နတ်ရေကန်ထဲချလိုက်သလို ဖြစ်လာမှာတော့ မဟုတ် … (ကျော်ဆွေ)

>> Friday, December 25, 2009

(၁)

အခုတလော ဗမာပြည်မှာ နိုင်ငံရေးအဖြစ်အပျက်တွေ ခပ်သွက်သွက်ကလေး ပေါ်ထွက် လာနေတယ်လို့ ပြောရမယ်ထင်ပါတယ်။ စတင်လိုက်တာကတော့ အမေရိကန်ရဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ ပေါ်လစီအပြောင်းအလဲတွေက စတင်လိုက်တယ်လို့ တွက်မယ်ဆိုရင် တွက်နိုင်ပါတယ်။

အမေရိကန်က ဗမာပြည်ကို ဒဏ်ခတ်အရေးယူရင်း တဖက်ကလည်း တွေ့ဆုံဆွေးနွေး ဆက်ဆံသွားမယ်လို့ ဆိုလိုက်ပါတယ်။ အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲကို ဒေါ်အောင်ဆန်း စုကြည်က ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာလည်း အမေရိကန်အစိုးရဟာ စစ်အစိုးရကို ဆက်ဆံသလို အတိုက်အခံအင်အားစုတွေနဲ့လည်း ဆက်ဆံသွားရေးကို တောင်းဆိုလိုက် ပါတယ်။

အမေရိကန်အပါအဝင် အနောက်အုပ်စုတွေနဲ့ ဆက်သွယ်ချင်လို့ အမျိုးမျိုး ကြိုးပမ်းအားထုတ် နေတဲ့ နအဖ စစ်အစိုးရ အကြိုက်တွေ့သွားပါတယ်။ တဆက်တည်း အမေရိကန်ဆီနိတ်တာ ဂျင်ဝက် ဗမာပြည်ကို ရောက်လာပါတယ်။ ဗိုလ်သန်းရွှေကိုယ်တိုင် လက်ခံတွေ့ဆုံလိုက်တယ်။ ထောင် ၇ နှစ်ချထားတဲ့ ယက်ထောကို ပြန်လွှတ်ပေးလိုက်တယ်။ ကုလသမဂ္ဂညီလာခံကို သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ကုလသမဂ္ဂရုံးစိုက်ထားတဲ့ နယူးယော့မှ မြန်မာသံရုံးရှိရာ ဝါရှင်တန်ကို သွားခွင့်ပေးခဲ့တယ်။ ဝန်ကြီးချုပ် ဗိုလ်သိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ခွင့်ရလိုက်တယ်။

အနောက်တိုင်းနိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေးယူထားမှုတွေကို ပြန်လည် ရုတ်သိမ်း ပေးရေး စစ်အစိုးရရဲ့ တောင်းဆိုမှုတွေကို ပူးပေါင်းဆောင်ရွက်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာ ၂၅ နေ့စွဲနဲ့ ဗိုလ်သန်းရွှေထံ စာရေးတင်ပြလိုက်တယ်။ ဗိုလ်သန်းရွှေ အကြိုက်တွေ့သွားပုံရတယ်။ ဆက်ဆံရေးတာဝန်ခံ အလုပ်သမားရေးရာဌာန ဝန်ကြီး ဦး အောင်ကြည်ကို ချက်ချင်းဆိုသလို စေလွှတ်ဆက်သွယ်လိုက်တယ်။ တပတ်အတွင်း ဦးအောင်ကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့တယ်။

ပိတ်ဆို့အရေးယူမှုများနဲ့ ပတ်သက်တဲ့ အခြေအနေ၊ အချက်အလက်များကို ပြည့်ပြည့်စုံစုံ နားလည်ရေးအတွက် အနောက်တိုင်းသံတမန်အချို့နဲ့ တွေ့ဆုံရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကိုလည်း နအဖက လိုက်လျောခဲ့တယ်။ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ သံအမတ်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် ပေးလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ တွေ့ဆုံမှု ၂ ခုလုံးကို အကောင်းမြင် ရှိနေပါတယ်။ ကောင်း မွန်စွာ အသုံးချသွားနိုင်ရင် အကျိုးရှိနိုင်လိမ့်မယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒီချုပ် စီအီးစီများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံညှိနှိုင်းရေး တောင်းဆိုချက်များ ကိုတော့ မပေးသေးပါဘူး။

ဆွီဒင်သံအမတ်ခေါင်းဆောင်တဲ့ ထိုင်းနိုင်ငံအခြေစိုက် အီးယူနိုင်ငံများမှ သံအရာရှိ ၂ဝ ပါဝင်တဲ့ မစ်ရှင်အဖွဲ့တခုဟာ ဗမာပြည်အပေါ် အရေးယူပိတ်ဆို့ထားမှုတွေ ပြန်ရုတ်သိမ်းရေးကိစ္စ၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ပိုသိရှိနိုင်ဖို့ ဒီချုပ် ခေါင်းဆောင်များနဲ့ လာရောက် တွေ့ဆုံမှုကို နအဖက ခွင့်ပြုခဲ့ တယ်။ (အောက်တိုဘာ ၁၄)

ဒီကာလတွေအတွင်း နအဖက သူတို့ဘာသာ ရေးဆွဲ၊ သူတို့ဘာသာ အတည်ပြုချမှတ်ထားတဲ့ လမ်းပြမြေ ပုံအတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပသွားမယ်ဆိုတဲ့အကြောင်း ဗိုလ်သန်းရွှေက စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာ ခံမှာ အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးအဖြစ်အပျက်တွေကတော့ ဆက်လက်အားကောင်းနေဆဲ။

အမေရိကန်က ဗမာပြည်အပေါ် ထားရှိတဲ့သဘောထားနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ စေလွှတ်ခဲ့တဲ့ အမေရိကန်သံအရာရှိ၊ အာရှနဲ့ ပစိဖိတ်ရေးရာ အဆင့်မြင့်သံအရာရှိဖြစ်တဲ့ Kurt Campbell နဲ့ အဖွဲ့ဟာ နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့က ဗမာပြည်ကို ရောက်ရှိခဲ့တယ်။ ရောက်ရှိ နေတဲ့ကာလအတွင်း ဝန်ကြီးချုပ် ဗိုလ်သိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ခွင့်ရခဲ့တယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်းယားလိတ် ဟော်တယ်မှာ ၂ နာရီ ကျော်ကြာ တွေ့ဆုံ ခွင့်ပြုခဲ့ တယ်။ ဒီချုပ်ဌာနချုပ်ရုံးမှာ ဒီချုပ်ခေါင်းဆောင်များနဲ့ တွေ့ခွင့်ပြုပေးသလို တိုင်းရင်းသား ခေါင်း ဆောင်တချို့နဲ့လည်း သီးခြားစီ တွေ့ခွင့်ပြု ပေးခဲ့တယ်။


(၂)

အဲဒီလို တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ ဒီချုပ် ပြောရေးဆိုခွင့်ရှိသူတဦးက “သူတို့က အချက် အလက် လာ ရောက် စုဆောင်းတာဖြစ်တယ်။ ပထမဆုံး မစ်ရှင်ဖြစ်လို့ သိပ်ပြောတာ မရှိပါဘူး။ အဓိကအားဖြင့် ဗမာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်ဖြစ်ထွန်းရေးအတွက် အချင်းချင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးဖြေရှင်းသွားနိုင် ရေး ဖြစ်ထွန်းလာဖို့ လာတာ ဖြစ်ကြောင်း” ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ဒီချုပ်ဘက်ကတော့ “ရွှေဂုံတိုင် ရပ်တည်ချက်ကို ကိုင်ထားပြီး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အဆုံးအဖြတ် ပေးနိုင်တဲ့ အဓိကခေါင်းဆောင်းများ တွေ့ဆုံရေး၊ တွေ့ဆုံ ရာမှာ လည်း ၂ဝဝ၈ ဖွဲ့စည်းပုံပြဿနာ ပြင်ဆင်ရေးနဲ့ ဆွေးနွေးပွဲ ရရှိချက်များအတိုင်း ရှေဆက်သွား ရေး”တို့ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ အခုတလော တိုးတက်ဖြစ်ထွန်းလာနေတယ်ဆိုတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေရဲ့ အချုပ် ပါပဲ။

ဒီကာလတွေအတွင်း အဆုံးအဖြတ်ပေးရမယ့် ဗိုလ်သန်းရွှေက အမေရိကန် မစ်ရှင်အဖွဲ့ကို လက်ခံမတွေ့ချင် လို့ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဘက်ကို လုပ်ငန်းအကြောင်းပြနဲ့ ဟန်ဆောင် ခရီးထွက် ရှောင်နေခဲ့တယ်။


(၃)

အာရှခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ကလည်း ရောက် လေရာနေရာ တိုင်းမှာ ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ်အောက်ကျရောက်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေ ပြောင်းလဲ သွားဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ ကျယ်ပြန့်တဲ့ တုံ့ပြန် အရေးယူ မှုတွေ လိုအပ်ကြောင်းနဲ့ အိန္ဒိယနဲ့ တရုတ်တို့ကလည်း တိုက်တိုက်တွန်းတွန်း ပြုမူ ဆောင်ရွက် သွားဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အခုတလော နအဖရဲ့၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတပြီး၊ ဒီမိုကရေစီအင်အားစု အားလုံးပါ ဝင်နိုင်ရေး တောင်းဆိုသံတွေဟာ နိုင်ငံတကာ သံတမန်အဝန်းအဝိုင်းမှာ ပိုကျယ် လာ တာလည်း တွေ့နေရတယ်။

ဒါပေမဲ့ ဟီလရီကလင်တန်က “ဗမာပြည် နိုင်ငံရေးအခြေအနေ၊ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို အမေရိကန်ပြည် ထောင်စုက တိုက်တွန်းနေပေမယ့်လည်း ဒီကိစ္စကို ဗမာပြည်အတွင်းကသာ ဆောင်ရွက် ဖြေရှင်း ရမယ့် ကိစ္စဖြစ်တယ်”လို့ သတင်းထောက်များကို ပြောကြားခဲ့ ပါတယ်။

အလွန်မှန်တဲ့ စကားပါ။ ဗမာပြည် အရေးကိစ္စက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောကြားခဲ့သလိုပါပဲ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် ကျွန်တော်တို့ပြည်သူတွေ ကိုယ့်ဘာသာ တိုက်ပွဲဝင်သွားဖို့သာ ဖြစ်ပါတယ်။

၂ဝ၁ဝ ကလည်း နီးသထက် နီးလာနေပါပြီ။ ဗိုလ်သန်းရွှေဟာ ခုထက်ထိ ရွေးကောက်ပွဲ အတွက် နိုင်ငံတကာက တရားမျှတ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ရေး၊ ဒေါ်အောင်ဆန်းကြည် ပါဝင်ခွင့်ရရေးတွေကို တိုက် တွန်းပြော ဆိုနေပေမယ့် အဆုံးအဖြတ်ပေးနိုင်မယ့် အာဏာပိုင်ခြင်း တွေ့ဆုံပြောဆိုရေးကို တုတ်တုတ်မျှ မလှုပ်ပါဘူး။ လူမျိုးစု အပစ်ရပ်အဖွဲ့များကိုလည်း နယ်ခြား စောင့်တပ်လုပ်ရေး၊ ရွေးကောက်ပွဲဝင်ရေးကိုသာ ဖွင့်ပေးထားပြီး လူမျိုးစုများရဲ့ တောင်းဆို ချက် များကို ပစ်ပယ်ကာ စစ်အင်အားသုံး ဖြေရှင်းရေးကို ဦးတည်နေပါတယ်။ အခုတလော ဗိုလ်သန်းရွှေ ဟာ သီရိလင်္ကာကို တရားဝင် အလည်အပတ် ခရီးထွက်ရင်း တမီးလ်လူမျိုးစု သူပုန် များကို အပြတ်ဖြေရှင်း နိုင်ခဲ့မှုအား ချီးကျူးထောမနာပြုနေပြန်ပါတယ်။ ဒါဟာ ဗိုလ်သန်းရွှေရဲ့ လူမျိုးစုအပစ်ရပ်အဖွဲများအပေါ် ထားရှိတဲ့ သဘောထား ကို ဖော်ပြနေတာ ဖြစ်ပါ တယ်။


(၄)

အထက်ပါဖြစ်ရပ်တွေအရကြည့်ရင် ဗိုလ်သန်းရွှေဟာ အဆုံးအဖြတ်ပေးရမယ့် အခန်းမှာ ရှိသူ ဖြစ်ပေမယ့် ဗမာပြည်ရဲ့ ပြဿနာတွေမှာ အချက်အချာကျတဲ့ အမျိုးသားရင်ကြားစေ့ရေး ပြဿနာ ကို အခိုင်အမာပါဝင် ဆောင်ရွက်လာခြင်းမရှိသေးပါဘူး။ အမေရိကန်နဲ့ ပြန်လည် ပြေလည်ရေး အတွက် အမေရိကန် ဆီနိတ်တာ ဂျင် ဝက်ဘ်ကို လက်ခံတွေ့ဆုံရုံလောက်သာ ရှိပါသေးတယ်။ ကျန်တဲ့ လိုက်လျောမှုတွေဟာ Kurt Campbell ရဲ့ တောင်းဆိုမှုကြောင့် လိုက်လျောခြင်းမျှသာ ဖြစ်တယ်လို့ အတိအလင်း ဖော်ပြလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီချုပ်စီအီးစီအားလုံးနဲ့ တွေ့ဆုံရေး တောင်းဆိုချက်ကိုလည်း ဦးတင်ဦးကိစ္စကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ထားပါတယ်။

နိုင်ငံတကာက တောင်းဆိုနေတဲ့ လွတ်လပ်တဲ့တရားမျှတတဲ့၊ အင်အားစုအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေးရေးကို မဖြတ်သန်းဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဗိုလ်သန်းရွှေဟာ ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ရေးကို စီးပွားရေးပိတ်ဆို့မှုအား ဖြေရှင်းရေးအတွက်လောက်သာ တွေ့ဆုံရေးကိုယ်စားလှယ် စေလွှတ်ဆက်ဆံနေခြင်းသာဖြစ်ပါတယ်။

ချုပ်လိုက်ရင် ဖောက်ပြန်တဲ့ အုပ်စိုးသူလူတန်းစားများဟာ တိုင်းပြည်အုပ်ချုပ်ရာမှာ လိမ်ညာ ဝါဒဖြန့် မှိုင်းတိုက်ခြင်းနဲ့ အကြမ်းဖက်နည်းနာများကို သုံးလေ့ရှိပါတယ်။ အခုလည်း နအဖ စစ်အ စိုးရဟာ ပြည်သူလူထုနဲ့ ကမ္ဘာ့ ပြည်သူများကို လိမ်ညာမှိုင်းတိုက် ဝါဒဖြန့်ရေးအတွက် လောက် သာ လုပ်ဆောင်နေတယ်ဆိုတာ လက်တွေ့ဖြစ်ရပ်တွေ က အဖြေပေးနေပါတယ်။

ဒါကြောင့် ဒီနေ့ဖြစ်ရပ်တွေကနေ အမေရိကန်နဲ့ ဆက်ဆံရေး လမ်းပွင့်လာရုံနဲ့လည်း ဗမာ ပြည်မှာ နတ်ရေ ကန်ထဲချလိုက်သလို ဒီမိုကရေစီ ဖြစ်ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ထားလို့ မဖြစ်နိုင်ကြောင်း တွေ့မြင်နိုင်ပါတယ်။ ဒီမိုကရေစီကို အတားအဆီးဖြစ်နေတဲ့ စစ်အာဏာရှင် စနစ်၊ စစ်အုပ်စု၊ စစ်အစိုးရဆိုတဲ့ စစ် ၃ စစ်ကို တိုက်ဖျက်ရေး ကို ဆက်လက် တိုက်ပွဲဝင်မြဲ ဝင် သွားရမှာပါ။ ဗမာပြည်ကို သားစဉ်မြေးဆက် စစ်အာဏာရှင်စနစ်အောက် ထားရှိဖို့ လုပ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်ပြုမယ့် ရွေးကောက်ပွဲကို ဒီမိုကရေစီရေး တိုက်ပွဲ ဝင်နေတဲ့ အင်အားစုများအနေနဲ့ နည်းသဏ္ဍာန်မျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားရေးကို အားထုတ်လုံးပန်း သွားကြ ပါလိမ့်ဦးမယ်။ ။

ကျော်ဆွေ
၂ဝဝ၉၊ နိုဝင်ဘာ ၁၅။
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှကူးယူဖော်ပြပါသည်။)

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP