(၁၅) ကြိမ်မြောက် မဟာဗျူဟာညှိနှိုင်းဆွေးနွေးပွဲ၏ သဘောထား ထုတ်ပြန်ကြေညာချက်

>> Wednesday, March 24, 2010

၁။ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုတို့၏ (၁၅) ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲအား ၂ဝ၁ဝခုနှစ် မတ်လ (၂၁၊၂၂) ရက်နေ့များတွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ ၄င်းဆွေးနွေးပွဲကြီးတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လတ်တလော နိုင်ငံရေးအခြေအနေ အရပ်ရပ်အပေါ် အကြေ အလည် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အင်အားစုအသီးသီး၏ တူညီသော ဘုံသဘောထား ရပ်တည်ချက်များကို ချမှတ်နိုင်ခဲ့ကြပါသည်။

အထူးသဖြင့် ၂ဝ၁ဝ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖစစ်အုပ်စုမှ စတင်ထုတ်ပြန်ကြေညာခဲ့ သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ(၅)ရပ်နှင့် နည်းဥပဒေများအား မိမိတို့အင်အားစု အသီးသီးမှ လုံးဝလက်မခံကြောင်းနှင့် ပြည်သူတရပ်လုံးကို ဖိနှိပ်မည့် မတရားသည့် ဥပဒေများသာဖြစ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။

၂။ ၂ဝဝ၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား အနှစ်သာရအရလည်းကောင်း၊ ရေးဆွဲခဲ့သည့် ဖြစ်စဉ်အားလည်းကောင်း မိမိတို့အင်အားစုအသီးသီးအနေဖြင့် လုံးဝလက်မခံနိုင် ကြောင်း အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် တိုင်းပြည်၏ ပြဿနာအရပ်ရပ်အား အေးချမ်းစွာအဖြေရှာနိုင်ရေးအတွက် ၄င်းနာဂစ်ဖွဲ့စည်းပုံအား ပြန်လည်ပြုပြင်ရေးဆွဲရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဆိုပြုထားသော ရွှေဂုံတိုင်ကြေညာစာတမ်းကို အပြည့်အဝ ထောက်ခံကြောင်းကိုလည်း ပြည်တွင်း ပြည်ပရှိ အင်အားစုအသီးသီးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ်သည်။

၃။ ယခု နအဖစစ်အုပ်စုမှ ထုတ်ပြန်ကြေညာခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် -
(က) ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့် ရွှေဂုံတိုင်ကြေညာစာတမ်းအပါအဝင် အနိုင်ရ နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီရေးအင်အားစုများမှ ချမှတ်ကိုင်စွဲထားသော နိုင်ငံရေး သဘောထားနှင့် ရပ်တည်ချက်အားလုံးကို စွန့်လွှတ်ရန် တောင်းဆိုခြင်းဖြစ်သည်။

(ခ) ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးအပါအဝင် ဒီမိုကရေစီရေးတိုက်ပွဲဝင်ရင်း အကျဉ်းကျနေသူအားလုံးအား မိမိတို့နိုင်ငံရေးပါတီများမှ ထုတ်ပယ်ပစ်ရန် တောင်းဆိုခြင်း ဖြစ်သည်။

(ဂ) နအဖ စစ်အုပ်စု၏ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို လေးစားလိုက်နာပါမည်၊ ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ဝန်ခံ လက်မှတ်ထိုးခိုင်းခြင်း ဖြစ်သည်။ ထို့ကြောင့် ၄င်းရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား လုံးဝလက်မခံကြောင်း၊ ပြင်းထန်စွာ ရတ်ချကြောင်း မိမိတို့၏ သဘောထားအားဖော်ပြလိုပါသည်။ ထို့အပြင် ပြည်တွင်းရှိ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရရှိထားသော နိုင်ငံရေးပါတီများအနေဖြင့်လည်း ၄င်းရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများအရလည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေများ အရလည်းကောင်း ရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်ရန် လုံးဝမသင့် လျော်ကြောင်း မိမိတို့အင်အားစုများ မှ အလေးအနက်ခံယူပါသည်။

၎။ တပြိုင်နက်တည်းတွင် နအဖစစ်အုပ်စု၏ အမျိုးသားတော်လှန်ရေးအင်အားစုအသီးသီးအား ဖျက်သိမ်းရေးစီမံချက်ဖြစ်သည့် “အပစ်ခတ်ရပ်စဲရေးအဖွဲ့အစည်းများအား နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးစီမံချက်”အား မိမိတို့ အင်အားစုအသီးသီးမှ ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြလိုပါသည်။

နအဖစစ်အုပ်စု၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးတောင်းဆိုမှု အပေါ်ထားရှိသည့် ညီနောင်အပစ်ရပ်အဖွဲ့များ၏ ရပ်တည်ချက်များသည် ယနေ့ကာလ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် လွန်စွာ အခရာကျပေသည်၊၊

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနှင့် အချို့သော တိုင်းရင်းသားအပစ်ရပ် အဖွဲ့များ၏ မိမိတို့လူမျိုး၊ မိမိတို့နယ်မြေနှင့် မိမိတို့အဖွဲ့အစည်းအသီးသီး၏ တည်ရှိမှုများ အတွက် နအဖ စစ်အုပ်စု၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး စီမံချက်အား ရဲရင့်တည်ကြည်စွာ ငြင်းဆန်ရပ်တည်နေမှုများနှင့် တရားမျှတစွာ ပြန်လည် တင်ပြတောင်းဆို နေမှုများအပေါ် မိမိတို့အင်အားစုများမှ အပြည့်အဝထောက်ခံကြောင်း ဖော်ပြလိုပါသည်၊၊ မိမိတို့အနေဖြင့် တိုင်းရင်းသားလူမျိုးအသီးသီး၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက်လည်းကောင်း၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လည်းကောင်း ညီနောင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ရှိပါကြောင်းကိုလည်း ထပ်လောင်း၍ ဖော်ပြအပ်ပါသည်။

၅။ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်တိုက်ခိုက်နေမများ၊ စစ်အင်အားတိုးချဲ့ နေရာ ယူနေမှုများကို မိမိတို့အင်အားစု အသီးသီးမှ ပြင်းထန်စွာကန့်ကွက် ရတ်ချပါသည်။ ဤလုပ်ရပ် များသည် အမျိုးသားသွေးစည်းညီညွတ်ရေးကို နအဖ စစ်အုပ်စုဖက်မှ လုံးဝဆန္ဒကင်းမဲ့ နေကြောင်းကို အတိအလင်းဖော်ပြနေခြင်းဖြစ်သည်။

၆။ ထို့အပြင် နအဖစစ်အုပ်စုသည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေး၍ တိုင်းပြည်၏ နိုင်ငံရေးပြဿနာ အရပ်ရပ်အား ငြိမ်းချမ်းစွာ အဖြေရှာလိုသည့်ဆန္ဒ လုံးဝမရှိချေ။ ထို့အတူ အပစ်ရပ်တိုင်းရင်းသားအင်အားစုများအပါအဝင် တိုင်းရင်းသား အင်အားစုများနှင့်လည်း တွေ့ဆုံဆွေးနွေး၍ ပြဿနာအရပ်ရပ်အား ဖြေရှင်းလိုခြင်း လုံးဝမရှိချေ။ နအဖစစ်အုပ်စုသည် စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းနိုင်ရေးအတွက်သာ အမြော်အမြင်ကင်းမဲ့စွာ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဤအချက်များကို မကြာခင်ကထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့် အပစ်ရပ် အင်အားစုများအပေါ် ဖိအားပေးတောင်းဆိုနေသည့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး စီမံချက်များက ထင်ရှားစွာ သက်သေထူနေပြီ ဖြစ်ပါသည်။

၇။ ထို့ကြောင့် မိမိတို့အင်အားစုများအနေဖြင့် နအဖ၏မတရားသည့်အမိန့်အာဏာများနှင့် ၂ဝ၁ဝခုနှစ်တွင် ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲအား လူထုတိုက်ပွဲအပါအဝင် တိုက်ပွဲ သဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါသည်။ ၄င်း ၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်မည့် လုပ်ငန်းစဉ်တွင်-

(က) ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုအသီးသီးအနေဖြင့် မိမိတို့နှင့် လက်တွဲ ဆောင်ရွက်ပါရန် အလေးအနက်တိုက်တွန်း နှိုးဆော်အပ် ပါသည်။

(ခ) ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမိသားစုများအနေဖြင့်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသော ၂ဝ၁ဝ ရွေးကောက် ပွဲအား ပြတ်ပြတ်သားသား ကန့်ကွက်ရတ်ချရန်နှင့် ၄င်းမှ ပေါ်ပေါက်လာမည့်ရလဒ်အား လုံးဝအသိအမှတ်မပြုပါရန် မိမိတို့ အင်အားစုအသီးသီးမှ အလေးအနက် တိုက်တွန်း ပန်ကြား အပ်ပါသည်။

(ဂ) နိုင်ငံရေးအင်အားစုအသီးသီးနှင့် ပြည်သူလူထုတရပ်လုံးအနေဖြင့် နအဖစစ်အုပ်စု၏ မတရားသည့် အမိန့်အာဏာဟူသမျှနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆန့်ကျင်သပိတ်မှောက်သွားရန် တိုက်တွန်းပန်ကြားအပ်ပါသည်။

၁။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၊
၂။ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်၊
၃။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊
၎။ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊
၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊
၆။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၊
၇။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၊
၈။ တိုင်းရင်းသားလူငယ်များအင်အားစု၊
၉။ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ကရက်၊
၁ဝ။ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊

Ref: မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP