“ဇ” မသေးတော့ ဘေးထွက်ထိုင်ရတာ ပျင်းတယ်

>> Friday, June 8, 2012

စာရေးရန် တိုက်တွန်းကြကုန်သော မိတ်ဆွေများသို့………….

မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်း စာမရေးဖြစ်။ အမေ့အိမ်ရောက်တော့ အသိုင်းအ၀ိုင်းတချို့နှင့် ခေတ္တကင်းကွာသွားပြီး သီးခြားကမ္ဘာလေးတခုထဲ ရောက်နေသလိုထင်ရသည်။ ကြည်နူးစရာကောင်းသည်။ အေးချမ်းသည်။ ထို့ပြင် ပြင်ပလောကတွင် ပေပေတေတေနေခဲ့သမျှ အမေ့အိမ်ပြန်ရောက်တော့ ၁၀-နှစ်အရွယ် ကလေးတယောက်ကို စောင့်ရှောက်သလို စောင့်ရှောက်ခံနေရသည်။ ရေချိုးတာကြာလျှင် အပြင်မှတံခါးထု၍ တော်ခိုင်းသည်။ စာဖတ်နေလျှင် ခြင်ဆေးလာထွန်းပေးသည်။ ကော်ဖီဖျော်ပေးသည်။ မိုးလင်းအိပ်ရာထသည်နှင့် ဘာစားချင်လဲ မေးသည်။ ယုတ်စွအဆုံး ညဖက်ခဏခဏထလျှင်ပင် ၀မ်းပျက်နေလားဟု အမေးခံရသည်။ ဒီမေတ္တာတွေကြားမှာ ကျနော်ခဏမိန်းမောပျော်မွေ့နေခဲ့သည်။

စာရေးဆရာကြီး မြသန်းတင့်၏ “ကျနော်ဆက်၍ရေးချင်သော ၀တ္ထုများ” စာအုပ်ထဲမှ ကာယဗလ ဦးနေ၀င်း (ခ) စာရေးဆရာကြီး ရဲထွန်းလင်း၏ စကားကို သတိရမိသည်။ “စာရေးလို့ မရတော့ဘူးဗျ။ စာရေးဆရာဆိုတဲ့ သတ္တ၀ါများဟာ စည်းစိမ်လေးနည်းနည်း ရှိလာပြီဆိုရင် ပျက်တော့တာပဲ။ ခေါင်းက ဘာမှမထွက်တော့ဘူး။ စာရေးဆရာဆိုတဲ့ သတ္တ၀ါဟာ နည်းနည်းလေးငတ်မှ စာကောင်းပေကောင်း ထွက်တာ။ ငတ်ပြတ်ခြင်းဆိုတဲ့ အင်ဂျင်စက်ကြီးက ပိုအလုပ်လုပ်တော့ စာကောင်းပေကောင်းတွေ ပိုထွက်တာပေါ့ဗျာ” ဆိုပဲ။ ဆိုင်မဆိုင်တော့ မသိ။ ပြီးတော့ ရှိသေးသည်။ “စာရေးလို့ မရတော့ဘူးဗျ၊ ပျက်ပြီ။ ဟိုဟာတွေ မရှိတော့ဘူး” တဲ့။ ကျနော်လည်း ဟိုဟာတွေ မရှိတော့ဘူးလို့ပဲ ပြောရမလားမသိ။

ဖြေတွေးလေးနဲ့ ပြန်တွေးမိပြန်တော့ ဒီလိုလည်းမဟုတ်နိုင်။ စာရေးဖို့ ကွန်ပြူတာဖွင့်လိုက်ရင် မီးကပြတ်ပြီ။ မီးမပြတ်လျှင် အင်တာနက်လိုင်းကမကောင်း။ မီးရော အင်တာနက်ရော အဆင်ပြေတဲ့အချိန်ဆိုရင် ဖုန်းကလာပြန်သည်။ (ကွန်ပြူတာကို ဖုန်းနဲ့ချိတ်ပြီး အင်တာနက်သုံးနေချိန်တွင် ဖုန်းလာလျှင် ကွန်နက်ရှင်းပြတ်သွားလေ့ရှိသည်) တခါလည်း စာရေးကောင်းနေတုန်း မီးကပြတ်သွားသည်။ UPS ခံပြီးဖွင့်ရတယ်ဆိုတာ မေ့နေသည်။ စာတွေကို ဆေ့ဗ်လည်း မလုပ်ထားလိုက်မိ။ ပိုဆိုးသည်က UPS ကြီး ကွန်ပြူတာစားပွဲပေါ်မှာရှိနေပြီး UPS မှန်းမသိတဲ့ ကျနော့်ဘ၀။ သြော်…. ဒုက္ခ.. ဒုက္ခ။ အသားကျအောင် ကြိုးစားရပါအုံးမည်။ ဒါကြောင့်လည်း မြန်မာပြည်မှာ ဗုဒ္ဓဘာသာထွန်းကားနေတာဖြစ်မည်။ ခန္တီစ (သည်းခံခြင်း) တရားကျင့်လို့ အကောင်းဆုံးနိုင်ငံပေကိုး။

ဒါနဲ့ ကွန်ပြူတာရော အင်တာနက်ရော ဖွဘွတ်ရော ဂျီတော့ရော အကုန်ပစ်ထားလိုက်သည် (ရည်းစားများမပါ)။ ကျောပိုးအိတ်တလုံးလွယ်၊ ပန်းဆိုးတမ်းသွား၊ လိုချင်သည့်စာအုပ်မှန်သမျှ အကုန်ဝယ်လာခဲ့ပြီး တနေကုန် တနေခမ်း စာချည်းပဲ ထိုင်ဖတ်နေတော့သည်။ စာမဖတ်လျှင် လျှောက်လည်သည်။ အဲဒီတော့မှ ဘယ်သူ့ကို ဘာလုပ်ရမှန်းမသိဘဲ ထွက်နေရသည့် ဒေါသအပေါင်းမှ ကင်းဝေးတော့သည်။ ရင်းနှီးသည့်ကြီးဒေါ်တယောက်က နင်ကအိမ်မှာအုလိုက်၊ ဖွန်ကြောင်လိုက် လုပ်နေတာမဟုတ်လားဟု ထောပနာပြုသည်။ ဘာပဲဖြစ်ဖြစ်လေ။ အဟောဝတ…….. ကောင်းလေစွပေါ့။

အိပ်လိုက်၊ စားလိုက်၊ ဖတ်လိုက်၊ ကြောင်လိုက်၊ အုလိုက်နှင့် ကြာတော့လည်း ပျင်းလာပြန်သည်။ ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိသည်။ မလေးရှားမှာတုန်းက စားစရာမရှိလို့ နေ့လည် နှစ်နာရီ သုံးနာရီထိအိပ်၊ နေ့လည်စာနဲ့ ညစာပေါင်းစား၊ ရသမျှအချိန်သတင်းဖတ်၊ စာရေး၊ ဘာပွဲဟေ့ဆိုရင် လတ်လျားလတ်လျားနဲ့ ရှေ့ဆုံးက တက်တက်ကြွကြွ၊ မမှန်ဘူးထင်ရင် ဆတ်ဆတ်ထိမခံပြန်ချဲ၊ အဲဒီမောင်ပါလ ပြူတစ်ပြူတစ်နှင့် ခေါင်းပြန်ထောင်လာသည်။ ဇကမသေးတော့ ဘေးထွက်ထိုင်ရတာ ပျင်းလာသည်။ လျှောက်ခဲ့တဲ့လမ်းက ပေးဆပ်ခဲ့ရတာများလွန်းတော့ လွယ်လွယ်နဲ့တော့မစွန့်ပစ်နိုင်။ ကြမ်းတမ်းပေမယ့် နေပျော်ခဲ့တဲ့ဘ၀ကို ပြန်တမ်းတလာသည်။

ဒီတော့………….
ဆက်ရန်ရှိပါသည်ပေါ့ဗျာ….။

မောင်ပါလ
၈.၆.၂၀၁၂

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP