ဂုဏ်ပြောင်တဲ့ အလုပ်သမားသပိတ်ကို ၀န်းရံကြ

>> Wednesday, February 17, 2010

ရန်ကုန်လှိုင်သာယာစက်မှုဇုံမှာ အလုပ်သမားသပိတ်တွေ တနေရာပြီးတနေရာ ဆက်ကာဆက်ကာပေါ်ထွက်လာနေတယ်။ တန့်သွားမယ့် သဘောမရှိသေးပါဘူး။ ကျယ်ပြန့်လာနေတယ်လို့တောင် ဆိုရမလိုပါပဲ။
တိုက်ဆိုင်လှပါတယ်။

နအဖ စစ်အစိုးရက ရွေးကောက်ပွဲအတွက် သူတို့တွင်းမှာနေရာအတွက် ခွက်စောင်းခုတ်နေကြချိန်၊ နောက်အစိုးရလက်ကို ပြောင်းမပေးမီ ဒင်းတို့တတွေ နိုင်ငံပိုင်ပစ္စည်းတွေကို တိုက်ရာပါပစ္စည်းခွဲသလိုခွဲနေကြချိန်၊ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်ကင်တာနား ဗမာပြည်ကို ရောက်နေချိန်၊ နအဖကို ဖားနေတဲ့လူတွေ လျှာကုန်လက်ပမ်းကျနေချိန်၊ ပြည်သူလူထုကြီးဟာ ကိုယ့်ဘက်က လှုပ်ရှားမှု၊ အနည်းဆုံး တခုခုကိုမြင်လိုလှနေချိန်။ ဗမာနိုင်ငံရဲ့ နိုင်ငံရေးအသဲနှလုံး၊ အလုပ်သမားလူတန်းစားရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ မဟာရန်ကုန်မှာ အလုပ်သမတွေဟာ လက်သီးလက်မောင်းတန်းနေကြပါတယ်။ တဆက်တည်းပြောသင့်တဲ့ တိုက်ဆိုင်မှုကတော့ ၁၉၇၄ ခုနှစ်က ပြည်လုံးကျွတ်အလုပ်သမားသပိတ်ကြီးကို ပြန်သတိရစေတယ်ဆိုတာပါပဲ။

မဆလ စစ်အစိုးရက သူတို့ရဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြေငြာလိုက်တော့ ဥပဒေဘောင်အတွင်းမှာရှိတဲ့ မဆလ အစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီမျိုးစုံနဲ့ မီဒီယာပေါင်းစုံတို့က ခြိမ့်ခြိမ့်သဲထောက်ခံခဲ့ကြပါတယ်။ ဘယ်သူကမှဆန့်ကျင်ကြောင်း၊ သဘောမတူညီကြောင်းမပြောနိုင်ကြတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြစ်ငယ်မီးရထားစက်ရုံကစလိုက်တဲ့ အလုပ်သမားသပိတ်တွေဟာ တပြည်လုံးအနှံ့ကနေ မဆလ တဘက်သတ်အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူ၊ လက်မခံကြောင်း ပြတ်ပြတ်သားသား၊ ပြက်ပြက်ထင်ထင် ဖော်ပြလိုက်ကြပါတယ်။ အခုလည်းပဲ နအဖစစ်အစိုးရက သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ပွဲကတဆင့် အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့ အချိန်မှာ ပြည်သူလူထုကိုဘယ်တော့မှ သစ္စာမဖောက်တဲ့ အလုပ်သမားလူတန်းစားဟာ တခါထ’ ရပ်ပြလိုက် ကြပြန်ပါပြီ။ ပြည်သူလူထုကြီး တရပ်လုံးရဲ့ကိုယ်စားပါ။

တကယ်က ဗမာပြည်ထဲကို ဒီလိုပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သွင်းယူလာတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ အလုပ်သမားတွေရဲ့အရေးကို ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ပါဘူး။ သူတို့အတွက် ဘာစားကွက်ရှိမလဲ၊ ဘယ်လိုအကျိုးခံစားရမလဲဆိုတာ လောက်ကိုသာ စဉ်းစားပြီး ခေါ်သွင်းလာတာဖြစ်ပါတယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ စာချုပ်တွေ ချုပ်ဆိုရာမှာ အလုပ်သမားအခွင့်အရေး၊ အလုပ်ခွင်သာယာပြည့်စုံ ရေး၊ အန္တရာယ်ကင်းစင်ရေး၊ သက်ဆိုင်ရာက ပုံမှန်ဝင်ရောက်စစ်ဆေးရေး စတဲ့ အချက်တွေကိုသမန်ကာလျှံကာလောက်တာ ထည့်သွင်းလေ့ရှိ ပါတယ်။ သတ္တုမိုင်းတွေမှာတောင် သာမာန်ဟန်ပြ စည်းကမ်းချက်
လောက်ထားရှိတာပါ။

မဆလ စစ်အစိုးရ လက်ထက်တုန်းကတော့ မဆလအစိုးရဟာ သူတို ပြည်သူပိုင်မသိမ်းချင်တာနဲ့ ကျန်ကောင်းလို့ကျန်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ သူတို့ရဲ့ လုပ်သားကောင်စီဆိုတာတွေကတဆင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကို ရန်တိုက်ပေးတဲ့ အခါမှာ ၁၉၂၄ ခုနှစ်က အလုပ်သမား ဥပဒေဆိုတာနဲ့ အလုပ်သမားဥပဒေတလှေကြီးကို ကိုးကားပြီး လုပ်ငန်းရှင်တွေကို အနိုင်ကျင့်လေ့ရှိပါတယ်။ တနေ့အလုပ်ချိန် ဘယ်နှစ်နာရီ၊ တပတ်ဘယ်နှစ်နာရီထက်မကျော်လွန်ရ ဆိုတာတွေကို လည်းပြင်းပြင်းထန်ထန်၊ တိတိကျကျတောင်းဆိုပါတယ်။ အဲဒီတုန်းကသူတို့အဖို့မှာ အဲဒီအလုပ်ရှင်တွေဟာ သူတို့ရဲ့ အကြီးဆုံးရန်သူ၊ ဗမာပြည်မှာ အဆိုးဆုံးသွေးစုပ်သူတွေလို့ သတ်မှတ်ထားတာကိုး။ အခုတော့ နအဖဟာ သူတို့ပင့်လာတဲ့ နိုင်ငံခြားက အရင်းရှင်တွေကို အစစအခွင့်အရေးတွေပေး၊ အလုပ်သမားတွေကို အချိန်အကန့်အသတ်မရှိ၊ အလုပ်ရက် အကန့်အသတ်မရှိ ခိုင်း၊ သွေးစုပ်နေတာတွေကိုတော့ လက်ပိုက်ကြည့်နေကြပါတယ်။ မနက် ၇ နာရီကနေ ည ၁၁ နာရီ၊ နေ့လည် ၁ နာရီနား၊ တနေ့ ၁၅ နာရီ အလုပ်ချိန်ဆိုတာ ဒီနေ့ ခေတ်ကမ္ဘာမှာရှားမှရှားပါ။ ကျွဲတွေနွားတွေကိုသာ ဒီနှုန်းနဲ့ခိုင်းရင် အစောကြီး သေကုန်ကြမှာပါ။ ဒါပေမဲ့ နအဖ ခေတ်မှာတော့ ဒါဟာလုပ်ရိုးလုပ်စဉ်တရားတခုတောင် ဖြစ်နေပါတယ်။

အခုအခါဗမာပြည်တွင်းမှာ လုပ်ငန်းရှင်ချင်းအတူတူ နအဖနဲ့ သူတို့အသိုင်းအဝိုင်းက လူတွေပိုင်တဲ့ စက်ရုံတွေ (သူများနာမည်တွေနဲ့ထားတာ၊ အများစုက ပြည်ပနဲ့ဖက်စပ်တွေ)၊ လုပ်ငန်းတွေကိုကျတော့ အခွန်အပါအဝင် အထူးအခွင့်အရေးတွေ အမြောက်အမြား ခံစားခွင့်ပေးထားပြီး တခြားစက်ရုံတွေ လုပ်ငန်းတွေကိုတော့ အခွန်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုးနဲ့ ဖိနှိပ်ထားပါတယ်။ ဒါကြောင့်ဒီတိုင်းပြည်မှာ စီးပွားရေးအခြေအနေကောင်းတဲ့ စက်ရုံလုပ်ငန်းတွေနဲ့ စီးပွားရေးအခြေအနေမကောင်းဘဲ မသေမရှင် တဲတဲလေး ရပ်တည်နေရတဲ့ စက်ရုံ လုပ်ငန်းရယ်လို့ နှစ်မျိုးနှစ်စား သိသိသာသာ ကွဲနေပါတယ်။ ဘယ်ဟာမျိုးကို ဘယ်လိုလူမျိုးက ပိုင်တယ်ဆိုတာ အထူးမေးနေ၊ ပြောနေစရာ မလိုတော့ပါဘူး။

ဒီတခါ အလုပ်သမားသပိတ်တွေ ပေါ်တယ်ဆိုတော့ နအဖ တာဝန်ရှိသူတွေက ကြားကနေ ဝင်ရောက်ဖြန်ဖြေပေးတယ်ဆိုတာ လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာပေါ်လာတာက တကယ်လို့များ သပိတ်တွေဟာ အစိုးရပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေမှာ၊ ဒါမှမဟုတ် နအဖ ထိပ်သီးတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေမှာ ပေါ်တယ်ဆိုရင်၊ နအဖ က ကြားဝင်ဖြန်ဖြေတယ်ဆိုတဲ့နည်းနဲ့ ဖြေရှင်းပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

သေချာတာ ဒီအချိန်မှာ နအဖ အကြမ်းမကိုင်နိုင်ဘူးဖြစ်နေပါတယ်။ ဦးတင်ဦးကို ပြန်တောင်လွှတ်ပေးနေရတယ်မဟုတ်ပါလား။ လာမယ့် ရွေးကောက်ပွဲအတွက် သူတို့တွင်းခြေပုန်းခုတ်တာ၊ အမြီးချင်းလိမ်တာ၊ ချောင်ထိုးတာတွေလုပ်နေရတဲ့ကိစ္စတွေက သူတို့အတွက် ပိုအရေးကြီး တယ်ဆိုတာငြင်းစရာမလိုပါဘူး။ ဒီလိုအချိန်မှာ အလုပ်သမားသပိတ်တွေက “သခွတ်ပင်ကမီးတကျည်ကျည်” ဖြစ်နေတာမျိုး သူတို့ မတွေ့ချင်ပါဘူး။ ဒါပေမဲ့ ဒါကို အကြမ်းဖက်နှိမ်နင်းလိုက်ရင်လည်း သူတို့အတွက် လွယ်လွယ်ကူကူမပြီးပဲ ယမ်းပုံထဲ မီးပွားချလိုက်သလို ဖြစ်သွားရင်သူတို့ရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေ၊ သူတို့ချင်း ထိန်းညှိထားတာတွေ၊ ဝေစုခွဲထားတာတွေ၊ အားလုံးပိုကမောက်ကမ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့်ဗိုလ်ချုပ်တွေဟာ ထိန်းထိန်းသိမ်းသိမ်းလုပ်နေကြတာဖြစ်ပါတယ်။

ဒီလိုအချိန်အခါကောင်းမှာပေါ်လာတဲ့ အလုပ်သမားသပိတ်ကို ပြည်သူလူထုကြီးနဲ့အတူ အတိုက်အခံအင်အင်းစုတွေ (ပြည်တွင်းပြည်ပအားလုံး) ဝန်းရံကြဖို့လိုပါတယ်။ နအဖဟာ ဒီကိစ္စကို တမင်သေးငယ်အောင်၊ သူများတွေ သတိမထားမိအောင် လုပ်နေချိန်မှာ အာရုံစိုက်ကြရပါမယ်။ အထောက်အကူဖြစ်နိုင်မယ့် လုပ်ငန်းတွေကို ကြံဆလုပ်ကိုင်ကြရပါမယ်။ ဒါပေမဲ့ သူတို့မှာ ဆေးအတွက်ကြောင့် လေးဆိုတာမျိုးတော့ မဖြစ်သင့်ပါ။

ရဲဘော်ဖိုးသံချောင်း
(၁၄/၂/၂၀၁၀)

Ref: မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု

1 comments:

Anonymous February 17, 2010 at 9:07 PM  

ဖတ်သွားပါတယ်

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP