အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ကို မဝင်ရန်ဆုံးဖြတ်လိုက်ခြင်းအပေါ် သဘောထား ထုတ်ပြန်ချက်

>> Wednesday, March 31, 2010

နေ့စွဲ ။ ။ ၂ဝ၁ဝ ခုနှစ် မတ်လ (၃၁) ရက်။
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲမှတ်ပုံတင်ရေး ဥပဒေများကို အတိအလင်း ဆန့်ကျင်လိုက်ပြီး နအဖ ကျင်းပမည့်ရွေးကောက်ပွဲကို လုံးဝဝင်တော့မည်မဟုတ်ကြောင်း ခိုင်မာသည့် ပါတီဆုံးဖြတ်ချက်တရပ်ကို ဗဟိုကော်မတီဝင်ထုတရပ်လုံး၏ ဆန္ဒသဘောထားနှင့်အညီ ဆုံးဖြတ်ချမှတ်လိုက်ခြင်းအပေါ် မိမိတို့ တိုင်းရင်းသားပေါင်းစုံ ဒီမိုကရေစီအင်အားစုများမှ အလေးအနက် ထောက်ခံကြိုဆိုလိုက်ပါသည်။

၂။ နအဖ ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေသည် နိုင်ငံရေးပါတီတခု၏ အခြေခံအခွင့်အရေးများကို ချိုးဖေါက်ထားသည်ကို သုံးသပ်တွေ့ရှိရသည့်အပြင်၊ သက်ဆိုင်ရာပါတီ၏ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များကို ရွေးကောက်ပွဲမဝင်နိုင်ရန် ကန့်သတ်ပိတ်ပင်ထားသည့် ဥပဒေများဖြစ်၍ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရှစ်လေးလုံး လူထု တော်လှန်ရေးကြီးမှ ပေါက်ဖွားလာသည့် နိုင်ငံရေးပါတီတရပ်ဖြစ်သည့်အားလျှော်စွာ (၈) လေးလုံးလူထု လှုပ်ရှားမှုကြီး၏ သမိုင်းပေးတာဝန်ကို ကျွေပွန်စွာ ထမ်းဆောင်လိုက်ခြင်းလည်း ဖြစ်သည်။

၃။ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင် နိုင်ငံရေး ဆုံးဖြတ်ချက်တရပ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ပေသည်။ ဤကာလသည် နအဖစစ်အုပ်စုက အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းများအား နည်းမျိုးစုံဖိအားပေးပြီး တပြိုင်တည်း အကြပ်ကိုင်တွန်းအားပေးမများ ပြုလုပ်နေသည့် ကာလဖြစ်သည့် အတွက် တိုင်းရင်းသားအင်အားစုများ အနေဖြင့် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် အချိန်ကာလလည်း ဖြစ်ပါသည်။ ယင်းအကြပ်အတည်းများကို အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်က ခွန်အားသစ်များ မွေးဖွားပေးလိုက်သည်ဟု မိမိတို့ အနေဖြင့် အလေးအနက် သုံးသပ်တွေ့ရှိရသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတရပ်အနေဖြင့် သူ့ပါတီ၊ သူ့အဖွဲ့အစည်းအကျိုးကို မငဲ့ကွက်ဘဲ သူတည်ရှိနေသည့် တိုင်းပြည်နှင့် ပြည်သူတရပ်လုံးအကျိုးအတွက် တည့်တည့်ကြည့်၍ ယခုကဲ့သို့ မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းသည် မိမိတို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူတရပ်လုံး၏ နိုင်ငံရေးရည်မှန်းချက်များနှင့် တထပ်တည်းတသားတည်းကျလျှက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ မိမိတို့ အင်အားစုများအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အဝ ဝန်းရံပြီး စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းလာသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မိမိတို့ အင်အားစုများ အားလုံး၏ သဘောထားကို ထုတ်ပြန်လိုက်ပါသည်။

၁။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၊
၂။ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်၊
၃။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊
၎။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊
၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊
၆။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၊
၇။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၊
၈။ တိုင်းရင်းသားလူငယ်များအင်အားစု၊
၉။ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ကရက်၊
၁ဝ။ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP