လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးသင်တန်း (၁/၂ဝ၁ဝ) ဆင်းပွဲ ကျင်းပ
>> Sunday, February 28, 2010
“သင်တန်းတွေက ရရှိချက်တွေဟာ အစချီချက်တွေပဲ ဖြစ်တယ်။ ဆက်လက် ဖြည့်ဆည်းသွားကြရဦးမှာဖြစ်တယ်။ ဒါ့ကြောင့် အဆက်မပြတ် ဖြည့်ဆည်းသွားဖို့ တိုက်တွန်းလိုတယ်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရဲဘော်ခင်မောင်တင့်က ပြောကြားခဲ့သည်။ ၎င်းမှ ဆက်လက်၍ “သင်တန်းတွေကနေ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ အသိကို မရနိုင်ဘူး”ဟုလည်း ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့၊ ည (၇) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်သော နိုင်ငံရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၁ဝ) သင်တန်း ဆင်းပွဲအခန်းအနားတွင် ပြောကြားသွားပါသည်။
တွဲဘက် အထွေထွေ အတွင်းရေးမှူး ရဲဘော်ငွေလင်းကလည်း “အခု လေ့လာစူးစမ်းမှုဟာ ပထမ ခြေလှမ်းဖြစ်တယ်။ နောက်ထပ် ခြေလှမ်းပေါင်းများစွာကို ဆက်လက် လှမ်းကြရဦးမှာဖြစ်တယ်။ ဒီလို ခြေလှမ်း ထောင်ပေါင်းသောင်းပေါင်းများစွာ လျှောက်လှမ်းရာမှာလည်း အမှားအယွင်းတွေ၊ အခက်အခဲတွေ တွေ့ကြရမှာပဲဖြစ်တယ်။ ဒါတွေကို ကျော်လွှားပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်” ဟု သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့ပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးသင်တန်း (၁/၂ဝ၁ဝ) ကို ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှစ၍ နှစ်ပတ်အကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သင်တန်းသို့ သင်တန်းသား ၁၁ ဦး တက်ရောက်ခဲ့ရာတွင် အမျိုးသမီးသင်တန်းသူ ၂ ဦးလည်း ပါဝင်သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းဆရာနှစ်ဦးဖြစ်သော ဦးမျိုးနှင့် ဦးထွန်းဦးတို့ကလည်း ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။ သင်တန်းသားများထဲမှ မနီနီကျော်နှင့် ကိုခင်မောင်ကျော်တို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် အခုလို သင်တန်းမျိုး တက်ရောက်နိုင်ဖို့အတွက် မျှော်လင့်ခဲ့တာ ကြာမြင့်ပြီဖြစ်ပြီး အခုမှ ဆန္ဒပြည့်ဝလာတဲ့အတွက် ဝမ်းသာကြောင်းနှင့် သင်တန်းကနေ အသိအမြင်များစွာ ရရှိခဲ့တဲ့အတွက် ဒီအသိအမြင်တွေကို လက်တွေ့ ပြန်လည်အသုံးချနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုသွားပါသည်။
သင်တန်းတွင် မြန်မာ့နိုင်ငံရေးသမိုင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းကြောင်း၊ ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့် အထွေထွေ နိုင်ငံရေးသဘောထား၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ နယ်စပ်အဖွဲ့အစည်းများနှင့် တပ်ပေါင်းစုမိတ်ဆက်၊ အခြေခံဥပဒေမိတ်ဆက်၊ လူထုစည်းရုံးရေးနှင့် ကွန်ယက်တည်ဆောက်ခြင်း စသည့် ဘာသာရပ်များကို ပါတီဗဟိုဦးဆောင်ကော်မတီဝင်များနှင့် ကျွမ်းကျင်သူများက သင်ကြားခဲ့ကြသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မိမိ၏ ပါတီဝင်အင်အားများ တိုးချဲ့ရေးနှင့် အရည်အချင်းမြှင့်တင်ရေးအတွက် ဦးတည်ဆောင်ရွက်ရန် ချမှတ်ထားသည့် ဆုံးဖြတ်ချက်များအရ
ယခုသင်တန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ ဆက်လက်၍လည်း အဆိုပါသင်တန်းမျိုးများအပြင် အဆင့်မြင့်သင်တန်းများကိုလည်း ဖွင့်လှစ်ရန် လုပ်ဆောင်နေသည်။
Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
0 comments:
Post a Comment