ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ဆိုသည်မှာ
>> Wednesday, March 10, 2010
Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀)
(၂၀၁၀ ခုနှစ်၊ မတ်လ ၁၀ ရက်)
(နအဖ) စစ်အစိုးရက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတို့ကို ထုတ်ပြန်ခဲ့ပါပြီ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပထမ လေ့လာကြည့်ကြပါစို့။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို နိဒါန်း အပါအဝင် အခန်း (၁)မှ အခန်း(၄) အထိဖွဲ့စည်းထားပြီး၊ ဥပဒေပုဒ်မ ပေါင်း (၁၄) ခုပါရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အခရာကျသည့် လုပ်ငန်းမှာ “ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် နှင့် နိုင်ငံရေးပါတီများကိုကြီးကြပ်ရန်ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ မည်သို့ပင် ရေးသားဖေါ်ပြထားပါစေ။
ကော်မရှင်ဥပဒေ၊ အခန်း(၂) ပုဒ်မ (၄) ပုဒ်မခွဲ (ခ) “ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသောပုဂ္ဂိုလ်အဖြစ် (နအဖ)စစ်အစိုးရ က ယူဆသူဖြစ်ရမည်”ဟူသော အချက်သည် ကော်မရှင်ဥပဒေတစ်ခုလုံး၏ အဓိကအနှစ်ချုပ်ဖြစ်သည်။
ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် (နအဖ)စစ်အစိုးရက မယူဆလျှင် မည်သည့်ပုဂ္ဂိုလ်မျှ ကော်မရှင်အဖွဲ့ဝင် ဖြစ်လာစရာ အကြောင်းမရှိပါ။
အခန်း(၃) တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ (၉)၊ ပုဒ်မခွဲ(က) မှ(ဂ) အထိပြဌာန်းချက်များသည် ကော်မရှင်၏ အဓိက လုပ်ပိုင် ခွင့်များပင်ဖြစ်သည်။ ပြတ်ပြတ်သားသားပင် ရေးသားဖေါ်ပြထားသည် “ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီး အပြတ် ဖြစ်စေရမည်”ဟု ပါရှိသည်။
ထို့အပြင် နိဂုံးချုပ်အနေဖြင့် အခန်း(၄) အထွေထွေ၊ ပုဒ်မ(၁၄)တွင် ယခင် (နဝတ)စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် “ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ဥပဒေ” (နဝတ) ဥပဒေအမှတ် ၁/၈၈ ကို ရုပ်သိမ်းလိုက်သည်ဟု ဖေါ်ပြ ထားသည်။
သို့ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို အနှစ်ချုပ်လိုက်လျှင် ကော်မရှင်တွင် ပါဝင်ကြမည့် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို (နအဖ)စစ်အစိုးရ စိတ်ကြိုက်ရွေးချယ် ခန့်အပ်တာဝန်ပေးမည်၊ ကော်မရှင်သည် ကော်မရှင်၏ လုပ်ငန်းများကို စိတ်ကြိုက် ဆောင်ရွက်နိုင်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို လေ့လာကြည့်ကြပါစို့။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဌာန်းထားသည့် အချက်များကို လေ့လာဖတ်ရှုပြီးသည့်အခါ “နိုင်ငံရေးပါတီဆိုသည် မှာ(နအဖ)စစ်အစိုးရက နိုင်ငံရေးပါတီဖြစ်သည်ဟု လက်ခံယူဆသည့်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုမည်ဖြစ်ပြီး (နအဖ) စစ်အစိုးရက နိုင်ငံရေးပါတီဖြစ်သည်ဟု လက်ခံယူဆနိုင်ခြင်းမရှိသည့် ပါတီကို မှတ်ပုံတင်ခွင့် ပြုမည်မဟုတ်”ဆိုသည့် ကောက်ချက်ကို ရရှိပါ သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိဒါန်းအပါအဝင် အခန်း(၁)မှ အခန်း(၅)အထိ ဖွဲ့စည်းထားပြီး၊ ဥပဒေပုဒ်မပေါင်း (၂၇)ခု ပါရှိသည်။
တားမြစ်ကန့်သတ်ချက်အများဆုံး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟု “ဂင်းနစ်မှတ်တမ်းစာအုပ်”တွင် မှတ်တမ်းတင်ရမည်။
အခန်း (၂) ပုဒ်မ (၆) ၊ ပုဒ်မခွဲ(က)မှ (စ)အထိ ပြဌာန်းထားချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံချက်ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားသူက ဝန်ခံချက်လက်မှတ် ထိုးရမည်ဟု ဆိုထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၏ အနှစ်ချုပ်မှာ ပုဒ်မ(၆) ပုဒ်မခွဲ(ဂ) “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး”ဟူသည့် အချက်ပင်ဖြစ်သည်။
ယင်းအချက်ကို လက်ခံနိုင်ခြင်းမရှိလျှင် အခြားဘာမျှ ဆက်လုပ်စရာ မလိုအပ်တော့ချေ။ (နအဖ)စစ်အစိုးရက ဤအချက်ဖြင့် အားလုံးကို ချုပ်ကိုင်ထားလိုက်ပြီ။
သက်ဆိုင်သူအားလုံး ပါဝင်ရေး/ တရားမျှတရေးဆိုသည့် စကားလုံးများမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် “ရွှေဂုံတိုင်ကြေညာ ချက်” ဖြင့် တောင်းဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းပြည်နှင့် လူထုသို့ ရှင်းလင်းပြတ်သားသည့် အဖြေကို ပေးရတော့မည်။ အချိန်ဆွဲနေ ၍ မရတော့ပါ။
နောက်ထပ်ထုတ်ပြန်လာမည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်း ဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ကို လေ့လာစရာ မလိုတော့ပါ။
တိုင်းပြည်နှင့် လူထုသို့ ဒီမိုကရေစီအရေး ဆက်လက်တိုက်ပွဲဝင်ရမည့် တိုက်ပွဲမဟာဗျူဟာနှင့် နည်းပရိယာယ်ကို ချပြရတော့မည်။
အောက်ဖေါ်ပြပါ ပုဒ်မနှင့်ပုဒ်မခွဲများသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပါရှိသည့် တားမြစ်ကန့်သတ်ချက်များပင် ဖြစ်ပါသည်။
အခန်း(၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ၊ ပုဒ်မ (၃) ပုဒ်မခွဲ (က) ၊ ပုဒ်မ (၄) ပုဒ်မခွဲ(င) ၊ ပုဒ်မ(၅) ပုဒ်မခွဲ(စ) ၊ပုဒ်မ(၆) ပုဒ်မခွဲ (ဂ)၊ ပုဒ်မ(၇) ပုဒ်မခွဲ (က) မှ (င) အထိ၊ ပုဒ်မ (၁၀) ပုဒ်မခွဲ (က) မှ ( ဈ) အထိ၊
အခန်း(၃) ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိခြင်း ပုဒ်မ (၁၂) ပုဒ်မခွဲ (က) မှ (ဂ) အထိ၊ ပုဒ်မ (၁၃) ၊ ပုဒ်မ (၁၈)၊ ပုဒ်မ(၁၉) ပုဒ်မခွဲ(က) နှင့် (ခ)
အခန်း(၄) ရန်ပုံငွေနှင့်ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ပုဒ်မ (၁၄) ၊ ပုဒ်မ(၁၅) ၊ ပုဒ်မ(၁၆) ပုဒ်မ (၁၇)
အခန်း (၅) အထွေထွေ ပုဒ်မ (၂၀) ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ (၂၁) ၊ ပုဒ်မ(၂၄) ပုဒ်မခွဲ( က) မှ ( င) အထိ၊ ဖြစ်ပါသည်။
ပုဒ်မ(၂၅) ဦးတည်ချက်မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တရားဝင်တည်ရှိဆဲ နိုင်ငံရေးပါတီ(၁၀)ခုအတွက် ပြဌာန်း ထားချက်ပင် ဖြစ်ပါသည်။ ရက်ပေါင်း (၆၀)အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်။ ကော်မရှင်က ခွင့်ပြုလျှင် ဆက်လက် တည်ရှိမည်၊ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီသည် အလိုအလျောက် ပျက်ပြီးဖြစ်သည်”ဟု ဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ရက်ပေါင်း(၆၀) အချိန်ရမည်။ အဖြေပေးရလိမ့်မည်။ မပေးလျှင် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်လိမ့်မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုအဖြေ ပေးမည်လဲ။
ပုဒ်မ( ၂၇)မှာ ယခင် (နဝတ) စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ” (နဝတ) ဥပဒေအမှတ် ၄/၈၈ကို ရုပ်သိမ်းလိုက်သည်ဟု ဖေါ်ပြထားသည်။ ယင်းရုတ်သိမ်းချက်အရဆိုလျှင် တည်ဆဲနိုင်ငံရေးပါတီများသည်ပင်လျှင် ယခုကာလသည် ရုပ်သိမ်းခံလိုက်ရသည့် အနေအထားဖြစ်ပါသည်။
(နအဖ)စစ်အစိုးရက ညီလာခံကိုလည်း စိတ်ကြိုက်ကျင်းပခဲ့သည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း စိတ်ကြိုက်ချမှတ်၊ ရေးဆွဲအတည်ပြုခဲ့ပြီ။ ရွေးကောက်ပွဲကော်မရှင်ကိုလည်း စိတ်ကြိုက်ဖွဲ့စည်းဦးမည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကိုလည်း တားမြစ်ချက် မျိုးစုံဖြင့် ကန့်သတ်ထားခဲ့ပြီ။
ဤလုပ်ရပ်များမှာ (နအဖ)စစ်အစိုးရပြောနေသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်၏ စံကျသော နိဒါန်းဖေါ်ပြချက်များပင် ဖြစ်ပါတော့သည်။
(နအဖ)စစ်အစိုးရပေးသည့် စပေ့(ဝါ) ဒီမိုကရေစီအခွင့်အရေးဆိုသည်မှာ အပ်နဖားပေါက်ထဲ ကုလားအုပ်ဝင်ရမည့်ကိန်း ဖြစ်နေပြီ။
သို့ပါ၍ ကျနော်တို့ ပြည်တွင်းပြည်ပ အင်အားစုအားလုံး ဆောင်ရွက်ရမည့် အဓိကတာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ကြရန်မှတပါး အခြားနည်းလမ်း ရှိမည်မထင်တော့ပါ။
0 comments:
Post a Comment