News Diary (သတင်းဒိုင်ယာရီ) January 22-31
>> Wednesday, February 3, 2010
၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ့်ကိစ္စ အမေရိကန် မဝေဖန်နိုင်သေး
22 January 2010
မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ အနေနဲ့ သုံးသပ်ပြောနိုင်ဖို့ စောနေသေးတယ်လို့ အမေ ရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ အမေရိကန်ကြား တိုက်ရိုက်ဆွေး နွေးမှုတွေ လုပ်နေပေမဲ့ ဆွေးနွေးမှုတွေက ပထမအဆင့်မှာပဲ ရှိနေသေးပြီး မြန်မာဘက်ကလည်း အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို လှမ်းပြဖို့ လိုတယ်ဆိုတာကို ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပတဲ့ အမေရိကန် အထက်လွှတ်တော် ကြားနာပွဲတခုမှာ မစ္စတာကမ်းဘဲလ်က ပြောခဲ့တာ ဖြစ်ပါ တယ်။
တိုက်လေယာဉ်တစင်း ရန်ကုန်မြို့မှာ ပျက်ကျ၊ လေယာဉ်မှူး သေဆုံး
22 January 2010
မြန်မာစစ်အစိုးရ လေတပ်ပိုင် တိုက်လေယာဉ်တစင်း မင်္ဂလာဒုံမှာ ဒီကနေ့ ပျက်ကျ သွားခဲ့ပြီး လေယာဉ်မှူးလည်း သေဆုံးသွားပါတယ်။ တရုတ်နိုင်ငံ လုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယာဉ်ဟာ လေယာဉ်ပြေးလမ်းပေါ် အဆင်းမှာ အဆင်းဂီယာ အလုပ်မလုပ်တဲ့ အတွက် ပျက်ကျသွားတာ လို့ မျက်မြင်တဦးက ပြောပါတယ်။
အမေရိကန် နိုင်ငံသား ကိုညီညီအောင်အမှု အပြီးသတ် လျှောက်လဲချက် တင်သွင်း
22 January 2010
ရန်ကုန်မြို့ နိုင်ငံတကာ လေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ရဲ့ အမှုကို ရှေ့နေ တွေက ဒီကနေ့ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီး ရှေ့လာမယ့် သီတင်းပတ်အတွင်းမှာ တရားရုံးက အမိန့်ချမှတ်သွားမှာ ဖြစ်ပါတယ်။
ပဲခူးမြို့လယ်ကောင်မှာ ကလေးစစ်သားတွေ စုဆောင်း
23 January 2010
မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းမှု၊ အဓမ္မ လုပ်အားပေး စေခိုင်းမှုလိုမျိုး အခြေအနေ တွေကို လေ့လာ အကဲဖြတ်ဖို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ အသက်မပြည့်တဲ့ ကလေးငယ်တွေကို စစ်တပ်ထဲ စုဆောင်း တဲ့ အဖြစ် အ ပျက်တွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းက ပဲခူးမြို့ အထက ၃ ကျောင်းက ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား တဦးဖြစ် တဲ့ မောင်ဝေဦးချိုကို တပ်သားအ ဖြစ် စုဆောင်းခဲ့လို့ အခုအခါ မိသားစုက ရန်ကုန်အခြေစိုက် ILO ရုံးကို တိုင်ကြားဖို့ လုပ်နေပါ တယ်။
တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရိုက်တင်ပြ
23 January 2010
အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား အသုံးပြုမှုကိစ္စ စတာတွေနဲ့ ပတ်သက်လို့ အကဲ ခတ် စုံစမ်းဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကမ္ဘာ့ အ လုပ်သမား အဖွဲ့ချုပ် (ILO) အလုပ်အမှု ဆောင် အဖွဲ့နဲ့ အလုပ်သမားရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ ဒီကနေ့ပဲ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေး နွေးခဲ့ကြပါတယ်။ ILO ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့သလို အလုပ်သမားရေး လှုပ်ရှား နေကြ သူတွေကတော့ သူတို့ လိုက်ပါကူညီ ဆောင်ရွက်နေတဲ့ ကိစ္စတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဖြေရှင်းဖို့ လိုနေသေးတဲ့ ပြဿနာတွေကို တင်ပြ ခဲ့ကြတယ်လို့ ပြောပြကြပါတယ်။
မြန်မာစစ်တပ် ထိုးစစ် ကရင်ရွာသားတွေ ထွက်ပြေးရ
24 January 2010
မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ ကရင်ရွာတွေကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းအခြေ စိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောပါ တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကရင်ရွာသူ ရွာသားပေါင်း ၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ Free Burma Rangers ခေါ် ပဋိပက္ခ ဒေသအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုတွေက ပဲခူးတိုင်း ညောင်လေး ပင်မြို့နယ်၊ ကျောက်ကြီးမြို့ နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာလို့ ပဋိပက္ခ ဒေသအ တွင်းက ပြည်သူတွေကို အကူအညီ ပေးနေတဲ့ နောက်အဖွဲ့တဖွဲ့ဖြစ်တဲ့ CIDKP အဖွဲ့က စောစတိဖ်ကပြောပါတယ်။
ဒေါ်စု နိုဝင်ဘာလ လွတ်မယ်လို့ ပြည်ထဲရေးဝန်ကြီးပြော
25 January 2010
မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်မှာ ပြန်လွှတ်ပေး မယ် လို့ ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျောက်ပန်းတောင်းမြို့က အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်ပြီး လွှတ်ပေးမယ်ဆိုရင် တတ်နိုင်သလောက် အစောဆုံး လွှတ်ပေးဖို့နဲ့ ဒီလိုလွှတ်ပေးမှသာ ရွေးကောက်ပွဲ မတိုင်ခင် အမျိုးသား ပြန်လည်သင့် မြတ်ရေးကို လုပ်ဆောင်နိုင်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။
ကိုညီညီအောင်ကို ပြစ်ဒဏ်မစီရင်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
26 January 2010
မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင်ကို အခုလာမယ့် ဇန်န၀ါရီလ ၂၇ ရက်နေ့ မှာ ပြစ်ဒဏ် အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။ ကိုညီညီ အောင်ဟာ သူ့ရဲ့အမြင်ဆန္ဒကို ငြိမ်းငြိမ်း ချမ်းချမ်း ဖော်ထုတ်သူပဲဖြစ်ပြီး ရာဇ၀တ်မှု ကျူးလွန်တာမျိုး မရှိတာကြောင့် အမြန်ဆုံး ပြန်လွှတ် ပေးဖို့ နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ကိုညီညီအောင်ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး လုပ်နေတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး လှုပ်ရှားမှုမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး အခုလို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် လှုပ်ရှား နေသူတဦးကို ဖမ်းဆီးထောင်ချမယ် ဆိုတာဟာ ရက်စက်လွန်းရာ ကျပါတယ် လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ပလောင်တောင်တန်း ဘိန်းဆိပ်သင့်၊ PWO အမျိုးသမီးအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်
26 January 2010
မြန်မာစစ်အစိုးရ ထိန်းချုပ်မှု ရှိနေတဲ့ ရှမ်းပြည်နယ် ဒေသတွေမှာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဘိန်း စိုက်ပျိုးမှုဟာ အလျှင်အမြန် တိုးလာနေတယ်လို့ ပလောင်အမျိုးသမီး အစည်းအရုံးက ဒီနေ့ အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) က စစ်တမ်းကောက် ခန့်မှန်းထုတ်ပြန်ချက်တွေထက် ပိုနေတာဟာ စစ်အစိုးရ ကိုယ်တိုင်က တကယ် အရေးယူ ဆောင်ရွက်မှု မရှိတာကြောင့်လို့လည်း ရှမ်းပြည်နယ်ဒေသ မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ဒေါ်စုကို ရွေးကောက်ပွဲပြီးမှ လွှတ်မယ့်ကိစ္စ အမေရိကန် လက်မခံ
27 January 2010
မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို လိုက်ပြန်ပါတယ်။ ဒီနှစ် နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရက ပြောလိုက်တယ်လို့ သတင်း တွေ ပေါ်ထွက် လာ ပြီးနောက် မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖိလစ် ခရော်လီ (Philip Crowley) က အခုလို ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံ အစိုးရနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ကျနော်တို့ အမေရိကန် အစိုးရရဲ့ မူဝါဒ ကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်ကို ဖွင့်ပေးဖို့ ကျနော်တို့ လိုလားပါတယ်။ သူတို့မှာ ဒီနှစ် အရေးကြီးတဲ့ ရွေး ကောက်ပွဲ ပြုလုပ်စရာ ရှိနေပါတယ်။ နိုင်ငံရေးသမားတွေသာ မက တိုင်းရင်းသား လူမျိုးစုတွေပါ အားလုံး ပါဝင်ခွင့် ပေးရမှာ ဖြစ်ပါတယ်။ ဒီအ တွက် မြန်မာစစ်အစိုးရဘက်က ပိုပြီးလုပ်ဖို့ လိုအပ်နေတယ် ဆိုတာကို မစ္စတာ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ကလည်း ပြောခဲ့ပြီးပါပြီ။ “ဒေါ်အောင်ဆန်းစုကြည် လွတ်လာရေးကို တောင်းဆိုတာ ကျနော်တို့အနေနဲ့ ကြာလှပါပြီ။ စစ်အစိုးရက အခုထိ မလွှတ်သေးပါဘူး။ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်ပေးဖို့ လိုပါတယ်။ အခု ရွေးကောက်ပွဲပြီးမှ လွှတ်မယ် ဆိုတာကတော့ အင်မတန် ကံမကောင်း အကြောင်းမလှတဲ့ကိစ္စ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ကတော့ သူမကို လွှတ်ပေးဖို့ ဆက်လက်ပြီး တောင်းဆိုနေမှာ ဖြစ်ပါတယ်။”
မိုင်းလားခေါင်းဆောင် လုပ်ကြံခံရ
27 January 2010
တိုင်းရင်းသားနယ်မြေတခုဖြစ်ပြီး မိုင်းလားဒေသလို့ လူသိများကြတဲ့ ရှမ်းပြည်နယ် အထူးအုပ်ချုပ်ရေးဒေသ ၄ ရဲ့ အုပ်ချုပ်ရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ်ကို အမည်မသိ သေနတ်သမားတွေက ဒီနေ့မနက် အစောပိုင်းမှာ ပစ်ခတ်လုပ်ကြံခဲ့လို့ သေဆုံးသွားတဲ့အကြောင်း နီးစပ်သူ အသိုင်းအ၀ိုင်းတွေက ပြောကြပါတယ်။ သေဆုံးသွားသူ ဦးမင်းအိမ်ဟာ မြန်မာစစ်အစိုးရ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့သူ တိုင်းရင်းသား ကိုယ်စားလှယ်တဦး ဖြစ်သလို အထူးဒေသ ၄ ကို ကိုယ်စားပြုပြီး စစ်အစိုးရနဲ့ ဆွေးနွေးနေသူတဦး ဖြစ်ပေမဲ့ သူ့ကို လုပ်ကြံမှုကိုတော့ ဘယ်သူတွေက လုပ်ခဲ့ကြတယ်ဆိုတာ သဲသဲကွဲကွဲ အခုချိန်ထိတော့ မရှိသေးပါဘူး။
ကိုညီညီအောင်အမှု အမိန့်ချရက် ရွှေ့ဆိုင်း
27 January 2010
ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ရဲ့ အမှုနဲ့ ပတ်သက်လို့ ကြားနာနေတဲ့ တရားရုံးက ဒီနေ့ အမိန့်ချဖို့ ရှိပေမဲ့ ရှေ့လ ၁၀ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်တဲ့အကြောင်း သူ့ရဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ လတ်တလောမှာတော့ ကိုညီညီအောင်ကို မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့် မပေးဘဲ ထားတာမို့ မိသားစုက သူ့ရဲ့ ကျန်းမာရေးကစလို့ အစစ ပူပန်နေကြပါတယ်။
ဒီဗွီဘီ သတင်းထောက်ကို ထောင် ၁၃ နှစ်ချ
28 January 2010
နော်ဝေး အခြေစိုက် ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံကို သတင်းတွေ ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်တဦးဖြစ်တဲ့ ကိုငွေစိုးလင်းကို စစ်အစိုးရက အီလက်ထရောနစ် ဥပဒေ၊ နယ်စပ်ဖြတ် ကျော် မှု ဥပဒေတို့နဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၆ ရက်နေ့က ကျောက် မြောင်းက အင်တာနက်ဆိုင်တဆိုင်က အထွက်မှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ချုပ်ရက် အပါ အ၀င် ၁၃ နှစ် ချမှတ်လိုက်တာဖြစ်ကြောင်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါ တယ်။ “သူ့ကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ၁၀ နှစ်ချတယ်၊ လ၀က အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေပုဒ်မ ၁၃(၁) နဲ့ ၃ နှစ်ချတယ်၊ ဒီနေ့။ ချုပ်ရက် ခံစားခွင့်ပြုတယ်ဆိုတာ၊ အဲဒီမှာ ချုပ်ရက်ကို ခံစားခွင့်ပြုတဲ့ ဖမ်းတဲ့နေ့က ပေါ်လွင်တာကိုး။ ဖမ်းတဲ့နေ့က ပေါ်လွင် ထင်ရှားပြီး ချုပ်ရက်ကို ခံစားခွင့်ပြုတယ်ဆိုပြီး ဖော်ပြတယ်။ ဒါ နည်းနည်း ထူးခြားလာတာပေါ့လေ။ ပထမတုန်းက ရုံးတင်တဲ့ရက်ကို စပြီး ယူတာများတယ်။”
ကိုဇာဂနာ ၄၉ နှစ်ပြည့် မွေးနေ့ ထိုင်းမှာ ကျင်းပ
28 January 2010
ဗုဒ္ဓဟူးနေ့တုန်းက ကျရောက်တဲ့ လူရွှင်တော် ကိုဇာဂနာရဲ့ ၄၉ နှစ်ပြည့် မွေးနေ့ပွဲကို သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့က ချင်းမိုင်မြို့မှာ အမှတ်တရ ကျင်းပခဲ့ပြီး ကိုဇာဂနာနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းခဲ့ပါတယ်။ နှလုံးနဲ့ သွေးတိုးရောဂါ ခံစားနေရတဲ့ ကိုဇာဂနာကတော့ သူ့ရဲ့မွေးနေ့ကို မြစ်ကြီးနားထောင်မှာ ဖြတ်သန်းခဲ့ရပါတယ်။
အကြမ်းဖက် ဗုံးခွဲဖို့ ကြံစည်ဟု စစ်အစိုးရ စွပ်စွဲချက် KNU နဲ့ BLC ငြင်းဆို
28 January 2010
၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြံစည်ခဲ့သူ ၁၁ ယောက်ကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာစစ် အစိုးရ သတင်းစာမှာ ဒီကနေ့ စွပ်စွဲ ဖော်ပြထားတဲ့ အချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ နာမည်နဲ့ တကွ ဖော်ပြခံထားရတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။ရွေးကောက်ပွဲ ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေသူ ကိုကျော်ဇေလင်း ခေါ် ကိုဆိုင်းကို ဇန်န၀ါရီလ ၂၂ ရက်နေ့က ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာထဲမှာ ဖော်ပြထားပါတယ်။ အဲဒီသတင်းစာထဲမှာ ကိုကျော်ဇေလင်းဟာ ထိုင်းနိုင်ငံအခြေစိုက် BLC မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ပို့ချတဲ့ ဖောက်ခွဲရေး သင်တန်းတွေကို တက်ခဲ့ပြီး အခုလို ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ စွပ်စွဲ ရေးသားထားတာပါ။
ဒေါ်စု အိမ်ပြင်ဆင်မှု ရှေ့နေအဖွဲ့နဲ့ ဆွေးနွေး
28 January 2010
နေအိမ်မှာ ဆက်လက်ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တို့ ဒီကနေ့ တွေ့ဆုံပြီး သူ ရင်ဆိုင်နေရတဲ့ နေအိမ်အမှုကိစ္စ၊ သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတွင်း နိုင်ငံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ နျူကလီးယား
29 January 2010
မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတာ နိုင်ငံတကာက သံသယရှိနေဆဲ ဖြစ်ပေမဲ့ လောလောဆယ် အထောက် အထားတွေအရ အခိုင်အမာ မပြောနိုင်သေးဘူးလို့ နိုင်ငံတကာ သုတေသန အဖွဲ့တခုက ပြောကြားလိုက်ပါတယ်။ ISIS ခေါ် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ ရေးသားချက်တွေကို အမေရိကန် အစိုးရက မလေ့လာရသေးပေမဲ့ နျူကလီးယား လက်နက် ပျံ့နှံ့မယ့် အရေးကိုတော့ စိုးရိမ်ကြောင်း မြန်မာစစ်အစိုးရကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
EU အထူးသံ မြန်မာ့အရေး အမေရိကန်နဲ့ ဆွေးနွေး
29 January 2010
ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ပီယဲရို ဖက်ဆီနို (Piero Fassino) ဟာ ဇန်န၀ါရီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့တော်ကို လာရောက်ပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ ကြေညာချက်တရပ် ဇန်န၀ါရီလ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ပြည်ထဲရေးဝန်ကြီးရဲ့ ပြောကြားချက် ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်
29 January 2010
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ် နိုဝင်ဘာလထဲမှာ ပြန်လွှတ်ပေးကောင်း လွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ပြောခဲ့တာဟာ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခြင်း ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုအမိန့်ကို စောင့်နေချိန်မှာ အစိုးရဝန်ကြီးတယောက်က အခုလို ပြောလိုက်တဲ့အတွက် ဒီအမိန့်အပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကလည်း သုံးသပ်ပါတယ်။
ရဲအရာရှိတဦး ထိုင်းနယ်စပ် ထွက်ပြေးလာ
29 January 2010
ကရင်ပြည်နယ်က ရဲအရာရှိတဦးဟာ မနေ့က ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင် လာခဲ့ပါတယ်။ ဒုရဲအုပ်အဆင့် ရှိတဲ့ အဲဒီရဲအရာရှိဟာ ၀န်ထမ်းလစာ မလောက်ငမှုနဲ့ တချို့ တာဝန်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ဥပဒေကြောင်းအရ ဆောင်ရွက်ခွင့် မရတာတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို မနေ့က ထွက်ပြေးတိမ်းရှောင်လာခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပိတ်
29 January 2010
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားက နယ်စပ် ကုန်သွယ်ဂိတ်တခုမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ပိတ်လိုက်ပြီလို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။ မြန်မာကုန်သည် တချို့နဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံတချို့ ရေချိုးရာက ခိုက်ရန်ဖြစ်ပွားကြပြီး နှစ်နိုင်ငံနယ်ခြား တာ့ခ်နာ့ဖ် (Teknaf) မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဇန်န၀ါရီ ၂၇ ရက်နေ့ ညပိုင်းက စပြီးတော့ ပိတ်လိုက်တာဖြစ်ပါတယ်။ ကြီးမားတဲ့ဒဏ်ရာရမှုတွေတော့ မရှိဘူးလို့ဆိုပါတယ်။
၂၀၀၉ နိုင်ငံရေးအကျဉ်းသား အခြေအနေပိုဆိုး
30 January 2010
ကုန်လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပိုများလာပြီး သူတို့အပေါ်မှာ ညှင်းပမ်း နှိပ်စက်မှုတွေ ပိုပြီးဆိုးရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောကြားလိုက်ပါတယ်။ ၂၀၀၉ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အေအေပီပီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာပါ။၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂,၁၇၇ ဦး ရှိပြီး ဒါဟာ အရင်နှစ်ကထက် ၁၅ ယောက် ပိုများလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လွှတ်ဖို့ အမေရိကန်တို့ လိုလား
30 January 2010
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မကြာသေးခင်ကပဲ ပြောဆိုခဲ့ပါတယ်။ “ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာတာကို မြင်ချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပိုပြီးကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ချင်ပြီး အဲဒီအလားအလာ တွေကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ အာဏာရှင် အုပ်ချုပ်ရေးကာလကနေ၊ အထီးကျန် ဖြစ်နေတဲ့ အခြေအနေကနေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေရာကနေ ပြောင်းလဲဖို့ အဆင်သင့်ရှိတယ် ဆိုတာကိုပြတဲ့ တိုးတက်မှုမျိုးတွေကို မြင်ရဖို့ တကယ့်ကို မျှော်လင့်နေ ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ဖို့နဲ့ အကူအညီတွေပေးဖို့ အမေရိကန် ပြည်ထောင်စုက အဆင်သင့်ရှိပါတယ်။ ဒါပေမဲ့ အထောက်အထားတချို့ကို အရင်ဆုံးကြည့်ရမှာ ဖြစ်တယ်၊” – လို့ ဟီလာရီ ကလင်တန် က ပြောသွားပါတယ်။
အပစ်ရပ် မွန်ပြည်သစ် နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံ
31 January 2010
အပစ်အခတ် ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံဘူးလို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ စစ်အစိုးရအနေနဲ့ ရွေး ကောက်ပွဲအတွက် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ဥပဒေထဲက တချို့အချက် အလက်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ကို လက်မခံတဲ့ အပစ်ရပ် အဖွဲ့တွေဟာ တူညီတဲ့ ရပ်တည်ချက်တွေ ရှိနေကြတယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က ပြောပါတယ်။
Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
0 comments:
Post a Comment