အရှိတရားကို အသိတရားနဲ့မြင်အောင်ကြည့်ပါ။

>> Monday, March 22, 2010

(ရိုးသားစွာဝန်ခံအပ်ပါသည်။ မောင်ပါလ၌ ၀ါရင့်နိုင်ငံရေးသမားများကဲ့သို့ နိုင်ငံရေးအတွေးအခေါ် စိုးစဉ်းမျှမရှိပါ။ ဗမာပြည်အား စစ်အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရန် တတ်နိုင်သည့်ကဏ္ဍမှ ပါဝင်တော်လှန်နေသော စစ်မှန်သည့် တက်ကြွလှုပ်ရှားသူ (activist) တဦး၏အမြင်ကို ရိုးရှင်းစွာ တင်ပြခြင်းသာဖြစ်ပါသည်။)

နအဖစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ဟုအော်ကာ တချက်နှစ်ချက်ထအူလိုက်သည်။ ထောင်ကျနိုင်ငံရေးသမားများ ရွေးကောက်ပွဲဝင်ခွင့်မရှိဟု ဥပဒေထုတ်လိုက်သည်။ အတိုက်အခံပါတီများ၊ နိုင်ငံရေးသမားများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ အဓိကအတိုက်အခံပါတီ (ဒီချုပ်) ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ပြဿနာပေါ်လာသည်။ ပါတီနှစ်ခြမ်းကွဲမည့်အရေး ဖြစ်လာသည်။ ပြည်ပနိုင်ငံရေး လှုပ်ရှားသူများ၊ လေ့လာစောင့်ကြည့်သူများက ဒီချုပ်နှစ်ခြမ်းကွဲမည့်အရေးအပေါ် စိုးရိမ်ကြီးစွာဖြင့် စောင့်ကြည့်အကြံပေးမှုများ ပြုလုပ်လာကြသည်။ ဒီချုပ် ဘာလုပ်မှာလဲ ဆိုသည့်အသံများ ကြိုကြားကြိုကြားထွက်ပေါ်လာသည်။ အာဏာရူးဗိုလ်သန်းရွှေတို့ စစ်အုပ်စုတို့မှာ အနှီအခြင်းအရာများအားလုံးတို့ကို ထိုင်ခုံများပေါ်မှ မိန့်မိန့်ကြီးထိုင်ကာ ရှုစားနေကြသည်။
ဤကား ဗမာပြည်နိုင်ငံရေး၏ လတ်တလောကာလ အရှိတရား…………..

နအဖစစ်အစိုးရ၏ ၂၀၁၀၊ မတ်လ ၈-ရက် နေ့တွင်ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (၂/၂၀၁၀)၊ အခန်း-၂၊ ပုဒ်မ -၄ (င) အရ-- ထောင်ဒဏ်ကျခံသူများနှင့် အယူခံမှုလျှောက်ထားသူများ ရွေးကောက်ပွဲဝင်ခွင့်မရှိတော့ပေ။ တနည်းဆိုရသော် တရားဝင်နိုင်ငံရေးပင်စင် ပေးလိုက်ခြင်းသာဖြစ်သည်။ ယခုအချိန်မှသာ ထိုဥပဒေကိုထုတ်ပြန်ခဲ့သော်လည်း ဗမာပြည်နိုင်ငံရေးကာလတလျှောက် စစ်အစိုးရမှ နိုင်ငံရေးတရားဝင်လုပ်ပိုင်ခွင့်ကို ၄င်းတို့အလိုကျပုဆိန်ရိုးများဖြင့် ဖွဲ့စည်းထားသော အမည်ခံနိုင်ငံသမားများမှလွဲ၍ မည်သည့်အခါကမှ ပေးခဲ့ဖူးသည်မရှိခဲ့။ နိုင်ငံရေးသမားအများစုမှာလည်း စစ်အစိုးရ၏ တရားလက်လွတ် ဥပဒေများကြောင့် တဘ၀စာထောင်ကျခံနေလျက်ရှိသည်။ ယခုအချိန်ကျမှသာ ထိုဥပဒေကိုထုတ်ပြန်ခြင်းသည် ၄င်းတို့၏ ရွေးကောက်ပွဲအကြိုကာလအတွင်း အတိုက်အခံနိုင်ငံရေးသမားများအတွင်း စိတ်ဓာတ်ပျက်ပြားမှုများဖြစ်ပေါ်လာစေရန်ပြုလုပ်လိုက်သည့် နိုင်ငံရေးလှည့်စားမှုတခုသာဖြစ်သည်။

ဒီချုပ်ပါတီတွင်း၌ ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေး ပြဿနာဟုဆိုရာ၌ ရွေးကောက်ပွဲဝင်မည့် ဦးအောင်ရွှေနှင့် အပေါင်းပါများသည် စစ်အစိုးရနှပ်ကြောင်းသွင်းပေးသည့်အတိုင်း အတိုင်အဖောက်ညီညီ လိုက်ချိုးကြမည့် စစ်အစိုးရမှရှေးမဆွကပင် ဒီချုပ်ပါတီတွင်း သပ်ရှိုထားသည့် လောက်ကောင်များသာဖြစ်သည်။ နိုင်ငံရေးလေ့လာသူများကပင် ဦးအောင်ရွှေအား ဘောင်းဘီချွတ် ဟု ကင်ပွန်းတပ်ခဲ့ရလောက်အောင်ပင် စစ်မှန်သည့်နိုင်ငံရေးသမားများ အကျဉ်းကျခံနေရသည့်အချိန်တွင် နှစ်နှစ်ဆယ်လုံးလုံး စစ်အစိုးရအကြိုက်နေထိုင်ခဲ့သူဖြစ်သည်။ အမှန်တကယ်ဆိုရမည်ဆိုလျှင် ဒီချုပ်ပါတီသည် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေမည်သို့ပင် ထုတ်ပြန်သည်ဖြစ်စေ၊ ရွှေဂုံတိုင်ကြေငြာချက်အရ နအဖ၏ ဖွဲ့စည်းပုံဥပဒေနှင့် ရွေးကောက်ပွဲကို ရဲရဲဆန့်ကျင်ရမည်ဖြစ်သည်။ ထွေးပြီးသားတံတွေးကို ပြန်မျိုမည့် ဦးအောင်ရွှေတို့လူတစုသည် နအဖစစ်အစိုးရက အတိုက်အခံနိုင်ငံရေးလောကအတွင်း လှုပ်လှုပ်ရှားရှားဖြစ်စေရန်အတွက် ချကျွေးခံထားရသည့် နယ်ရုပ်ကလေးများဖြစ်သည်။

ထို့ကြောင့် ဒီချုပ်ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေး နှင့် ဒီချုပ်နှစ်ခြမ်းကွဲမည့်အရေးတို့သည် နအဖစစ်အစိုးရက နိုင်ငံတကာနှင့် အတိုက်အခံများအနေဖြင့် ၄င်းတို့နှင့် ၄င်းတို့ပြုလုပ်မည့်လုပ်ရပ်များအပေါ် အာရုံစိုက်မှု လျော့နည်းသွားစေရန် စနစ်တကျပြုလုပ်ထားသည့် လှည့်စားမှုတခုသာဖြစ်ပြီး ဗမာပြည်နိုင်ငံရေးလောက၌ မည်သူသည် မည်သို့သောလူစားမျိုးဆိုသည်ကို ကွဲကွဲပြားပြားထွက်ပေါ်လာမည့် ပြည်တွင်းနိုင်ငံရေးသမားသန့်စင်ရေးပွဲ တခုသာဖြစ်သည်။

နောက်ထပ်အရှိတရားတခုကို တင်ပြလိုသည်မှာ - ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဒီချုပ်ရွေးကောက်ပွဲ ၀င်ဝင် မ၀င်ဝင်၊ ဒီချုပ်နှစ်ခြမ်းကွဲကွဲ မကွဲကွဲ မည့်သို့သောအခြေအနေမျိုးမဆို နအဖစစ်အစိုးရသည် အာဏာဆက်လက်တည်မြဲရေးကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေမည်ဖြစ်သည်။ မည်သို့သောအခြေအနေမျိုးမဆို အာဏာကိုလက်လွတ်မည်မဟုတ်ပေ။ ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ကို ထုတ်ပြန်ခဲ့သော်လည်း တိကျသေချာသည့် ရွေးကောက်ပွဲနေ့ရက်ကို ကြေငြာခြင်းမရှိဘဲ ဆိုင်ငံ့ထားသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တင်းမာမှုကိုလည်း ရှေ့တိုးခြင်း လိုက်လျောခြင်း မည်သို့မျှမပြုလုပ်ဘဲ တင်းမာဆဲအခြေအနေအတိုင်းသာ ထားရှိခဲ့သည်။ ဓာတ်ဆီလောင်းကာ မီးခြစ်ကိုင်ထားပြီး လိုသည့်အချိန်တွင် အချိန်မရွေး ပြည်တွင်းစစ်မီးတောက်လောင်စေရန် စီစဉ်ထားသည်။ နအဖစစ်အစိုးရသည် အာဏာဆက်လက်တည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံကို စနစ်တကျဆုပ်ကိုင်ထားခဲ့သည်။

ထိုကဲ့သို့သောအခြေအနေတွင် အတိုက်အခံများ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များ ဟုဆိုအပ်သော ၀ါရင့်နိုင်ငံရေးသမာကြီးများ၊ စင်ပြိုင်ဝံ ကြီးများအနေဖြင့် နအဖစစ်အစိုးရအား တုန့်ပြန်နိုင်ရန် အားရစရာကောင်းသည့် စီစဉ်ဆောင်ရွက်မှုများ တခုမှမမြင်တွေ့ရပေ။ ပြည်တွင်းဒီချုပ်ပါတီအပေါ်၌သာ အရာအားလုံးပုံအပ်ထားကြသည်။ ဒီချုပ်ပြိုကွဲမည့်အရေးကိုသာ စိုးရိမ်တကြီးရှိနေခဲ့ကြသည်။ ဒီချုပ်ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးကိုသာ နအဖအကြိုက် အာရုံစိုက်နေကြသည်။

ခပ်ရိုင်းရိုင်းဆိုရပါမူ ငကန်းသေလျှင် ငဆွေပေါ်ပါမည်။ ဗမာပြည်အား စစ်အစိုးရအုပ်ချုပ်ခဲ့သည်မှာ ၁၉၆၂-မှစတင်၍ ရာစုနှစ်တ၀က်ပင်ကျိုးလုပြီဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုကိုယ်စားပြု ဒီချုပ်ပါတီဆိုသည်မှာ ၁၉၈၈-အရေးတော်ပုံကာလအတွင်းမှသာလျှင် သမိုင်းကတောင်းဆို၍ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ ဒီချုပ်ပါတီပျောက်ကွယ်မည့်အရေး၊ နှစ်ခြမ်းကွဲမည့်အရေးနှင့် ရွေးကောက်ပွဲဝင်မည့်အရေးတို့သည် ဗမာပြည်နိုင်ငံရေးလောကအတွင်း သမိုင်းမှတ်တိုင်တခုအဖြစ်သာ ရှိနေပါလိမ့်မည်။ လက်ရှိဗမာပြည်နိုင်ငံရေးအား အနည်းငယ်မျှပြောင်းလဲလာစေရန် မည်သို့မျှစွမ်းဆောင်နိုင်မည်မဟုတ်ပေ။

အထက်ဖော်ပြပါအကြောင်းများအရ ဗမာပြည်ဒီမိုကရေစီအရေးသည် ရှည်းလျားကြမ်းတမ်းသည့် သည့်ခရီးတခုအသွင်သာ ရှိနေပါအုံးမည်။ ပန်းတိုင်သည် စစ်မှန်သော တော်လှန်ရေးသမား၊ နိုင်ငံရေးသမားများနှင့် ခဏတာအလှမ်းဝေးနေအုံးမည်သာ ဖြစ်သည်။ အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချရန်ကြိုးပမ်းနေကြသောသူများ ယုံကြည်ချက်ကို ရဲရဲစွဲကိုင်ကာ စိတ်ဓာတ်မကျဘဲ ဆက်လက်ချီတက်ကြရန်သာ လိုအပ်ပါသည်။ အခြေအနေကတောင်းဆိုလာလျှင် ဗမာပြည်ပြောင်းလဲမည့်အရေးသည် သိကြားမင်းဆင်းတားလျှင်ပင် ရနိုင်မည်မဟုတ်။ အာဏာရှင်စနစ် တနေ့နိဂုံးချုပ်ရမည်မှာ အသေအချာပင်ဖြစ်သည်။

သံတုံးကိုပင်လျှင် အပ်ဖြစ်အောင်သွေးခဲ့ကြသည့် သာဓကရှိခဲ့သည်။ မျိုးဆက်တဆက်နှင့် မဖြစ်မြောက်ခဲ့လျှင် နောက်မျိုးဆက်သစ်ကို လက်ဆင့်ကမ်းကြရမည်။ ထိုသို့လက်ဆင့်ကမ်းသည်ဆိုရာ၌လည်း ကိုယ်တိုင်ဘာမှမလုပ်ဘဲ နောက်မျိုးဆက်ကိုဆက်လုပ်ပါဟု ပြော၍မရပေ။ ထို့ကြောင့် အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေကြရမည်ဖြစ်သည်။

ထပ်မံ၍ ပြည်ပနိုင်ငံရေးသမားများအား ရိုးသားစွာ အကြံပြုလိုပါသည်။ လွတ်မြောက်နယ်မြေရှိ အတိုက်အခံပါတီများ၊ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ၊ စင်ပြိုင်ဝံကြီးများအတွင်း၌လည်း နိုင်ငံရေးသမားသန့်စင်ရေးပွဲ တပွဲပြုလုပ်စေချင်ပါသည်။

မောင်ပါလ

3 comments:

Anonymous March 22, 2010 at 6:18 PM  

လာဖတ်သွားပါတယ် မောင်ပါလ

သဇင်ဏီ March 23, 2010 at 12:55 PM  

ဖတ်သွားပါတယ်..

Ko Toe Gyi ( Multiply Boo Boo Gyi ) March 27, 2010 at 4:22 PM  

ကိုပါလခင်ဗျား
ခင်ဗျားရဲ့ အကြံပြုချက်ကို ကန့် ကွက်ပါတယ်
ဘာကြောင့်လည်းမေးရင်
လွတ်မြောက်နယ်မြေရှိ အတိုက်အခံတွေ ၀ံကြီးတွေ ဘာညာဘာညာတွေကို သန့် စင်ရေးပွဲတပွဲလောက်လုပ်လိုက်ရင် ဖြူစင်သန့် ရှင်းသော အများအကျိုး ဆောင်ရွက်သူ မကျန်သလောက်ဖြစ်သွားမှာ စိုးရိမ်လို့ ပါ
ဗိုလ်အောင်ရွှေ အသုံးမကျတာ ကြာခဲ့ပြီမို့ မပြောတော့ပါ အယ်နယ်င်္ဒီဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် ဘာမှမလုပ်တတ်သော ခပ်ညံ့ညံ့ ပါတီဖြစ်နေပါတယ်
ကိုယ်ပိုင်လမ်းကြောင်းမရှိပါ အယ်နယ်ဒီ တခုထည်းတော့မဟုတ်ပါ ပြည်ပ ရောက်နိုင်ငံရေးသမားဆိုသူများ အဖွဲ့ အစည်းများသည် အနှစ် ၂၀ ကျော်မှ ဘာမှမလုပ်တတ်ဘဲ နအဖ လုပ်တာတွေကိုဘဲ ကန့် ကွက်ပါသည် ထောက်ခံပါသည်လုပ်တာလောက်နဲ့ ကျေနပ်နေပါတယ် ဦးဝင်းတင် ပြောတဲ့ ဖောက်ထွက်နိုင်တဲ့ အရည်အချင်းရှိခေါင်းဆောင် ကျတော်မတွေ့ ပါ တွေ့ ခဲ့လျှင်ဖြင့် ကျတော့်ကို အကြောင်းကြားပေးပါ ကျတော် တပြည့်ခံချင်ပါသည်

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP