ဖြစ်လာနိုင်တာတွေနဲ့ ပြင်ဆင်သင့်တာတွေ
>> Tuesday, March 2, 2010
သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၄/၂၀၁၀)
(၂၀၁၀ ခုနှစ်၊ မတ်လ ၁ ရက်)
တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မှူးတပ်သားတွေကို တပ်မတော်ဖွဲ့စည်းစဉ်ကတည်းက ချမှတ်ခဲ့တဲ့ အစဉ်အလာ ကောင်းတွေအတိုင်း ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ အစဉ်တစိုက် ပန်ကြားနေခဲ့တာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်(ဟောင်း) ကျော်ဇော တစ်ဦးတည်းသာ ရှိခဲ့တာပါ။
အခုတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်(ဟောင်း) ကျော်ဇော နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး(ဟောင်း) သူရဦးတင်ဦးကလည်း တပ်မတော်ထဲက တိုင်းချစ်ပြည်ချစ် တပ်မတော်သားတွေထံကို အခုလို သတင်းစကား ပါးခဲ့ပါတယ်။
“(တပ်မတော်အနေနဲ့) အစဉ်အလာကောင်းတွေကို ထိန်းစေချင်ပါတယ်။ အကုန်လုံး တာဝန်ရှိနေတဲ့သူတွေ အားလုံး အလိုက်ပေါ့။ ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ၊ ပြည်သူတို့ကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကို ဦးဆောင်ခေါင်းရွက်သွားနေတာ ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်သည် တကယ့်ကို စံပြကောင်းကောင်းနဲ့ ဖြစ်တဲ့ ဝန်ထမ်းကောင်းကြီးတွေပေါ့၊ ကိုယ့်ရဲ့ လုပ်ငန်းကိစ္စအဝဝကို ကျွမ်းကျင်အောင် လုပ်ပြီးတော့ မိမိရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးကို တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင်တော့ ဖြစ်စေချင်တယ်” တဲ့။
ကျနော်တို့ လေ့လာမှတ်သားမိသလောက် ပြောရရင် (တော်လှန်ရေးကောင်စီခေတ်)/ (မဆလ)ခေတ် စစ်ဗိုလ်ချုပ်ကြီးတွေအနက် ဗိုလ်ချုပ်ကြီး(ဟောင်း) သူရဦးတင်ဦးဟာ အခြားစစ်ဗိုလ်ကြီးများနဲ့မတူ တမူထူးခြားသူ ဖြစ်ပါတယ်။
ပြည်သူလူထုဘက်ကို ပြတ်ပြတ်သားသား မျက်နှာမူလာတဲ့၊ စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီဘက်ကို ရပ်တည်လာတဲ့ သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ တိုင်းရင်းသားတွေက “အမျိုးသားပြန် လည်သင့်မြတ်ရေး သူရဲကောင်းဆု”ကို ထိုက်ထိုက်တန်တန် ချီးမြှင့်တာဖြစ်ပါလိမ့်မယ်။
ပိုပြီး ထူးခြားလေးနက်စေတာက ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားလူငယ်တွေအပေါ်မှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦးရဲ့ သဘောထား ဖေါ်ပြချက်ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီအရေးဘက်ကို မျက်နှာမူလာတဲ့ အခြားသော (တော်လှန်ရေးကောင်စီခေတ်)/ (မဆလ)ခေတ် ဗိုလ်ချုပ်တွေနဲ့ လုံးဝခြားနားတဲ့အချက် ဖြစ်ပါတယ်။
၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုကြီးကို ထိတ်လန့်ကြောက်ရွံ့တဲ့နေရာမှာ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်ချုပ်ကြီးများတင် မကပါဘူး။ အငြိမ်းစားယူထားတဲ့ စစ်ဗိုလ်ဟောင်းကြီးတွေလည်း ကြောက်တဲ့နေရာမှာ နဲနဲမှမလျော့ပါဘူး၊ တူညီပါတယ်။
(တော်လှန်ရေးကောင်စီခေတ်) စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး ပိုင်ဆိုင်တဲ့ “မဟေသီမဂ္ဂဇင်း၊ အမှတ် (၃၀၀)၊ ဒီဇင်ဘာ၂၀၀၉၊ စာမျက်နှာ (၃၂)” မှာ ဖေါ်ပြထားတဲ့ (နဝတ)ခေတ် စစ်ဗိုလ်ဝန်ကြီးဟောင်းတစ်ဦးအတွက် ဝမ်းနည်းသဝဏ်မှာပင် “ကြောက်မက်ဖွယ်ကောင်းသည့် ၁၉၈၈ ခုနှစ်အရေးအခင်း” လို့ ဖေါ်ပြထားပါတယ်။
အခုလည်း (နအဖ)စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဆိုသူကတော့ “မြန်မာသည် မြန်မာအတွက် ဖြစ်ရမည်၊ မြန်မာသည် မြန်မာယောင်ဆောင်ထားသော တိုင်းတပါးအလိုတော်ရိ မဖြစ်စေရ၊ မြန်မာသည် မြန်မာယောင်ဆောင်ထားသော တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ”လို့ မောက်မာထောင်လွှားသော၊ အစွန်းမလွတ်သော စကားကို ပြောဆိုနေပါတယ်။ ဒီစကားကို သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ဖေါ်ပြနေပါတယ်။
တပြိုင်နက်ထဲမှာလည်း အပစ်ရပ် တိုင်းရင်းသားအင်အားစုတွေဖြစ်တဲ့ (ကေအိုင်အို)နဲ့ (ဝသပ)ဘက်မှာလည်း တင်းမာမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။
(နအဖ) စစ်အစိုးရဘက်က ကိုးကန့်အဖွဲ့ကို တိုက်ခိုက်ခဲ့သလို မတရားတဲ့ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလာမယ်ဆိုရင် ကိုယ့်ကိုယ် ကို ကာကွယ်ဖို့ အသင့်ပြင်ထားတဲ့အကြောင်းနဲ့ ကချင်ပြည်နယ်တ၀န်းမှာ သေနတ်သံတွေ၊ ဗုံးသံတွေ ထွက်ပေါ်လာမယ်လို့ (ဘီဘီစီ)နဲ့ အင်တာဗျူးတစ်ခုမှာ (ကေအိုင်အေ) စစ်ဦးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ ကြားသိရပါတယ်။
(ဝသပ)နဲ့ ရင်ဆိုင်နေရတဲ့ အပိုင်းမှာလည်း အလားတူပါပဲ။ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က တန့်ယန်းမှာ (နအဖ)စစ်အစိုးရနဲ့ (ဝသပ) ခေါင်းဆောင်များ တွေ့ဆုံကြရာမှာလည်း “ဝ”ခေါင်းဆောင်များဘက်က တင်ပြချက်များကို တစ်ခုမှ လက်မခံဘဲ (နအဖ) စစ်အစိုးရဘက်က ပယ်ချလိုက်ကြောင်းနဲ့ ပြေလည်မှု တစုံတရာမျှ မရရှိခဲ့ကြောင်း အင်တာနက် သတင်းများကနေတဆင့် ကြားသိရပါတယ်။
ဒီလိုတင်းမာမှုတွေ တစထက်တစ တိုးပွားလာရတာဟာ (နအဖ)စစ်အစိုးရ ကျင့်သုံးဆောင်ရွက်နေမှုများရဲ့ တိုက်ရိုက်ရလဒ်သာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ နိုင်ငံရေးနယ်ပယ်၊ အပစ်အခတ် ရပ်စဲထားတဲ့နယ်ပယ် စတဲ့ နယ်ပယ်ပေါင်းစုံက ဒီလိုတင်းမာမှုတွေဟာ အချိန်ကာလတစ်ခုမှာ စုပေါင်းဆုံဆည်းလာမယ် ဆိုရင်တော့ ဖြေရှင်းမှု သို့မဟုတ် ပေါက်ကွဲမှုဆိုတာ သဘာဝကျစွာ ပေါ်ထွက်လာမှာပါ။
ဘယ်လိုပုံစံနဲ့ ဖြေရှင်းနိုင်မလဲ၊ ပေါက်ကွဲလာနိုင်မလဲ ဆိုတဲ့နေရာမှာလဲ (နအဖ)စစ်အစိုးရရဲ့ သဘောထားနဲ့သာ အဓိကအားဖြင့် သက်ဆိုင်နေပါတယ်။
(နအဖ) စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းလာမယ်ဆိုရင် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာမှာပါ။
(နအဖ) စစ်အစိုးရဘက်က သေနတ်ကိုင်ပြီး အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင်လည်း သေနတ်ကိုင်ပြီး ခုခံတော်လှန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဘက်ကတော့ “သင့်မြတ်ပြေလည်ရေး သပြေခက်” ကို ကမ်းမြဲလှမ်းမြဲဖြစ်ပါတယ်။
အခုလိုအချိန်အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၀ ပြည့်နှစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ရှေ့အလားအလာ (အကောင်း၊ အဆိုး) တွေကို ရင်ဆိုင်ပြင်ဆင်နိုင်ရန် ရရှိစုဖွဲ့ထားပြီဆိုတဲ့ ဗဟိုဦးစီးအဖွဲ့ဝင် တစ်ရာကျော်နဲ့ ဗဟိုဦးစီးအဖွဲ့ဝင် မျက်နှာစုံညီ အစည်းအဝေးကြီးတစ်ရပ် ခေါ်ယူသင့်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း။
Ref: လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ
1 comments:
ဖတ်သွား မှတ်သွားတယ်ဗျာ
ကျေးဇူးပါ
Post a Comment