ဂွကျကျအကြိုတနေ့တာနှင့် ဘတ်စ်ကားပေါ်ကကိုရွှေမြန်မာ

>> Wednesday, April 14, 2010

(နှစ်ဟောင်းအကုန် နှစ်သစ်အကူးမှာ စိတ်ညစ်ညူးစရာတွေမရှိပဲ ရယ်မောပျော်ရွှင်နိုင်ကြပါစေ)

“အိုးလေးရောင်းပါဟေ့........... အိုးလေးရောင်းပါဟေ့....................”

စောစောစီးစီး ဘယ်သူကအိုးလာဝယ်နေသည်မသိ။ အိပ်ချင်မူးတူးဖြင့် အိပ်ယာဘေးကဖုန်းကိုစမ်းကာ

“ဟယ်လို.....................”

“ဟယ်လို ကိုဂတုံး........ ကျမ.....ပါ။ အိမ်မှာ မုန့်လုံးရေပေါ်လုပ်စားကြတယ်။ အဲဒါအကို့ကို လှမ်းခေါ်တာ။ ပြီးတော့ အိမ်ကကွန်ပြူတာကလည်း ဘာဖြစ်လဲမသိဘူး။ ဖွင့်လို့မရတော့ဘူး။ အဲဒါပါ တခါတည်း လာပြင်ပေးပါအုံး။”

“မုန်လုံးရေပေါ်က ဘယ်တော့လုပ်စားကြမှာတုန်း”

ကွန်ပြူတာပျက်တာက ဘယ်အချိန်ပြင်ပြင် ပြင်လို့ရသည်။ မုန့်လုံးရေပေါ်က လွတ်သွားလို့မဖြစ်။

“ဒီညနေလေ........။ အဲဒါ ခုရေချိုးပြီးထွက်လာခဲ့လိုက်တော့။ စောင့်နေမယ်။ ဒါပဲနော်”

သဒ္ဒါလို့ကျွေး သေဆေးတောင်စားရအုံးမည်။ ခုကအလွန်ဆုံး မုန့်လုံးရေပေါ်ထဲက ငရုတ်သီးစိမ်းတောင့် ကိုက်မိရုံလောက်ပဲရှိမည်ဆိုတော့ သွားရမည်ပေါ့။ နာရီကြည့်လိုက်တော့ မနက် ၁၁ နာရီ။ ကင်းကိုက်ခံလိုက်ရသလို အိပ်ရာထဲမှ ၀ုန်းကနဲ ခုန်ထလိုက်သည်။ ကိုယ့်အကြောင်းကိုသိ၍ ဖြစ်သည်။ ဒီလိုမှမထလျှင် ပြန်စက်တော်ခေါ်သွားနိုင်သည်။ သွားရမည့်ခရီးကနည်းနည်းဝေးသည့်အပြင် ဟိုမှာလည်း ညမအိပ်ချင်။

ကမန်းကတန်းရေချိုးခန်းဝင် မျက်နှာသစ်ပြီး ရေချိုးမည်အလုပ် ချစ်သူစကားအမှတ်ရလိုက်သည်။ “ကို” တဲ့.......“အကြိုနေ့ အိပ်ယာနိုးလို့ ရေချိုးရင်” တဲ့.......... “ညီမကိုယ်စား ကိုယ့်ကိုကိုယ်ရေလောင်းပေးပါ” တဲ့.........။ ဖုန်းထဲကမှာတဲ့ ချစ်ရသူရဲ့စကား။ အဟဲ........ အင်္ကျီပြန်ဝတ်၊ ရေချိုးခန်းပြန်ဝင်ပြီး ချစ်သူလောင်းတဲ့ရေ ဟုအော်ကာ သုံးခွက်လောက်လောင်းလိုက်သည်။ ရူးသည်ပဲဆိုဆို၊ ဆိုကြပါစေတော့။ ချစ်ရသည်လေ။

ရေချိုးပြီးတော့ ကော်ဖီတခွက်ကို Mr. Bean သောက်နည်းဖြင့်သောက်လိုက်သည်။ အပြင်ထွက်လျှင် ယူသွားတတ်သည့်အိတ်ထဲ ကွန်ပြူတာပြင်ရန်လိုအပ်မည့် CD သုံးလေးချပ်ထည့်လိုက်ပြီး ပိုက်ဆံအိတ်ကြည့်လိုက်တော့……. သေဟဲ့နန္ဒိယ ဟုအော်ကာ ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်မိသည်။ ရှိသည့်ပိုက်ဆံက လမ်းစရိတ်ပင် မပြည့်ချင်။ အိပ်ယာအောက်တွေ အံဆွဲတွေ စာအုပ်တွေကြားမှ ရှိသမျှအကြွေလိုက်စုလိုက်တော့မှ အသွားလမ်းစရိတ်ဖူလုံသွားသည်။ အပြန်လမ်းစရိတ်အတွက်ကတော့ ခေါ်သူရဲ့တာဝန်။ ဒါက ထုံးစံ။ အလည်ခေါ်သည့် သူငယ်ချင်းတိုင်း ဒီထုံးစံကိုသိသည်။ မသိရင်လည်း အပြန်လမ်းစရိတ် မပေးမချင်း သူတို့တင်ကျွေးထားရမည်။

အားလုံးစုံပြီး အခန်းကထွက်မယ်လုပ်မှ မျက်မှန်ကရှာမတွေ့။ ညကမူးမူးနှင့် ဘယ်နားချွတ်လိုက်သည် မသိ။ ဒေါင်းတောက်အောင်ရှာသည်။ မတွေ့။ စိတ်ပျက်လက်ပျက်နှင့် ကွန်ပြူတာရှေ့ထိုင်လိုက်တော့မှ ဒင်းက မော်နီတာဘေးမှာအခန့်သား။ တောက်………စိတ်ရှိလက်ရှိလုပ်ရလျှင် စိစိညက်ညက်ကြေသွားနိုင်သည်။ သို့သော် စိတ်ရှိတိုင်းလုပ်လို့မဖြစ်သေး။ မျက်မှန်ဈေးတွေက ခေါင်ခိုက်နေသည်။ ငါအလျင်စလိုနဲ့ မျက်စိလျှံသွားတာပဲဖြစ်မယ် ဟုဖြေတွေးလိုက်ရသည်။

အဲလိုဗြုတ်စဗြင်းတောင်းနှင့်ပဲ ခေါ်သည့်သူငယ်ချင်းအိမ်ကို ချောချောမောမောရောက်သွားခဲ့သည်။ ကိုဂတုံးလာပြီဟေ့ဆိုပြီး ၀မ်းသာအားရကြိုကြသည်။ တကယ်ရောက်လာတာပဲဟု ဖုန်းနှင့်လှမ်းခေါ်သည့်သူငယ်ချင်းကပြောသည်။ ဂတုံး၏ အခုလာမယ်၊ ဒီနေ့လာမယ် များကို သူတို့ကြောက်ကြသည်။ ဒီနေ့လာမယ်ပြောပြီး တလနေသည့်တိုင် မရောက်ချင်မရောက်တတ်။ အခုလာမယ်ပြောပြီး ဖုန်းပိတ်လျှင် ပိတ်ထားတတ်သည်။ အဲဒါ ဂတုံးရဲ့အကျင့်ဆိုး။ ခဏထိုင်ပြီး အမောပြေတယ်လို့မှမရှိသေးခင် သူငယ်ချင်းက သူ့ယောက်ျားကို ယူလာခဲ့တော့ဟု လှမ်းပြောလိုက်သည်။ မုန့်လုံးရေပေါ်ပဲဟုအောက်မေ့နေခိုက် ယူထုတ်လာသည်က အရက်ပုလင်း…………..။

“အကိုသောက်ဖို့ ရှာထားတာ။ ရှားတော့တော်တော်ရှားတယ်” ဟု သူငယ်ချင်းကပြောသည်။ ကြည့်လိုက်တော့ ဗမာပြည်ကထုတ်သည့် ပင်လယ်ဘီအီး။ သေချင်စော်နံသွားသည်။ မသကာ ဂျော်နီလမ်းလျှောက်တို့ ဟန်နစီတို့ ချီးဗက်စ်တို့ ဆိုလျှင်တော်သေးသည်။ အဟီး……….. သောက်ချင်တာတွေ ပြောတာပါ။ ဒါနဲ့ အပြင်ထွက်လျှင် အရက်မသောက်သည့်အကြောင်း၊ ကားစီးရသည်မှာ လူအများကြားဖြစ်၍ အရက်နံ့ထွက်နေလျှင်မကောင်းကြောင်း၊ ညနေစောင်းလျှင်ပြန်မည်ဖြစ်ကြောင်းတို့ကို သေသေချာချာရှင်းပြရသည်။ ဒါတောင် ဘီယာလောက်တော့ရပါတယ်ဟုဆိုကာ ရေခဲသေတ္တာထဲမှ ဘီယာဗူးတွေ ထုတ်လာပေးသည်။ မကောင်းတတ်သဖြင့် ဘီယာတဗူးဖောက်လိုက်ကာ ပြင်ရမည့် ကွန်ပြူတာဘယ်မှာလဲဟု မေးလိုက်သည်။ မုန့်လုံးရေပေါ်က ဘယ်ဆီနေမှန်းမသိသေး။

ကွန်ပြူတာကြည့်လိုက်တော့ ပါဝါမ၀င်။ ပလပ်ပေါက်တွေ၊ ကြိုးတွေ၊ ခေါင်းတွေစစ်သည်။ အကုန်အကောင်း။ power supplier ကို ဒီပြင့်စက်ကကောင်နှင့်လဲတပ်လိုက်တော့ စက်ကပုံမှန်။ ဒါနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကွန်ပြူတာဆိုင်ကို ဆိုင်ကယ်နဲ့သွားပြီး power supplier တလုံးဝယ်၊ လဲတပ်ပေးလိုက်တော့ အဆင်ပြေသွားသည်။ ကွန်ပြူတာဆိုင်ကပြန်ရောက်တော့ မုန့်လုံးရေပေါ်ပန်းကန်က ရောက်နေပြီ။ စက်ပြင်ပြီးသွားတော့ ဖောက်ထားတဲ့ဘီယာတဗူးကိုပဲ ဖြေးဖြေးချင်းသောက် မုန့်လုံးရေပေါ်ကို အမြည်းလုပ်စားရင်း ညနေစောင်း ရောက်လာခဲ့သည်။ တော်တော်ဂွတီးဂွကျနိုင်တဲ့ သင်္ကြန်အကြိုနေ့အဖြစ် မှတ်တမ်းတင်ရမလိုဖြစ်နေသည်။ ဒါတောင် မုန့်လုံးရေပေါ်ထဲက ငရုတ်သီးစိမ်းမကိုက်မိ၍ တော်သေးသည်။

ပြန်မယ်လုပ်တော့ စောစောကဘီအီးပုလင်းကြီး ပြန်ထုတ်လာကာယူသွားဖို့ပြောသည်။ မနည်းတောင်းပန်ချော့မော့ပြီး ပြန်ပေးထားခဲ့ရသည်။ ဘီအီးမယူချင်ရင်လည်း ဘီယာတွေတော့ယူသွားဟု ဆိုကာ ဘီယာလေးဗူး ကျောပိုးအိတ်ထဲထည့်ပေးလိုက်သည်။ လမ်းစရိတ်ပေးတော့ ဟန်ဆောင်ပန်ဆောင်ငြင်းလိုက်သေးသည်။ မယူလျှင် သူတို့တင်ကျွေးထားရမည်ဆိုတာသိနေလို့လား မသိ။ အတင်းအိတ်ထဲထိုးထည့်ပေးလိုက်ကြသည်။ ပြဿနာက အပြန်ဘက်စ်ကားပေါ်ရောက်မှ စသည်လေ……….။

သူငယ်ချင်းအိမ်ကထွက်တော့ မိုးဖွဲဖွဲလေးရွာနေသည်။ ဘတ်စ်ကားရဲ့နောက်ဆုံးနားမှာ နေရာရတယ်။ ဘေးမှာက အိန္ဒိယမိန်းမ၀၀ကြီးတယောက်။ ကားစထွက်ပြီး ၁၅-မိနစ်လောက်ကြာတော့ ကားရှေ့နားမှလူများ ၀ရုန်းသုန်းကား ဖြစ်ကုန်သည်။ မလေးစကားသံများနှင့်အတူ “ခွပ်…..ခွပ်……..” ဟု ထိုးသံ နှစ်ချက်၊ သုံးချက်ထွက်လာသည်။ စကားသံများအရ နိုင်ငံခြားသားတယောက် အရက်မူးပြီး မလေးအမျိုးသမီးတယောက်ပေါ် အန်လိုက်တယ်တဲ့။ သူ့ယောက်ျားက အန်တဲ့အမူးသမားကိုထထိုးလိုက်တာတဲ့။ ဘေးက အိန္ဒိယမိန်းမကြီးက အင်္ဂလိပ်လို ပေါက်ပေါက်ဖောက်လာသည်။ နိုင်ငံခြားသားအလုပ်သမားတွေ စည်းကမ်းမရှိတဲ့အကြောင်း၊ လူများတဲ့နေရာတွေမှာ ဒီလိုမျိုးတွေ မကြာခဏဖြစ်ကြောင်း၊ ဒါကြောင့် အစိုးရက လိုက်ပြီးဖမ်းနေတဲ့အကြောင်းတွေ ပွစိပွစိရွတ်ပါတော့တယ်။ ယား…….ယား လို့နောက်ကနေတယားယားထောက်ခံရင်းနဲ့ ဘီယာဗူးတွေပါတဲ့ ကျောပိုးအိတ်ကို လက်နဲ့မသိမသာအုပ်ထားလိုက်တယ်။ မတော် အနံ့ထွက်လာရင် မလွယ်ဘူးမဟုတ်လား။

ပေသွားတဲ့မလေးမယောက်ျားက ဒရိုင်ဘာကိုဘာသွားပြောလိုက်လဲ မသိ။ ကားကို လမ်းဘေးမှာရပ်ပြီး ဒရိုင်ဘာအနောက်ကိုရောက်လာတယ်။ မူးနေတဲ့လူကို နာရင်းနှစ်ချက်လောက်အုပ်ပြီး ဟိုမေးဒီမေး မေးတယ်။ ဟောဗျာ…… မြန်မာတဲ့။ ရပ်လို့မရအောင်မူးနေတဲ့လူက သူ့ကိုသူ မြန်မာပါလို့တော့ ပြောလို့ရသေးတယ်ဗျာ။ မောင်မင်းကြီးသား အမျိုးတော့သိသေးတယ်။ ဒရိုင်ဘာက ပေနေတဲ့အန်ဖတ်တွေကို ပြန်သုတ်ခိုင်းတယ်။ ဘယ်လိုသုတ်နိုင်မှာဒုန်း။ ဒီလောက်မူးနေတာကို။ မသုတ်တော့ ဒရိုင်ဘာကထပ်ထိုး။ ထပ်ခိုင်း။ ထပ်ထိုး….။ ကြာတော့ ဂတုံးလည်းမနေနိုင်တော့ဘူး။ ကျောပိုးအိတ်ကိုပြင်လွယ်ပြီး ဒရိုင်ဘာနားကိုသွားပြီး မလေးလိုခေါ်လိုက်တယ်။ လှည့်ကြည့်တယ်။ ဂတုံး အလုံးအဖန်ကိုကြည့်ပြီး နည်းနည်းဖြုံသွားတယ်ထင်တယ်။ အထိုးရပ်လိုက်ပြီး စကားပြန်ပြောတယ်။

ငါမြန်မာဖြစ်တဲ့အကြောင်း၊ သူက ငါသူငယ်ချင်းမဟုတ်ပေမယ့် ငါတာဝန်ယူပါ့မယ်ဆိုတဲ့အကြောင်း၊ မူးနေတဲ့အတွက်မင်းပြောတာကိုလည်း သူသိမှာမဟုတ်တဲ့အကြောင်း၊ ငါကပဲတောင်းပန်ပါတယ်ဆိုတဲ့အကြောင်း မလေးလိုပြောတော့ ဒရိုင်ဘာကလက်ခံပါတယ်။ ဒါနဲ့ ပေသွားတဲ့မလေးမကိုလည်းတောင်းပန်၊ သူယောက်ျားကိုလည်း တောင်းပန်ပြီး အန်ဖတ်တွေကို တစ်ရှူးနဲ့သုတ်ပေးမယ်လုပ်တော့ ရပါတယ်ဆိုပြီး သူတို့ဘာသာပဲသုတ်လိုက်ကြတယ်။ မူးနေတဲ့ကိုရွှေမြန်မာကို ကားပေးမစီးတော့ဘူးဆိုလို့ ဂတုံးလည်းသူနဲ့အတူ ကားပေါ်ကဆင်းနေခဲ့ရပါတော့တယ်။ မိုးရွာထဲမှာ သူတယောက်တည်းထားခဲ့ဖို့က မဖြစ်ဘူးလေ။ ကားပေါ်ကမဆင်းခင်မှာ အိန္ဒိယကုလားမကြီးကိုတော့ လက်ပြနှုတ်ဆက်ခဲ့ပါသေးတယ်။ ကုလားမကြီးလည်း တအံ့တသြနဲ့ သမင်လည်ပြန်ငေးကြည့်ရင်း ကားနဲ့အတူ တရွေ့ရွေ့ပါသွားလေရဲ့………………။

မှောင်ကလည်းမှောင်နေပြီ။ နေရာကလည်း ကားငှားလို့မလွယ်တဲ့ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ။ လူကလည်း ပြတ်။ မူးနေတဲ့သူနဲ့ ကိုယ်နဲ့နှစ်ယောက်တည်းပေါ့လေ။ ဆောင်းဦးလှိုင်သီချင်းတောင် စိတ်ညစ်ညစ်နဲ့ ရွတ်လိုက်မိသေးတယ်။ ကံကောင်းထောက်မစွာပဲ ကွာလာလမ်ပူပြန်တဲ့ တက္ကစီးတစီးရလို့ အဆင်ပြေသွားပါတယ်။ တက္ကစီပေါ်ကို တက်တော့ မူးနေတဲ့လူကို ကြည့်ပြီး တက္ကစီသမားက ဘာတော်လဲလို့မေးပါတယ်။ ဂတုံးလည်း စိတ်ပေါက်ပေါက်နဲ့ “ယောက်ဖဟေ့……ယောက်ဖ….”လို့ အော်ပြောလိုက်တော့ သူကဘာကိုသဘောကျသွားတယ်မသိဘူး။ အော်ရယ်ပြီး ဘာမှထပ်မမေးတော့ပါဘူး။ သူငယ်ချင်းပေးလိုက်တဲ့လမ်းစရိတ်လည်း တက္ကစီဖိုးနဲ့ ချောသွားပါတော့တယ်။

ကွာလာလမ်ပူရောက်တော့ လက်ဖက်ရည်ဆိုင်တခုမှာထိုင်။ သူ့အိတ်ထဲကဖုန်းကိုယူပြီး မှတ်ထားတဲ့နံပါတ်မှန်သမျှလိုက်ဆက်။ တော်တော်ကြာတော့မှ သူနဲ့အတူလုပ်တဲ့သူ့သူငယ်ချင်းတယောက်နဲ့ အဆက်အသွယ်ရတယ်။ ဖုန်းဆက်ပြီးတအောင့်နေတော့ သူ့သူငယ်ချင်း တက္ကစီနဲ့ရောက်လာပြီး လာပြန်ခေါ်သွားတော့တယ်။ ဒီကောင်ဗျာ….. အဲဒီအချိန်အထိဘာတခုမှ မသိတော့ဘူး။ ဘာမှလည်း ပြောလို့မရတော့ဘူး။ သူ့သူငယ်ချင်းကို ပိုက်ဆံအိတ်ရော၊ ဖုန်းရော၊ လူရော သေချာအပ်ပြီး တက္ကစီထွက်သွားတော့ ဂတုံးစီးရမယ့်ဘတ်စ်ကားဂိတ်ကို ပြေးရပြန်တယ်။ အချိန်ကတအားနောက်ကျနေပြီလေ။ ကားမရှိတော့ရင်ဆိုပြီး စိတ်ကမအေးနိုင်သေးဘူး။ အိတ်ထဲမှာလည်း ဘတ်စ်ကားခပဲကျန်တော့တယ်။

ဒီလိုနဲ့ပဲ ဂတုံးနေရာကိုပြန်ရောက်တော့ ည ၁၂-ခွဲနေပြီ ။ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့သူငယ်ချင်းကို ပါလာတဲ့ ဘီယာလေးဗူးပေးလိုက်တယ်။ သောက်ချင်စိတ်မရှိတော့တဲ့အပြင် အဲဒီဗူးတွေကို မြင်ပါမမြင်ချင်တော့ဘူး။ အခန်းပြန် ရေချိုး၊ ထမင်းစားပြီး စိတ်ပျက်လက်ပျက်နဲ့ အိပ်မယ်ဆိုပြီး အိပ်ယာပေါ်လှဲလိုက်တယ်ဆိုရင်ပဲ…………

“အိုးလေး ရောင်းပါဟေ့…….အိုးလေး ရောင်းပါဟေ့………..”

“တောက်” ဒေါသတကြီးနဲ့ဖုန်းကိုကောက်ယူလိုက်တယ်။ ပြီးတော့…

“မိုးချုပ်နေပြီ။ အိုးဆိုင်ပိတ်နေပြီ။ မနက်မှ လာဝယ်တော့” လို့ အော်ကြီးဟစ်ကျယ်ပြော၊ ဖုန်းကို power ပိတ်ပြီးအိပ်လိုက်ပါတော့တယ်။

ဖုန်းဆက်လာတဲ့လူကတော့ အူကြောင်ကြောင်ဖြစ်သွားမှာပါ။ မနက်မှပဲ ပြန်ပြီးတောင်းပန်ရပါတော့မယ်။

မောင်ပါလ

6 comments:

မဗေဒါ April 14, 2010 at 3:56 PM  

မိုက်သည်.. ကြိုက်သည်..။

ဖြစ်တက်ပါတယ် ကိုပါလ.. နောင်ရွေမြန်မာဆို များများကူညီပေါ့..ဟဲ ဟဲ..။

မျိုးချစ်စိတ်ဆိုတာ အဲဒါကိုပြောတာ..။ ပျော်ရွင်ပါစေ..။

မဗေဒါ

Crystal April 14, 2010 at 8:30 PM  

အမြင်မတော်တာလေးတွေကို အမျိုးသားရေးစိတ်ဓာတ်နဲ့ ကူညီလိုက်တာကို သာဓုခေါ်ပါတယ်။ စိတ်တော့ပင်ပန်းမှာပေါ့။

နွယ်နွယါ April 15, 2010 at 7:00 PM  

ဟားးဟားး ကောင်းေ၇ာ ငါတို့ အကို အမူးသမားထိန်းဖြစ်သွားတာဘဲ..
စိတ်ရင်းကောင်းတဲ့ အကို့ အတွက် သာဓုခေါ်ပါတယ် ..
သာဓု..သာဓု..သာဓု


ညီမလေး
နွယ်

An Asian Tour Operator April 19, 2010 at 1:03 PM  

ပင်လယ်ကို တော့ထားခဲ့တယ်ပေါ့...။

MoeThwayNge April 23, 2010 at 9:23 PM  

ဒီလူ အဲဒါပဲ လိုက်မေး။ ဟိုခင်ဗျာ ညစ်ရထဲ ။အဟဲ ဆရာဝင်လုပ်တာ။ခုမှသေချာ ဖတ် မန့်ရတယ် အရင်ရက်က အားဝူး တားတားလည်း။အပေါ်အမြည်းပဲစားသွား အဲ ဖတ်သွားတာ အထုမှအကုန်သောက် အဲ မှားကွာ ဖတ်ရတယ်။အဟတ် များများရေပါဗျ။ များကြီးကျန်သေးတယ် အတွဲဒွေ အကြောင်းလေ ဟဟ ဖွ ပြီးကွ။

ခင်မင်မှုဖြင့်
အားလုံးကို ပျော်စေချင်တဲ့-

Unknown August 30, 2010 at 12:46 AM  

ရေးထားတာကွင်းကွင်းကွက်ကွက်ရုပ်လုံးပေါ်တယ်ကောင်းတယ်၊တကယ်ဖြစ်ခဲ့ တယ်လို့ မှတ်လိုက်ပြီ

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP