ဝမ်းနည်းမှုတို့မြစ်ဖျားခံရာ

>> Friday, April 16, 2010

ကြားရသည့်သတင်းက စိတ်မသက်သာစရာ။ သင်္ကြန်ရေကစားမဏ္ဍပ်အတွင်း ဗုံးသုံးလုံးဆက်တိုက်ပေါက်သည်တဲ့။ အချိန်ကလည်း ရေကစားသူများစည်ကားသည့် နေ့လည် ၃-နာရီ။ ပြည်တွင်းသတင်းထုတ်ပြန်ချက်အရ လူ ၈-ဦးသေဆုံးပြီး ၇၅-ဦး ဒဏ်ရာရကြောင်းသိရသည်။ လုပ်ရက်လိုက်လေခြင်းဟု စိတ်မကောင်းဖြစ်မိသည်။ ထူးဆန်းသည်က နအဖစစ်အစိုးရ အာဏာသိမ်းအုပ်ချုပ်လာသည့်ကာလတလျောက် သတင်းထိန်ချန်မှုကိုသာ ဆက်တိုက်ပြုလုပ်လာခဲ့ပြီး ယခုသတင်းကို ချက်ချင်းအတည်ပြုခဲ့သည်မှာ ယုံချင်စရာပင်မရှိခဲ့။

စစ်အစိုးရသည် ၂၀၀၈-ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ၄င်းတို့စိတ်ကြိုက်ရေးဆွဲပြီး ၂၀၁၀-ရွေးကောက်ပွဲကိုကျင်းပကာ အရပ်သားအစိုးရအဖြစ်ပြောင်းလဲအုပ်ချုပ်ရန် ဟန်ဆောင်ပန်ဆောင်စီစဉ်လျက်ရှိသည်။ ပြည်တွင်း၌လည်း ရွေးကောက်ပွဲကျင်းပမည့်ရက်ကို တရားဝင်ကြေငြာခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲဥပဒေထုတ်ပြန်ခြင်း၊ ပါတီများရွေးကောက်ဝင်ရေး၊မ၀င်ရေးနှင့် ပါဝင်မည့်ပါတီများ မှတ်ပုံတင်ခြင်းတို့ဖြင့် အလုပ်ရှုပ်လျက်ရှိကြသည်။ နအဖစစ်အစိုးရ၏ လက်ကိုင်တုတ်အဖွဲ့အစည်းများကလည်း အသွင်ပြောင်းပါတီများထူထောင်ကာ ရွေးကောက်ပွဲဝင်ရန်စိုင်းပြင်းလျက်ရှိကြသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် အပြိုင်အဆိုင်မဲဆွယ်ကြသည်။ (နအဖစစ်အစိုးရ၏ လက်ကိုင်တုတ်ပါတီ ခေါင်းဆောင်ဖြစ်သော ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ မဲဆွယ်ပုံကို ဤစာမူ၏အောက်တွင် ဖော်ပြပေးထားပါသည်) အတိုက်အခံပါတီများ၊ အာဏာရှင်ဆန့်ကျင်ရေးသမားကို အကြမ်းဖက်သမားများအသွင် ပုံဖော်ကာ ၄င်းတို့နေရာတည်မြဲရေးအတွက် ကလိန်ကကျစ်နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိကြသည်။ ၂၀၀၈-ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲ၌ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားကြသည် ပြည်သူတို့၏လက်ဗွေရာများကိုပင် ၄င်းတို့အားထောက်ခံသည့်မဲများအဖြစ် အသုံးပြုခဲ့သည်မှာ သာဓကပင်ဖြစ်ပါသည်။

ပြည်ပနိုင်ငံရေးသမားများနှင့် တော်လှန်ရေးသမားများစုပေါင်း၍ ထိုင်း-မြန်မာနယ်စပ်၌ လူထုတိုက်ပွဲကော်မတီကို ဧပြီလ ၄-ရက်၊ ၂၀၁၀ တွင်ဖွဲ့စည်းခဲ့ပြီး လူထုတိုက်ပွဲများကို နည်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတကာသိအောင် ကြေငြာခဲ့ပါသည်။ အသံကြောင့် ဖားသေသည်ဟု ပြောရမလိုပင် နအဖစစ်အစိုးရသည် ထိုအချက်ကို အခွင့်ကောင်းယူကာ ဗုံးဖောက်ခွဲမှုကို စီစဉ်ခဲ့သည်ဟု ယူဆနိုင်စရာရှိပါသည်။ အတိုက်အခံများက လူထုတိုက်ပွဲများဖော်ဆောင်ရန် ကမ္ဘာသိကြေငြာထားချိန်၊ ပြည်တွင်းနှစ်ကူး လူစည်ကားသည့်အချိန် ဗုံးပေါက်ကွဲ၊ လူအများအပြားသေ၊ ထိုသတင်းကို ချက်ခြင်းအတည်ပြုချက်ရယူ၊ ရုပ်သံအစီအစဉ်များဖြင့် ကမ္ဘာသိအောင်ပြန်လည်ကြေငြာပြသည့် လုပ်ရပ်မှာ လယ်ပြင်ဆင်သွားသကဲ့သို့ ထင်ထင်ရှားရှားကြီး ဖြစ်နေပါသည်။

နအဖစစ်အစိုးရ၏ သတင်းများအရ ဗုံးပေါက်ကွဲမှုဖြစ်ရပ်မှာ ပြည်ပယူဂျီများ၏ လက်ချက်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ပေါက်ကွဲစေတတ်သည့်ဗုံးများ၊ ဗုံးပြုလုပ်ရန် ကိရိယာများကို သယ်ဆောင်၍ ပြည်တွင်းသို့ ယူဂျီတယောက်ဝင်ရောက်နိုင်ရန်မှာ နအဖ၏တင်းကျပ်လှသော လုံခြုံရေးစနစ်အောက်တွင် ပြောသလောက်လွယ်ကူသည့် အလုပ်မဟုတ်ပါ။ နအဖ၏ကောက်ကျစ်သောနည်းဗျူဟာတခုဖြစ်သည့် သပ်လျှိုစပိုင်လုပ်ကာ သတင်းရယူတတ်သည့်အတွက်ကြောင့်လည်း ပြည်တွင်းဝင်ရောက်သွားသော ယူဂျီများမှာ လမ်းတ၀က်မှပင် အဖမ်းခံရသည်မှာ အများအပြားဖြစ်ပါသည်။ ထို့ပြင် ပြည်ပတော်လှန်ရေးသမားများသည် ဤသို့လူမဆန်အောင်ရက်စက်လှသည့်လုပ်ရပ်များကို လုပ်ရဲ၊ လုပ်ဝံ့ကြမည်ဆိုပါက နအဖပြုတ်ကျပြီး အာဏာရှင်စနစ်နိဂုံးချုပ်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပါမည်။

စာရေးသူ၏ ယူဆချက်များ မှားယွင်းကောင်းမှားနိုင်ပါသည်။ သို့သော် တခုကို အတိအကျပြောလိုပါသည်။ ဗမာပြည်အားအုပ်ချုပ်လျက်ရှိသော လက်ရှိနအဖစစ်အစိုးရသည် ၄င်းတို့အာဏာတည်မြဲရေးအတွက်ဆိုပါက ဗမာပြည်လူဦးရေ၏တ၀က်ဖြစ်သည့် သန်းသုံးဆယ်သော ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စတေးခံနိုင်သည့်အစိုးရဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ သေချာပါသည်။

အာဏာရှင်စစ်အစိုးရအား နိဂုံးချုပ်သွားအောင်မစွမ်းဆောင်နိုင်သေးသည့် ကာလတလျှောက် ယခုထက်ပို၍ ၀မ်းနည်းကြေကွဲစရာကောင်းသည့် အဖြစ်အပျက်များ ထပ်မံဖြစ်ပွားပေါ်ပေါက်လာအုံးမည်မှာလည်း အသေအချာပင် ဖြစ်ပါသည်။


မောင်ပါလ



ဗိုလ်မှူးချုပ်အောင်သိန်းလင်း မဲဆွယ်ပုံ

http://www.wanna23.com/2010/03/blog-post_8617.html မှတဆင့် ဖော်ပြပါသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် စည်ပင်သာယာရေး အရာရှိကြီးများနှင့် ၀န်ထမ်းများအား မဲဆွယ်စည်းရုံးဟောပြောမှုကို ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းမှ ရန်ကုန်မြို့တော်ခန်းမ စည်ပင်သာယာရေးကော်မတီ ရုံးတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ၄င်းမဲဆွယ် စည်းရုံးဟောပြောပွဲတွင် ပြောကြားသွားသော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ စကားများမှာ အောက်ပါအတိုင်းဖြစ်သည်။

`` ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေနဲ့ ၀န်ထမ်းအားလုံးကို ကျုပ်ပြောမယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ သိကြလား´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ သိကြလား။ ခင်ဗျားတို့အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ သားသမီးဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကို ထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ မဲထည့်ရမယ်။ မသေမချင်း မှတ်ထားကြပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား´´ ( ၄င်းမှ အမျိုးသမီးဝန်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်။) ထို့နောက် `` ဒေါင်းနိုင်သွားရင် ဒီကို အမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဒီကောင်တွေက အလကားနေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မအေတွေ၊ မိန်းမတွေ၊ နှမတွေ၊ သမီးတွေ တက်လုပ်ကြမှာ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲပေးကြ ကျုပ် တစ်ခုထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်ကလူတွေအားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လိုအရေးယူမလဲဆိုတာ တွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကိုပဲ မဲထည့်ကို ထည့်ရမယ်။´´
 

ဒါကတော့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ ၀န်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်သော စစ်အာဏာရှင် စကားပင်ဖြစ်ပါသည်။ ၄င်းမှ ထိုသို့စကားပြောကြားနေစဉ်အတွင်း မည်သူတစ်ဦး တစ်ယောက်ကမှ ပြန်လည်ဖြေကြားသံ၊ ရှင်းလင်းတင်ပြသံတို့ကို လုံးဝမကြားရခဲ့ပါဟု အဆိုပါ အစည်းအဝေးကို တတ်ရောက်ခဲ့သော စည်ပင်ဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။ (၄င်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ အစည်းအဝေးအတွင်း စကားပြောသံများကို အသံဖမ်းယူပေးခဲ့သော စည်ပင်သာယာအဆောက်အဦးဌာနမှ ၀န်ထမ်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။)
 

နအဖ အာဏာရှင်လက်အောက်ခံ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ပြောဆိုသွားသော စကားများတွင် ( အမေရိကန်များ ၀င်ရောက်လာမည်) ဆိုသောစကားတစ်ခွန်းကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့်က ဖြစ်ရပ်တစ်ခုကို ပြန်လည်သတိရမိပါသည်။ ထိုဖြစ်ရပ်၏ အဓိကဇာတ်ကောင်မှာ အခြားသူမဟုတ်ပါ။ ကျွန်တော်တို့ မြန်မာပြည်ကြီး လွတ်လပ်ရေးရအောင် ကိုယ်ကျိုးစွန့် ဆောင်ရွက်ပေးခဲ့သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦး၏ ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်း ဖြစ်ပါသည်။ ဒေါ်လဲ့လဲ့နွယ်သိန်းသည် လွန်ခဲ့သော ၂၅ နှစ်ခန့်က အမေရိကန်နိုင်ငံသို့ အလွန်သွားရောက်ချင်သဖြင့် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သူတစ်ယောက် ဖြစ်သည်။ ဒေါ်လဲ့လဲ့နွယ်သိန်းသည် အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်နိုင်ရန်အတွက် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းခဲ့သည်။
 

နောက်ဆုံးတွင် ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါ၀ါဝင်းရွှေ၏ အိမ်အနီးနားတွင် နေထိုင်သော အသက် (၅၀) ခန့် အမေရိကန်လူမျိုး မုဆိုးဖိုကြီးအား သိမ်းသွင်း စည်းရုံးပြီး လက်ထပ်စာချုပ်တွင် တရားဝင်လက်မှတ်ရေးထိုး ပေါင်းသင်းခဲ့သည်။ ထိုလက်ထပ်စာချုပ် အားကိုးဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်နိုင်ရန်အတွက် အသုံးချခဲ့ပါသည်။ ၄င်းအကြောင်း အရာများသည် ဦးအောင်ဆန်းဦးနှင့် မပေါင်းသင်းမီ အချိန်ကဖြစ်ပါသည်။ ယခုအခါမှာ ဒေါ်လဲ့လဲ့နွယ်သိန်းသည် လက်ရှိမြန်မာ့နိုင်ငံရေး လောက၏ မိခင်ဟု အသိအမှတ် ပြုခံထားရသော ၄င်း၏ ယောက်မတော်စပ်သူ ဒေါ်အောင်ဆန်းစုကြည်အား နအဖ စစ်အစိုးရ၏ အားကိုးဖြင့် နည်းမျိုးစုံ နှောက်ယှက်၊ တိုက်ခိုက်နေသည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။ နအဖ စစ်အစိုးရနှင့် စစ်အစိုးရ၏ လက်ကိုင်တုတ်ဖြစ် အသုံးချနေကြသောသူများမှာ တကယ့် တကယ်တမ်းတွင် နိုင်ငံခြားသား အမေရိကန်လူမျိုးများအား အထင်တကြီး အားကိုးယုံကြည် အောက်ကျို့နေကြသော လူ့ပြိတ္တာ၊ လူ့ငရဲသားများသာလျှင် ဖြစ်တော့သည်။
 

နအဖ စစ်အစိုးရ၏ လက်ကိုင်တုတ်တစ်ချောင်းဖြစ်သော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ပြောဆိုခဲ့သော စကားများမှာ တကယ့် တကယ်တမ်းလက်တွေ့တွင် ဇာတိဂုဏ် မျိုးချစ်စိတ်ဓါတ် ရှိသယောင်ဖြင့် နအဖ စစ်အစိုးရ ဆက်လက်အာဏာရရှိရေးအတွက် ခြိမ်းခြောက် ပြောဆိုစည်းရုံးနေခြင်းပင် ဖြစ်ပါတော့သည်။

(ယခု သတင်းအားရရှိအောင် ၀ိုင်းဝန်းပံ့ပိုးပေးကြသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ ၀န်ထမ်းများနှင့် ရန်ကုန်သတင်း အသိုင်းအ၀ိုင်းအား အထူးကျေးဇူးတင်ရှိပါသည်။)
 

1 comments:

ထွယ်အောင်၊ လအောန် April 19, 2010 at 3:23 PM  

ဒီနေရာလေးမှာ တွေ့ရ၊ ဆုံရတာ... ကျေနပ်စရာပါ...
(အထူးတဖြင့်... နိုင်ငံရေးကြောင့်ပေါ့... ကျွန်တော် စိတ်ဝင်စားတယ်..)

ကျေးဇူးတင်ပါတယ်.. နောက်နောင်လည်း မကြာမကြာ လေ့လာခွင့်ပေးပါလို့..

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP