်သည်ကိုမြင်၍ ဖြစ်သည်။ အသားထဲကလောက်ထွက်ခြင်းမှာ ထိုအသားသည်ပုပ်နေ၍ဖြစ်ပြီး ဒီပြင်ကောင်းသောအသားများကို ဆက်လက်မပုပ်စေလိုသဖြင့် ထိုပုပ်နေသောအသားကို လှီးထုတ်ပစ်ခြင်းသာဖြစ်ပါသည်။ ခေါက်ဆွဲစားတတ်သည့် ကစားသမားကို ဘောလုံးကွင်းအတွင်းမှ ထုတ်ပစ်ခြင်းသာ ဖြစ်ပါသည်။

နောက်ဆုံးအနေနှင့် ကျနော်၏ဘောလုံးပွဲကိုလာကြည့်ကြသူများအား ငါးခုံးမအပြည့်ပါသောငါးလှေတလှေ လက်ဆောင်ပေးလိုက်ပါမည်။ သို့သော် လှေတွင်း၌ပုပ်နေသောငါးအနည်းငယ် ပါပါသည်။ စာဖတ်သူအနေနှင့် ထိုငါးခုံးမလှေကို ဒီအတိုင်း ငါးဒိုင်တွင် ငါးပုပ်လှေအဖြစ်သွင်းကာ အနိမ့်ဈေးနှင့် ရောင်းချင်လည်းရောင်းနိုင်ပါသည်။ ထိုသို့မဟုတ်မူဘဲ ငါးပုပ်များကိုဖယ်ရှားကာ ကျန်သည့်ငါးအကောင်းများကို ဈေးကောင်းကောင်းနှင့်လည်း ရောင်းနိုင်ပါသည်။ ငါးပုပ်များဖယ်ရသည့်အတွက် အချိန်နည်းနည်းကုန်ကာ အနည်းငယ်ပင်ပန်းပါလိမ့်မည်။

စည်းလုံးခြင်းသည်အင်းအားတရပ်ဆိုသည်ကို ရှေးလူကြီးများက ထင်းချောင်းများကိုဥပမာပေး၍ ဆိုခဲ့ကြပါသည်။ သို့သော် စည်းထားသောထင်းစည်းအတွင်း၌ ပိုးကိုက်နေသာထင်းချောင်းများ မပါစေရန်အတွက်တော့ မဖြစ်မနေရွေးချယ်သန့်စင်ကြရပါမည်။

မောင်ပါလ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP