အလုပ်သမားသပိတ်

>> Tuesday, February 23, 2010

ရန်ကုန်အလုပ်သမားတွေရဲ့ သပိတ်တိုက်ပွဲနဲ့ ပက်သက်ပြီး အလုပ်သမား အခွင့်အရေး လှုပ်ရှားနေသူ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်း ညီညွတ်ရေးအဖွဲ့ ဘီအယ်လ်အက်စ်အို အဖွဲ့တာဝန်ခံကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ရန်ကုန်မြို့က ရွှေပြည်သာ လှိုင်သာယာနဲ့ အင်းစိန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ လုပ်အားခ တိုးမြှင့်ပေးရေး အပါအဝင် အလုပ်သမားအခွင့်အရေး တောင်းဆိုတဲ့ သပိတ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားတွေရဲ့ ဆန္ဒပြခဲ့မှုနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ဘီအယ်လ်အက်စ်အို ခေါ် အလုပ်သမား သွေးစည်းညီညွှတ်ရေးအဖွဲ့က အားပေးထောက်ခံတဲ့ အကြောင်းနဲ့ ဒီသပိတ်တိုက်ပွဲဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အလုပ်သမားထု တစ်ရပ်လုံးရဲ့ ရှေ့ပြေးတိုက်ပွဲ ဖြစ်တယ်ဆိုပြီး ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ခုလို ကြေညာတာနဲ့ ပက်သက်ပြီး ဘီအယ်လ်အက်စ်အို အဖွဲ့တာဝန်ခံ ကိုသံဒုတ်ကို ခုလိုဆက်သွယ် မေးမြန်း ကြည့်ထားပါတယ်။

အလုပ်သမားသပိတ်တွေဟာ ဘာကြောင့် ခုအချိန်မှာမှ ဖြစ်ပွားနေတယ်လို့ ထင်ပါသလဲ။

အဓိကက ကျနော်တို့ မြန်မာပြည်မှာ လုပ်အားခတွေ အင်မတန်မှ နည်းတယ်။ နောက်တစ်ခုက အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ရတာ တစ်နေ့ကို အလုပ်ချိန် ၈ နာရီ မဟုတ်ဘူး။ မြန်မာပြည်မှာက အနည်းဆုံး ၁၀ နာရီ ၁၁ နာရီလောက် အလုပ်လုပ်ကြရတယ်။ ရတဲ့ လုပ်အားခက နည်းတယ်။ ကုန်းဈေးနှုန်းကလည်း ကြီးတော့ ဒီအလုပ်သမား လူတန်းစားက ဒီနေ့ခေတ်ကာလမှာ တော်တော် ဆိုးဆိုးဝါးဝါးကို... လုပ်အားခ ရတယ်သာ ပြောရတာ ကျွန်အဆင့်ထက် နည်းနည်းသာတယ်ပဲ ပြောရမှာ။

"နောက်ဆုံးကျတော့ အလုပ်သမားတွေက သည်းမခံနိုင်တဲ့အခါမှာ အဖမ်းအဆီး ရှိနိုင်တယ်။ အလုပ်ပြုတ်မှာလည်း ရှိနိုင်တယ်။ ဒါတွေကို လွန်ဆန်ပြီးတော့ ဆန့်ကျင် ဆန္ဒပြတယ်လို့ ပြောရမှာပေါ့။ ဒါဟာ ပထမဆုံး ၈၈၈၈ အရေးအခင်း ပြီးတဲ့နောက်ပိုင်း အလုပ်သမားတွေ ထုနဲ့ထည်နဲ့ ဆန္ဒပြတာ ပထမအကြိမ်ပဲ ဖြစ်တယ်"

ခုလို စက်မှုဇုန်တွေမှာ ဖြစ်ပွားနေတဲ့ အလုပ်သမားသပိတ်ဟာ ဘယ်ကနေ အစပြုခဲ့တယ်လို့ ထင်ပါသလဲ။

"နအဖ စစ်အစိုးရအနေနဲ့ ပထမဆုံး နိုင်ငံခြား ကုမ္ပဏီတွေကို ဈေးကွက် ဖွင့်ပြီးတော့ အထည်အချုပ်လုပ်ငန်းတွေကို အထူးသဖြင့် ၁၉၈၉ ခုနှစ်လောက်က စက်မှုဇုန်တွေ စတင် တည်ထောင်တဲ့ အချိန်က စပြီးတော့ အထည်အချုပ်လုပ်ငန်းတွေကို စပြီး ဖွင့်ပေးခဲ့တယ်။ သို့သော်လည်းပဲ တဘက်ကနေ တပြိုင်တည်း လုပ်ရမယ့် ကုမ္ပဏီတွေက လိုက်နာကျင့်ကြံရမယ့်၊ အလုပ်သမား အခွင့်အရေးတွေကို စောက်ရှောက်ပေးရမယ့် ကုမ္ပဏီရဲ့ ကျင့်ဝတ်စည်းကမ်းကို ချမပေးတဲ့အတွက် လုပ်ငန်းရှင်တွေက အလုပ်သမားတွေကို ခေါင်းပုံဖြတ်လာတာကို တွေ့ရတယ်။"

တဘက်ကလည်း ကျနော်တို့ လုပ်ငန်းရှင်တွေကို တီးခေါက်ကြည့်တဲ့အခါမှာ လုပ်ငန်းတွေ မကောင်းလို့ အလုပ်သမားတွေကို လခတိုးပေးဖို့ အခက်အခဲ ရှိနေတယ်။ တိုးပေးလိုက်ရင် ဒေဝါလီ ခံရလိမ့်မယ်လို့ ပြောသံတွေ ကြားရပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လို တုံ့ပြန်ချင်ပါတသလဲ။

"တကမ္ဘာလုံးမှာ စီးပွားပျက်ကပ်ဆိုက်ပြီး အလုပ်လက်မဲ့ ပြဿနာတွေ တပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ နားလည်ပါတယ်။ သို့သော်လည်းပဲ ဒီအလုပ်လက်မဲ့ ပြဿနာတွေ၊ တကမ္ဘာလုံးနဲ့အတူ မြန်မာပြည်က အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို နအဖ စစ်အစိုးရက မှန်မှန်ကန်ကန် ဖြေရှင်းပေးဖို့ လိုပါတယ်။ အဓိကကတော့ လုပ်အားခတွေနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ လူမှုဖူလုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စတွေ၊ ဒါက တကမ္ဘာလုံးက ဖြစ်နေတဲ့ အခြေအနေတစ်ခုမှာ မြန်မာပြည်က အလုပ်သမား လူတန်းစားကတော့ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး အခြေအနေကို ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။"

ဒီအလုပ်သမားသပိတ်ဟာ ရှေ့ဆက် ဘယ်လောက်အထိ ပျံ့နှံသွားမယ်လို့ ခန့်မှန်းထားပါသလဲ။ တပြည်လုံး အတိုင်းအတာနဲ့ ကူးစက်သွားမယ်လို့ ထင်ပါသလား။

"အလုပ်သမားတွေ အနေနဲ့ကတော့ ဆက်ပြီး လုပ်အားခ တိုးမြှင့်ရေးတွက် သွားနေမှာပဲ။ သေချာတာ တစ်ခုကတော့ ကျနော်တို့ နားလည်တာက အလုပ်သမားတွေ အနေနဲ့ အထွေထွေ သပိတ်ဖြစ်ဖို့ကတော့ တနိုင်ငံလုံးဆိုင်ရာ အလုပ်သမားထုနဲ့ ဆိုင်တာပေါ့။

သို့သော်လည်းပဲ အလုပ်သမားတွေ အနေနဲ့ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ အလုပ်သမား စိတ်ဓာတ်ပဲဖြစ်ဖြစ်၊ လက်ရှိဘဝမှာ အဖိအနှိပ်ခံနေရတဲ့ နိုင်ငံရေး နိုးကြားစိတ်၊ အလုပ်သမားစိတ်ဓာတ် နိုးကြားစိတ်တွေကတော့ သူတို့စိတ်ထဲမှာ ခိုင်ခိုင်မာမာ ကိန်းအောင်းသွားတယ်။ တစ်စုံတရာ အရလည်း အလုပ်သမားထု အကြားမှာလည်း ညီညွှတ်သွားတယ်။

ဒီကိစ္စကို နအဖက ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းဖို့တော့ လိုလိမ့်မယ်။ တကယ်လို့ ငြိမ်းချမ်းစွာနဲ့ ကိုင်တွယ် မဖြေရှင်းဘဲနဲ့ ထုံးစံအတိုင်း နအဖ လုပ်ထုံးလုပ်စဉ်အတိုင်း လုံးထိန်း၊ စစ်တပ်နဲ့ ရဲကို အသုံးချ အကြမ်းဖက်တဲ့ ပုံသဏ္ဍန်နဲ့ ဖြေရှင်းမယ်ဆိုရင်တော့ ဒီအလုပ်သမားသပိတ်ဟာ ပိုပြီးတော့ ကြီးထွားသွားလိမ့်မယ်။ အထွေထွေအလုပ်သမားသပိတ်ကို ဦးတည်သွားလိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်။"

Ref: DVB

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP