တိုးတက်နေတဲ့ခေတ်ပျက်

>> Monday, October 15, 2012

"တိုးတက်နေတဲ့ခေတ်ပျက်"

အဖြစ်အပျက်တွေက
ဓားသွားပေါ်က ပျားရည်စက်သဏ္ဍာန်
ချိုမလိုလိုဟန်ပန်နဲ့
ခါးသက်သက်နိုင်လွန်းတယ်။

ဘယ်သူ့အကျိုးအတွက်ဆိုလား
ဆီမန်းမန်းသလိုနဲ့
ပါးစပ်ဖျားက မချစတမ်း
ခြေကန်ပြီးပြောနေကြတုန်း
မြေရှင်စနစ်က တဖြည်းဖြည်းဆန်းသစ်လာတယ်
ခရိုနီတစုက ညစ်သထက်ညစ်လာတယ်
ကျောမွဲတွေအဖြစ်က နစ်သထက်နစ်လာတယ်။

လူမွဲတွေရဲ့ ထွက်ရပ်လမ်း တဲ့...
မှန်းချက်က လွဲတာလား
နှမ်းထွက်က နည်းတာလား
ခရုအဆံကျွတ်နေတဲ့
အလုပ်သမား လယ်သမားထု
ဟိုစုစု ဒီစုစုနဲ့
လမ်းပေါ်ထွက် ရပ်နေကြပေါ့...။

အပြောင်းအလဲခေတ်ကြီးထဲမှာမှ
နေ့တဓူဝ အသားကျနေတဲ့
ကာလပေါ်တေးသွားတပုဒ်လို
အဘ... အဘ... ခေါ်သံတွေက
မရိုးနိုင်တဲ့ ပုံပြင်တပုဒ်ကို
ဆုပ်ကိုင်ထားနေသလိုလို....
ငုတ်တုတ်ထိုင် ဘုရားထူးစံ
မွေခံထိုက်ကြစေပေါ့....။

ငြိမ်းချမ်းရေးတဲ့လား....
သေနတ်ပြောင်းဝက ယမ်းငွေ့တွေကြား
ဒုက္ခသည်တွေအဖြစ် အသွင်ပြောင်းသွားကြတယ်
အလောင်းတွေကြားက ချိုးငှက်လေးလည်း
မာန်တင်းပျံရင်း အတောင်ညောင်းရှာပေါ့....။

အဖြစ်အပျက်တွေကို
တိုးတက်တယ်လို့ ကြိုရမလား...
ခေတ်ပျက်တယ်လို့ ငိုရမလား...။ ။

မောင်ပါလ
၁၅.၁၀.၂၀၁၂

1 comments:

မဒမ်ကိုး November 2, 2012 at 7:22 PM  

ငိုရမယ်ပဲ ထင်ပါတယ်..

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP