လစာတိုးသည့်သတင်း ဆင်ဆာထိ

>> Tuesday, January 26, 2010

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလမှ စတင်ပြီး အစိုးရ ၀န်ထမ်းများ လစာတိုးသည့် သတင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များတွင် ဖော်ပြခွင့် မရကြောင်း ဂျာနယ် အသိုင်းအ၀ိုင်းက ပြောသည်။

ယင်း လစာတိုးသည့် သတင်းကို ပြည်တွင်း သတင်း မီဒီယာများ ဖြစ်သော 7Days၊ မော်ဒန်၊ Weekly Eleven၊ The Voice စသည့် အပတ်စဉ်ထုတ် သတင်းစာစောင် များတွင် ရေးသားကြ သော်လည်း စာပေ စိစစ်ရေးက ထည့်သွင်း ဖော်ပြခွင့် မပြုခဲ့ကြောင်း သိရသည်။

“အောက်ခြေ ၀န်ထမ်းက စပြီး တယောက်ကို နှစ်သောင်းဆီ တိုးတာနဲ့ ပတ်သက်ပြီး သတင်းရေးတာ ပြုတ်တယ်၊ နှစ်ခါတောင် စာပေ စိစစ်ရေး တင်တာ နှစ်ခါလုံး ပြုတ်တယ်၊ လစာတိုးတဲ့ တရားဝင် စာတွေ အစိုးရရုံး တွေမှာ ထွက်နေတာတောင် ဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးဘူး”ဟု ပြည်တွင်း ဂျာနယ် သတင်းထောက် တဦးက ပြောသည်။


စစ်အစိုးရ၏ ကန့်သတ်ချုပ်ချယ်မှု အောက်တွင် ထုတ်ဝေနေရသော ပြည်တွင်း
သတင်းဂျာနယ်များ (ဓာတ်ပုံ - အောင်အောင်/ဧရာဝတီ)

လစာတိုးမှု နောက်ဆက်တွဲဖြစ်သော ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ရွှေဈေးနှုန်း ပြောင်းလဲခြင်း၊ အိမ်ဈေးနှုန်းများ ပြောင်းလဲခြင်းစသော သတင်းများကိုလည်း ဖော်ပြခွင့်မပြုကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ၀န်ထမ်းများကို အာဏာပိုင်များက လစာတိုးမြှင့်သည်ဟု မပြောဆိုရန် မှာကြားထားကြောင်းလည်း နေပြည်တော် အစိုးရရုံးများမှ စုံစမ်းသိရှိရသည်။

ယခုနှစ်ဆန်းပိုင်းအတွင်း အစိုးရရုံးအောက်ခြေ၀န်ထမ်းမှအစ အထက်အရာရှိအထိ လစာနှုန်းထားများတိုးမြှင့် သော ကြေညာချက်များ အစိုးရရုံးများသို့ရောက်ရှိလာခဲ့ပြီး ၀န်ထမ်းများကို ရှားပါးစရိတ်ထောက်ပံ့ခြင်းသာဖြစ် သည် ဟု ပြောကြားခိုင်းကြောင်း နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးဝန်ကြီးဌာရမှ ၀န်ထမ်းတဦးကလည်း“ရုံးတွေကို စာပို့ထားတယ်၊ လစာတိုးတာ မဟုတ်ဘူး၊ ရှားပါးစရိတ်ထောက်ပံ့တာတဲ့၊ လစာတိုးတယ်လို့မပြောရဘူးတဲ့၊ ပြောရင်အဖမ်းခံရမယ်လို့ ရုံးက အရာရှိက ပြောတယ်”ဟု ဧရာဝတီသို့ ပြောပြသည်။

ထိုသို့ အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်ရရှိမှုကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာမည်ကို စိုးရိမ်၍ လစာတိုးမြှင့် သည့် သတင်းကို အစိုးရက ထိမ်ချန်ထားလိုခြင်းဖြစ်နိုင်ကြောင်း ၀န်ထမ်း များကသုံးသပ်နေကြသည်။

ရန်ကုန် ကျောက်တံတား မြို့နယ်ရှိ အိမ်ရှင်မတဦးက“လစာတိုးတယ်လို့ကြားတာနဲ့ ရွှေဈေးက ခြောက်သိန်းကျော် သွားတယ်၊ မကြာပါဘူး တစ်ပတ်လောက်လဲကျရော ကုန်ဈေးနှုန်းတွေတက်စပြုလာတာပဲ၊ ဆန်တွေဆီတွေလည်း လက်လီတွေမှာတက်လာတယ်”ဟု ပြောသည်။

ဝန်ထမ်းများကို ဇန်န၀ါရီလမှစတင်၍ ကျပ်၂၀၀၀၀စီတိုးပေးမည်ဖြစ်ကြောင်း၊ လက်ရှိအနိမ့်ဆုံးလစာ ကျပ်၁၅၀၀၀ ရသော အောက်ခြေဝန်ထမ်းမှစပြီး ကျပ် ၁၉၀၀၀၀ ရသည့် အမြင့်ဆုံးအဆင့်ထိတိုးပေးထားကြောင်း၊ ထို့အပြင် နေ့စားဝန်ထမ်းများကိုလည်း ၈ နာရီလုပ်ခ ကျပ် ၅ဝဝ မှ ၁၁ဝဝ အထိတိုးပေးကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနက အစိုးရဌာအသီးသီးသို့ ဇန်န၀ါရီလ ပထမပတ်အတွင်း အမိန့်စာများပေးပို့ ခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP