ယနေ့ မြန်မာ့နိုင်ငံရေးအပေါ် စစ်မှုထမ်းဟောင်းတစ်ဦး၏ အမြင်

>> Wednesday, March 10, 2010

ဆောင်းပါးရှင် - သံကြိုး

နိုင်ငံရေးဆိုသည် ဘာလဲဆိုတာက စရရင် ပြည်သူလူထုတစ်ရပ်လုံး၏ စားဝတ်နေရေး၊ လူမှုရေး လိုအပ်ချက်မှန်သမျှဟာ နိုင်ငံရေးဘဲ၊ နိုင်ငံရေးကို ဘယ်လိုလူတွေ ဦးဆောင်မလဲ။ ဒီနေရာမှာ အစိုးရ (Government) ရဲ့ အဓိပ္ပါယ် လိုလာတယ်။ အစိုးရဆိုတာ လူ့အဖွဲ့အစည်းရဲ့ ကြီးကြပ်ထိန်းကိုင်မှု၊ လူ့အဖွဲ့အစည်းမှာ လက်အောက်တင်ပြမှု မရှိတဲ့ အစိုးရရဲ့ အုပ်ချုပ်မှု ဟာ ယန္တရားဆန်တယ်။ ပြည်သူလူထု လိုအပ်ချက်ကို လိုက်လုပ်ပေးတဲ့ အစိုးရမျိုး ပြည်သူလူထုက လိုလားကြတယ်။ အစိုးရ ရဲ့ လိုအပ်ချက်ကို ပြည်သူလူထုက လိုက်လုပ်ပေးနေရတဲ့ အစိုးရမျိုးကို နားလည်သော ပြည်သူတွေက လိုက်မလုပ်ပေး နိုင်ဘူး။ မလိုလားကြဘူး။

လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာက သူတို့ပြောတော့ တပ်မတော်အစိုးရဘဲ၊ တကယ်က အာဏာရှင် စစ်အစိုးရဘဲ။ စတင် အာဏာယူစဉ်က ရဟန်းရှင်၊ ကျောင်းသား ပြည်သူတွေကို သတ်ဖြတ်ပြီး အကြောက်တရားနဲ့ တိုင်းပြည်ကို အုပ်ချုပ် တာ (၄၈) နှစ်ခန့် ကြာခဲ့ပြီ။ ယနေ့ နိုင်ငံရေးသမားတွေကလည်း အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး အော်နေ ကြတယ်။ အုပ်ချုပ်နေတဲ့ စစ်အစိုးရကလည်း လမ်းပြမြေပုံ (၇) ရပ် ချမှတ်ပြီး လုပ်နေတယ်။ အဆင့် (၅) တောင် ရောက်နေ ပြီး မကြာခင် ရွေးကောက်ပွဲ လုပ်တော့မယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လေသံတွေလည်း ကြားနေရတယ်။

ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ချိုချိုကျော်ငြိမ်း၊ ဦးဘဆွေသမီး တို့ကလည်း ရွေးကောက်ပွဲ ၀င်ဖို့ တာစူနေပြီ။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ သူတွေလည်း ရှိတယ်။ ရှေ့တိုး ထမ်းပိုး နောက်ဆုတ်ရင် လှည်းကျိုး၊ ရွေးကောက်ပွဲ ၀င်မဲ့သူတွေက ပွဲလန့်တုံး ဖျာခင်းတာဖြစ်မယ်ဆိုပြီး ဟိုတလောက ရေဒီယိုမှာ ကြားလိုက်တယ်။ VOA ကလည်း စကားလွန်မယ်တဲ့။ နိုင်ငံရေးသမား တွေ ဆိုတာက ဖျာလွတ်ရင် ၀င်ထိုင်မှာဘဲ။ လှေကြုံတွေ့ရင် စီးမယ်။ အလှူတွေ့ရင် ၀င်စားမယ်။ အိုင်တွေ့လို့မှ မကူးတဲ့ ကျွဲက ကျွဲရူးဆိုတဲ့ လူမျိုးတွေ ရှိသလို၊ နောက်ကျိနေတဲ့ ရေမှာလည်း ကျွဲကတော့ ကူးမှာဘဲ။


နိုင်ငံတော်၏ အနာဂတ် ရေရှည်အကျိုးစီးပွားအား ရည်ရွယ်လျက် ကျင်းပနေပါသည်ဟု
စစ်အစိုးရမှ အကြိမ်ကြိမ် လိမ်လည်ခဲ့ခြင်းအား ၎င်းတို့၏ စစ်ခေါင်းဆောင်ကြီးများက
ငိုက်မြည်းလျက် ဤကဲ့သို့ သက်သေထူခဲ့သည်

တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မဲ့ နိုင်ငံရေးသမား မှန်ရင်တော့ ရေနောက်ကို အရင်ဆုံး ကြည်အောင်လုပ်ပြီးမှ ခပ်ချိုးကြမယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတဲ့ အိုင်ထဲမှာ ကျွဲတွေဘဲ လူးမယ်။ လွှတ်တော်ထဲရောက်ရင် ဘာမှပြောရမှာ မဟုတ်တဲ့ အခြေအနေနဲ့ ရွေးကောက်ပွဲ ၀င်ကြမယ်ဆိုရင်တော့ ပြည်သူတွေ နွံထဲနစ်ပြီးရင်း နစ်နေမှာ ဖြစ်တယ်။

ဒီနေ့ ကမ္ဘာ့နိုင်ငံ အသီးသီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွားပုံတွေ လေ့လာကြည့်မယ်ဆိုရင် -

(၁) အုပ်ချုပ်တဲ့ အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီစနစ်ကို ပြောင်းလဲပေးတဲ့ ပုံစံ (ဥပမာ - အရှေ့ဥရောပ နိုင်ငံများ)
(၂) ပြည်သူလူထုက တော်လှန်ပြီး ပြောင်းလဲတဲ့ ပုံစံ (ဥပမာ - ပြင်သစ်တော်လှန်ရေး)
(၃) နိုင်ငံတကာ အကူအညီနဲ့ ပြောင်းလဲသွားတဲ့ ပုံစံ (ဥပမာ - ကမ္ဘောဒီးယား)

မြန်မာနိုင်ငံအတွက် နံပါတ် (၁) ကတော့ မျှော်လင့်ချက် ကုန်ဆုံးနေပြီ။ အုပ်ချုပ်ခဲ့တဲ့ သက်တမ်းတလျှောက် မြန်မာနိုင်ငံ ထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား မရှိခဲ့ဘူးလို့ ဗြောင်လိမ်ပြီး ထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားများဟာ အမြဲတမ်းရှိနေတယ်။ လွတ်တဲ့ လူ လွတ်သွားလိုက် အသစ်ကျလာတဲ့သူ ကျလာလိုက်နဲ့ သံသရာလည်နေတယ်။ စစ်အစိုးရက ဦးဆောင်ပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက နိုင်ငံရေးသမားတွေတင် မကဘူး ပြည်သူလူထုကိုပါ နှိပ်ကွပ်ထားတဲ့ ဥပဒေဘဲ။ ဒီတော့ အုပ်ချုပ်တဲ့ အစိုးရက ဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန် ပြောင်းလဲပေးဖို့ဆိုတာ စဉ်းစားစရာတောင် မလိုတော့ဘူး။

နံပါတ် (၂) ဖြစ်တဲ့ ပြည်သူလူထုက စုပေါင်းပြီးတော်လှန်ဖို့ဆိုတာလဲ မပြောနဲ့တော့ ပြည်သူတွေမှာ အားမရှိတော့ဘူး၊ မြန်မာနိုင်ငံမှာ စစ်အစိုးရက ပြည်သူတွေကို အတွေးအခေါ်တွေ မပြန့်ပွားစေဘူး၊ ဒီတော့ သတင်းလွတ်လပ်ခွင့်တွေ ပိတ်ထားတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် မပြုဘူး၊ ဟိုသတင်း မရေးရ၊ ဒီသတင်း မရေးရဆိုတာတွေ ပြုလုပ်ထားတယ်။

ပြည်သူတွေ စီးပွားရေး ကျဆင်းနေရင် အစိုးရကို မေ့နေမယ်။ ဒီနေ့ တိုင်းသူပြည်သား အများစုဟာ ထမင်းစားဖို့ အလုပ်လုပ်နေရတယ်။ အလုပ်လုပ်ဖို့အတွက် ထမင်း မစားရ တော့ဘူး။ အစိုးရကို မဝေဖန်နဲ့၊ အစိုးရရဲ့ အပြစ်ကို မထောက်ပြနဲ့။ ထောက်လှမ်းရေးလက်ထက်တုံးက အစိုးရကို လမ်းပေါ်ထွက်ပြီး လိုအပ်ချက်တောင်းဆိုရင် ထောင်ဒဏ် (၇) နှစ် ချတယ်။ စ.ရ.ဖ လက်ထက်ရောက်လာတော့ တစ်သက်တစ်ကျွန်း ချတယ်။ ကိုထင်ကျော် (ခေါ်) ကိုကျော်ထင်ဟာ ကုန်ဈေးနှုန်းကျဆင်းရေး၊ လျှပ်စစ်မီး မှန်မှန်ရရှိရေးကို လမ်းပေါ် ထွက်ပြောတော့ ပုဒ်မ - ၁၂၄ (က) နဲ့ တစ်ကျွန်း ချတယ်၊၊ N.L.O ဦးအုန်းသန်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရတယ်။ ဗိုလ်မှူးဝင်းနိုင်ကျော် သေဒဏ် ကျခံရတယ်။ လူတွေ မပြောနဲ့ ဘုန်းကြီးတွေ လမ်းပေါ်ထွက်ပြီး တောင်းဆိုတာတောင် သေနတ်နဲ့ ပစ်ပြီး ဖြိုခွင်းတယ်။ ဒီတော့ ပြည်သူတွေ စုပေါင်း တိုက်ပွဲဝင်ဖို့ ဆိုတာလဲ မဖြစ်နိုင်တော့ဘူး။

နံပါတ် (၃) ဖြစ်တဲ့ နိုင်ငံတကာ အကူအညီနဲ့ ဒီမိုကရေစီစနစ်ကို ပြောင်လဲဖို့အတွက် နိုင်ငံတကာ အကူအညီရအောင် ဘယ်လိုလုပ်မလဲ။ ကမ္ဘောဒီးယားလို လူတွေ သန်းနဲ့ချီပြီး အသတ်ခံရမှ အကူအညီပေးကြမှာလား။ ကိုစိုးစိုးတို့လို လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်လာမှဘဲ နိုင်ငံတကာ အကူအညီ ရမှာလား၊ တခြား နည်းလမ်းတွေနဲ့ကော မရနိုင်ဘူးလား။

အခု Road map (၇) ချက်ရဲ့ နံပါတ် (၅) အဆင့် ရောက်တော့မယ်။ ကုလသမဂ္ဂကလဲ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေ ပါရမယ် ပြောနေ တယ်။ ဒါပေမယ့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားတွေလည်း လွှတ်မပေးဘဲ ရွေးကောက်ပွဲ လုပ်ရင်လုပ်မယ့် အနေအထား ဖြစ်နေတယ်။ အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ N.L.D လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သုံးသပ်ရန် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တောင်းဆိုနေတယ်။ စစ်အစိုးရကတော့ မသိသလိုဘဲ နေတယ်။ N.L.D ပါတီအနေနဲ့ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲက အနိုင်ရပါတီဆိုတာထက် (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ပြည်သူ (၁၀၀%) ဟာ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ် ကိုဘဲ မဲပေးပေး မဲပေးတဲ့ ပြည်သူအားလုံးရဲ့ ရင်ထဲမှာ -

(၁) တစ်ပါတီ အာဏာရှင်စနစ်ကို မလိုလားဘူး။
(၂) စစ်အုပ်ချုပ်ရေးကို မလိုလားဘူး။
(၃) လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လိုလားလို့ မဲပေးခဲ့ကြတာ ဖြစ်တယ်။

ယနေ့ ပြည်သူတွေကလည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ပြသနိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်ဆိုတာ ရေးသားတင်ပြ လိုက်ရပါတယ်။

Ref: စည်းလုံးခြင်းရဲ့အင်အား

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP