ခိုတစ်ကောင်ရဲ့သီချင်း

>> Saturday, June 12, 2010

(သူငယ်ချင်းတယောက် ပို့ပေးတာပါ။)

ခိုတစ်ကောင်ရဲ့သီချင်း

အချိန်ရမယ်ဆို ...
မေတ္တာတရားအကြောင်း ပြောပြမယ်
ဉာဏ်ပညာအကြောင်း ဆွေးနွေးမယ်
စိတ်ဝင်စားမယ်ဆို ...
မကျက်တော့တဲ့ ဒဏ်ရာတွေအကြောင်းပြောလို့
တစ်ဦးအနာကို တစ်ဦးက လျှာနဲ့ရက်ပေးရင်း
အချင်းချင်း ရေငုံနှုတ်ပိတ်ပေးသင့် ပေးရမယ်။

ကိုယ့်အကုသိုလ်နဲ့ ကိုယ်
ခဏ ခဏ ကျကွဲနေတဲ့ကောင်
ဒါတောင် အသံမြည်ခွင့် မရခဲ့ ...
ပိုက်ဆံမရှိတဲ့အကြောင်း
ခိုတစ်ကောင်လို ညည်းမနေချင်ဘူး
အဆင်မပြေမှုတွေကတော့
တောက်တဲ့ တစ်ကောင်လို
ခြေမြဲ လက်မြဲ
ဘ၀က သေပေးမှ ကျေအေးမှာလား။

အမြီးတောင် မကျက်သေးဘူး
ခေါင်းစားလိုသူတွေက ခပ်များများ
အဆီတ၀င်းဝင်း ကိုယ်ကျင့်တရားများနဲ့
ဟီးဟီးထ အရှက်မဲ့ စိတ်ဓါတ်များ
ပါးစပ်ဟောင်းလောင်းနဲ့
သွားကြားထိုးတံ တစ်ပွေ့တစ်ပိုက် ဟန်ရေးပြသူများ
ကိုယ့်ထက်နိမ့်တာတွေကို
မော့မော့ကြည့်ရတာ နာတယ်။

လူညံ့အကြောင်းတွေသိဖို့
ငါကိုယ်တိုင် ညံ့ပေးလိုက်ရခြင်းများ
ကမ္ဘာ့သတင်းစာများနဲ့
တန်ဖိုးမဖြတ်နိုင်တဲ့ မနက်စာများ
ဖွတ်ကျောပေါ် ထင်းခွေပြီးချက်ပြုတ်တဲ့ညစာ
ဘာမှ မရှိရင်တော့
ရေသောက် ဗိုက်မောက် အိပ်နေလိုက်ရုံပဲ
တစိမ်းပြင်ပြင် မျက်နှာတွေကြား
အသွေးတူ အသားတူချင်း နင်းတာ ရွံတယ်

နွမ်းနယ်တဲ့ ဦးခေါင်းကိုထူရင်း
အရေခွံလဲ မြွေတစ်ကောင်လို လူးလွန့်
အကောင်သေးပေမယ့် ဇ,ရှိတယ်ဆိုဆို
မြွေပွေးမှန်းသိအောင် အမောက်ထောင်တယ်ဆိုဆို
လမ်းတွေပျောက်နေသရွေ့
လမ်းတွေလျှောက်နေကြဦးမှာဘဲ
လမ်းဟာ
အကြွေစေ့သံ တချွင်ချွင်နဲ့ ...
အိမ်ပြန်ဖို့ လှမ်းနေဦးမယ်ထင်မယ်။

ပိုက်ဆံမရှိတဲ့အကြောင်း
အဆင်ပြေတာ မပြေတာတွေလည်း
ခိုတစ်ကောင်လို ညည်းမနေချင်တော့ဘူး ...။ ။

လေပြည် (၅-၆-၂၀၁၀၊ ည ၉း၂၅)

4 comments:

Anonymous June 13, 2010 at 12:28 AM  

ကိုပါလရေ။ ရင်ကိုတော့ လာမှန်ပြန်ပြီဗျာ။ လုပ်ရက်ပါ့ပေ့။
တော်ပါပေ့ဟုသာ ဆိုချင်တော့တယ်။

Anonymous June 14, 2010 at 9:32 AM  

ကြိုက်တယ်.. ဟုတ်ပါ့

ဖိုးပါကြီး June 14, 2010 at 6:59 PM  
This comment has been removed by the author.
Naung Taw Lay June 15, 2010 at 9:57 PM  

ကဗျာလေးကို အခုမှာ ဖတ်ဖြစ်ပါတယ်ဗျာ ။ ကောင်းလွန်ပါတယ် အကို

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP