News Diary (သတင်းဒိုင်ယာရီ) January 15-21
>> Saturday, January 23, 2010
ဒေါ်စုနဲ့ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ
15 January 2010
နေအိမ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ကြပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်း တွေ့ဆုံမှုဟာ မိနစ် ၂၀ လောက် ကြာမြင့်တယ် ဆိုပေမဲ့ ဘာတွေ ဆွေးနွေးဖြစ်တယ်ဆိုတာ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။ မြန်မာစစ် အစိုးရဘက်က ၂၀၀၇ ခုနှစ်မှာ ဆက်သွယ်ရေး ၀န်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်လိုက်ပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေးမှုတွေ ရံဖန်ရံခါဆိုသလို ရှိခဲ့ပေမဲ့ ဒီလို အကြို သဘော တွေ့ဆုံမှုတွေကနေ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်အောင် ရှေ့ဆက်ဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတာပါ။
ချောက်ထဲဆင်းမည့် ဦးဆောင်မှုမျိုး မလုပ်ဟု အပစ်ရပ် SSA ခေါင်းဆောင်တဦး ကတိပေး
15 January 2010
ဒေသကာကွယ်ရေးတပ်/ပြည်သူ့စစ် အဖြစ်အသွင်ပြောင်းရန် နအဖ အကြိမ်ကြိမ်ဖိအားပေးလာမှုအပေါ် အပစ်ရပ် SSA ခေါင်းဆောင်ပိုင်းတဦးက ရဟန်း ရှင်လူ ပြည်သူများအား ချောက်ထဲဆင်းမည့်ဦးဆောင်မှုမျိုး လုပ်မည်မဟုတ်ဟု ကတိပေး ပြောခဲ့ကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်ကပြောပါသည်။“နအဖ ဖိအားအတိုင်း ဗဟိုခေါင်းဆောင် တချို့ရဲ့ အမိန့်နဲ့ တပ်မဟာတွေမှာ အသွင်ပြောင်းမယ့် အထဲ ပါဝင်ဖို့ စာရင်း အကြိမ်ကြိမ်လိုက်ကောက်တယ်။ အစည်းအဝေးခေါ်တာလဲ နှစ်ခါသုံးခါရှိပြီ။ ဘယ်သူမှ မလုပ်ချင်ဘူး။ ခေါင်းဆောင်တဦး ကတော့ ပြတ်သားတယ် ချောက်ထဲ ဆွဲခေါ်မယ့် ဦးဆောင်ဦးရွက်မှုမျိုး သူဘယ်တော့မှမလုပ်ဘူး ဆိုပြီးပြောလာတယ်” – ဟု အမည်မဖေါ်လိုသည့် လူငယ်တပ်မှူး တဦး ကပြောပါသည်။
အချိန်အကြာဆုံး နေကြတ်မှု မြန်မာပြည်သူတို့ မြင်ခဲ့ရ
15 January 2010
အပြည့်အ၀နီးပါး နေကြတ်တာကို ဒီကနေ့မှာပဲ မြန်မာနိုင်ငံ အပါအ၀င် အာရှနဲ့ အာဖရိကဒေသ အတော်များများက တွေ့မြင်ခဲ့ကြရပါတယ်။ နေရဲ့ ရှေ့တည့်တည့်မှာ လ ကျရောက် ခဲ့တာမို့ နေရဲ့အနားလောက်ကိုသာ လရဲ့နောက်ခံနဲ့ တောက်ပနေတာကို တွေ့မြင်ခဲ့ကြရတာပါ။ အာဖရိက အလယ်ပိုင်းဒေသက ဒီကနေ့ နေကြတ်တာကို အဦးဆုံး စတင်မြင်တွေ့ ခဲ့ကြရပြီး တခြား ယူဂန်ဒါ၊ ကင်ညာ၊ ဆိုမားလီးယား၊ မော်လဒိုက်၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ တရုတ်နိုင်ငံတွေ အပါအ၀င် နိုင်ငံအတော်များများက တွေ့မြင်ခဲ့ကြရတာပါ။ မြန်မာနိုင်ငံမှာ တော့ မွန်းလွဲ ၁ နာရီခွဲလောက်ကနေ ညနေ ၄ နာရီခွဲလောက်အထိ တွေ့မြင်ခဲ့ကြရကြောင်း ဒေသခံတွေက ပြောကြပါတယ်။
(၀) တပ် စစ်ရေးသင်တန်းဆင်းပွဲ လားဟူအမျိုးသားအများဆုံးပါဝင်
15 January 2010
ဝ ပြည်သွေးစည်းရေးတပ်မတော် တပ်မဟာ ၄၆၈ မိုင်းပေါက်ဌာနချုပ်၌ စစ်သင်တန်းဆင်းပွဲအခမ်းအနားတရပ် ယနေ့ မနက် ပိုင်းက ကျင်းပခဲ့သည် ဟု တရုတ်နယ်စပ်သတင်း ရပ်ကွက်ကပြောပါသည်။ “သင်တန်းဆင်းပွဲကို ဒုဥက္ကဌ ရှောက်မင်လျဲန်၊ ဒု စစ်ဦးစီးချုပ် ကျောက်ကြံးတန်းတို့ တက်ရောက်အားပေးစကား ပြော တယ်။ အခြားစစ်ရေး အုပ်ချုပ်ရေး ခေါင်းဆောင်တွေလဲလာတယ်။ ပန်ဆန်းဌာနချုပ်က လာတဲ့ ကားတွေအများကြီးဘဲ၊ မနေ့ကတည်းက ရောက်ကြတယ်” – ဟု ဒေသခံတဦးက ပြောပါသည်။ ဇန္န၀ါရီ ၁၅ ရက် ယနေ့ မနက်ပိုင်း၌ ကျင်းပခဲ့သည့် စစ်သားသစ် သင်တန်းဆင်းပွဲမှာ ရဲဘော်သစ် နှင့် မင်ပျင်း ခေါ် ပြည်သူ့ စစ် သင်တန်းများဖြစ်ပြီး သင်တန်းသားအားလုံး ၁၀၀၀ ကျော်ရှိကြောင်း၊ ရဲဘော် သစ်များထဲတွင် လားဟူအမျိုးသားအများ ဆုံးပါဝင်ကြောင်း အဆိုပါဒေသခံက ပြောပါသည်။
မြန်မာပြည်ရောက် အမေရိကန် ပညာရှင်အဖွဲ့ NLD နဲ့ဆွေးနွေး
16 January 2010
နေအိမ်မှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန် ပြည်ထောင်စုက သုတေသီ ပညာရှင် အဖွဲ့တဖွဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြ တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ မြန်မာနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ ရောက် နေတဲ့ အမေရိကန် ပြည်ထောင်စု ဂျွန် ဟော့ပ်ကင်းစ် (John Hopkins) တက္ကသိုလ်က အာရှ သုတေသနဌာန ညွှန်ကြားရေးမှူး ပါမောက္ခ ကားလ် ဒီ ဂျက်ဆင် (Karl D Jackson) ဦးဆောင်တဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်အစိုးရ အာဏာပိုင်တွေထံ တောင်းခံထားတာမို့ ဒီလို တွေ့ဆုံဖြစ်ဖွယ် ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြော ပါတယ်။ မြန်မာစစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်ခြင်းတော့ မရှိပါဘူး။
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေး၊ နိုင်ငံရေး အကျဉ်းသား လွှတ်ရေး ဂျပန်အစိုးရ တိုက်တွန်း
17 January 2010
မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးကို ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ အရှေ့အာရှနဲ့ လက်တင်အမေရိက နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ တိုကျိုမြို့က ၂ ရက်ကြာ ဆွေးနွေးပွဲအတွင်း အလွတ်သဘော တွေ့ဆုံရာမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကတ်ဆုယာ အိုကာဒါ (Katsuya Okada) က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို တိုက် တွန်းလိုက်တာပါ။ ဒီနှစ်ထဲ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေ အားလုံးကို ပါဝင်ခွင့်ပြုဖို့ ဂျပန်နိုင်ငံက မျှော်လင့်ထား တာကိုလည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့တာပါ။ ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညို ကတော့ ဂျပန် အစိုးရသစ် အနေနဲ့ မြန်မာ့အရေးမှာ ပိုပြီးတက်ကြွတဲ့ မူဝါဒတွေကို ကျင့်သုံးလာတာမို့ ဒီလို တိုက်တွန်းမှုတွေ လုပ်လာတာလို့ ပြောပါတယ်။
နအဖ စစ်ယာဉ်တန်း အစီး ၁၀၀ ခန့် သျှမ်းပြည်အလယ်ပိုင်းသို့ တက်ဖြည့်တင်း
17 January 2010
ရှမ်းပြည်အလယ်ပိုင်း အရှေ့ပိုင်း အပစ်ရပ်တပ်ထိန်းချုပ်ဒေသများဆီသို့ နအဖ စစ်ယာဉ်တန်း အများအပြား တက်လာ ကြောင်း SSA လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းရပ်ကွက်က ပြောပါသည်။“တပ်မ ၅၅ (ကလော) နည်းဗျူဟာ ၅၅၃ က စစ်ကားအစီး ၈၀ လောက် တောင် ကြီးကနေ မိုင်းကိုင်ဘက်တက်သွားတယ်။ တပ်မ ၃၃ လဲ ကျေးသီးဘက်သွားတယ်”- ဟု SSA ဌာနချုပ် အရာရှိတဦးက ပြောပါသည်။ ဇန္န၀ါရီ ၁၃ ရက် နေ့ တပ်မ ၅၅ (ကလော) ၊ တပ်မ ၃၃ (ရွာထောင်) တို့မှ စုစုပေါင်း နအဖ စစ်ယာဉ်တန်း အစီး ၁၀၀ ထက် မနည်း ရှမ်းပြည် အလယ် ပိုင်းသို့ တက်သွားခြင်းဖြစ်ပြီး၊ လက်နက်ခဲယမ်း စစ်ပစ္စည်း/ရိက္ခာ နဲ့ စစ်သားတချို့ တင်ဆောင် သွားကြောင်း ၊ တပ်မ နှစ်ခု ထဲက တပ်အင် အား နည်းဗျူဟာ ၂ ခု သွားပြီး လူသူ လက် နက်အင်အား ၄၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။
ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု နှစ်ဘက် အပြီးသတ် လျှောက်လဲ
18 January 2010
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားတဲ့ အမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရှေ့နေတွေက ပြင်ဆင်မှု လျှောက်လဲချက် တင်ပြချက်အပေါ် ဒီနေ့ ရန်ကုန် ဗဟိုတရားရုံးချုပ်မှာ ကြားနာ စစ်ဆေးခဲ့ပါတယ်။ အစိုးရဘက်က ရှေ့နေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး လျှောက်လဲချက်တွေ တင်ပြခဲ့ပါတယ်။ဒီနေ့ ရန်ကုန်မြို့ တရားရုံးချုပ်က ကြားနာပွဲမှာ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရပေမဲ့လည်း သူ့ရဲ့ ရှေ့နေကြီးတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံခြား သံတမန်တချို့ တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှုအပြင် ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ရဲ့ အမှုတွေကိုပါ ကြားနာစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို
18 January 2010
နိုင်ငံခြားသား အလုပ်သမား အခွင့်အရေး အတွက် အကြံပြုစာ တစောင်တွင် ထိုင်းနိုင်ငံ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့ (NGO) ၃၆ ဖွဲ့က လက်မှတ် ရေးထိုးကာ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ထံသို့ ယနေ့ ပေးပို့လိုက်ကြောင်း သိရသည်။ NGO အဖွဲ့များ ပေးပို့ လိုက် သည့် အိတ်ဖွင့် ပေးစာထဲ၌ ထိုင်းအစိုးရ အနေနှင့် နိုင်ငံခြားသား အလုပ်သမားများကို ထိုင်းနိုင်ငံမှ ပြန်လည် ထွက်ခွာစေမည် သို့မဟုတ် အလုပ် လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်း ထပ်မံ တိုးပေးမည် ဆိုသည်ကို ကွဲကွဲပြားပြား သိလိုကြောင်း မေးခွန်း ထုတ်ထားသည်။
Google နဲ့ တရုတ်အာဏာပိုင်တို့ ညှိနှိုင်းဆွေးနွေး
19 January 2010
အင်တာနက် ဆက်သွယ်ရေးကတဆင့် ကွန်ပျူတာတွေကို ၀င်ဖျက်တာ၊ ဆင်ဆာလုပ်တာနဲ့ တခြားကိစ္စတွေကြောင့် အငြင်းပွားခဲ့ကြတဲ့ ဂူဂဲလ် (Google) ကုမ္ပဏီကြီးနဲ့ တရုတ်တာဝန်ရှိသူတွေကြား ဆွေးနွေးပွဲတွေ စတင်နေပြီ ဖြစ်ပါတယ်။ မကြာမီမှာ တရုတ် တာဝန်ရှိသူတွေနဲ့ ဆက်ပြီး ဆွေးနွေးကောင်း ဆွေးနွေးမယ်လို့ Bloomberg ငွေကြေးသတင်းဆိုင်ရာ ၀န်ဆောင်မှု ကုမ္ပဏီရဲ့ သတင်းမှာ ဖော်ပြထားတာပါ။သူ့ အင်တာနက် စာမျက်နှာမှာ ရှာဖွေတဲ့အခါ ဆင်ဆာလုပ်ခိုင်း ထားတာတွေကို မလုပ်တော့ဘူးလို့ ပြီးခဲ့တဲ့အပတ်က ဂူဂဲလ်က ပြောခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဂူဂဲလ်ရဲ့ လုပ်ပိုင်ခွင့် လိုင်စင် ရုပ်သိမ်းခံရမယ့်သဘော ဖြစ်ပါတယ်။ ကမ္ဘာမှာ အကြီးမားဆုံး တရုတ် အင်တာနက် ဈေး ကွက်ကို ဂူဂဲလ်က စွန့်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။ဂူဂဲလ် အီးမေးတွေကို အင်တာနက်က ဆက်တိုက် ၀င်ရောက်တိုက်ခိုက် ခဲ့ပြီးတဲ့ နောက် ဂူဂဲလ်က အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို အတိုက်ခံရတဲ့ သူတွေထဲမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အီးမေးလ် တွေလည်း ပါဝင်ပါတယ်။ ဒီလူတွေက အစိုးရကို ဝေဖန်ကြတဲ့ သူတွေထဲမှာ ပါဝင်ပါတယ်။
လူထုဦးလှ ရာပြည့် မန္တလေးမှာ ကျင်းပမည်
19 January 2010
စာပေချစ်မြတ်နိုးသူတွေ၊ လူထုဦးလှကို ကြည်ညိုလေးစားသူတွေဟာ ပြည်ပနိုင်ငံအချို့မှာ သတင်းစာဆရာကြီး လူထုဦးလှရဲ့ ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ခဲ့ကြသလို ဒီကနေ့ဆိုရင်လည်း မန္တလေးမြို့မှာ လူထုဦးလှ ရာပြည့်ပွဲလုပ်ဖို့ စီစဉ်ထားကြပါတယ်။ သတင်းစာဆရာကြီး လူထုဦးလှဟာ တိုင်းပြည်အတွက် အပြုစိတ်နဲ့ နိုင်ငံရေး လုပ်ခဲ့သူတဦး ဖြစ်သလို မျိုးဆက်သစ်တွေကို လွတ်လပ်ခွင့်နဲ့ အားပေး မြေတောင်မြှောက်ပေးခဲ့သူလို့ လူထုဦးလှရဲ့ သားတပည့်တွေက ပြန်ပြောင်းပြောပြကြပါတယ်။
ကိုညီညီအောင်အမှု အမေရိကန်သံရုံး အနီးကပ်စောင့်ကြည့်
19 January 2010
ရန်ကုန် အင်းစိန် အကျဉ်းထောင်မှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ရဲ့ အမှုကို အမေရိကန် တာဝန်ရှိသူတွေက အနီးကပ် ဆက်လက် စောင့်ကြည့်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရန်ကုန်ရှိ အမေရိကန်သံရုံး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ကိုညီညီအောင် အဖမ်းခံရပြီး နောက်ပိုင်း အင်းစိန် အကျဉ်းထောင်မှာ ၇ ကြိမ် သွားရောက်တွေ့ဆုံခဲ့ပြီး အမှုရုံးချိန်း ပေါင်း ၁၂ ကြိမ်ကိုလည်း တက်ရောက်ခဲ့တဲ့အကြောင်း၊ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ ကိုညီညီအောင်ရဲ့ အမှုကို တရားရုံးမှာ အပြီးသတ် လျှောက်လဲဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
ငြိမ်းအဖွဲ့များ ကျူးလွန်သည့် ပြစ်ချက်များကို နအဖ ပုလိပ်စုဆောင်း
19 January 2010
လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကျူးလွန်ထားသော ပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ စုဆောင်းလျှက်ရှိ ကြောင်း သိရသည်။ လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကျူးလွန်သည့် ပြစ်ချက်များ အမြန်စုံစမ်း တင်ပြနိုင်ရန်အတွက် စု ဆောင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်နှင့်တိုင်းများရှိ ရဲတပ်ဖွဲ့များထံ ပြစ်မှုဆိုင်ရာ အချက် အလက်များ စုဆောင်းရေး နှင့် ပတ်သက်၍ ဇန်န၀ါရီလပိုင်းကမှ ညွန်ကြားရာတွင် ငြိမ်းချမ်းရေးအဖွဲ့များအတွက် သီးသန့် ညွန် ကြားထား ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့အရေး အမေရိကန် အဆုံးမဲ့ စိတ်ရှည်မည် မဟုတ်
20 January 2010
အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပေမဲ့ အကန့်အသတ်မရှိ သည်းခံနေမှာ မဟုတ်ဘူး လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောကြားလိုက်ပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ အ မေရိကန် နိုင်ငံခြားရေးရုံး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကာ့တ် ကမ်းဘဲလ်က အဲဒီလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။“ဒေါ်အောင်ဆန်း စုကြည်နဲ့ စစ်အစိုးရဘက်က အဆင့်မြင့် ဆက်သွယ်မှုတချို့ တွေ့ရပါတယ်။ တခြား ဖြစ်ထွန်းတိုးတက်မှု တချို့လည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခြားတဘက်မှာတော့ စိုးရိမ်စရာတချို့ တွေ့ရပြန်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေနဲ့ ပဋိပက္ခတွေ ဆက်လက် ဖြစ်နေဆဲပါ။ တရားစွဲ ဆို ထောင်ချတဲ့ ကိစ္စမျိုးတွေလည်း ရှိနေပါတယ်။ အမေရိကန် နိုင်ငံသားတယောက်တောင် ဒီလို ရုံးတင် တရားစွဲဆို ခံနေရတဲ့ အထဲမှာ ပါဝင် နေပါတယ်။“ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမဲ့ ကျနော်တို့အဖို့ ဒါဟာ အဆုံးမရှိသော စိတ်ရှည်သည်းခံမှုမျိုး မဟုတ်ပါဘူး။ ဖြစ်သင့် တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ တွေ့မြင်ဖို့ လိုကို လိုအပ်ပါတယ်။” လို့ ကာ့တ်ကမ်းဘဲလ် ကပြောပါတယ်။
မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းသတိပေး
20 January 2010
ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့တွင် တရားမ၀င် ဖွဲ့စည်း လှုပ်ရှားနေသည့် မြန်မာ အတိုက်အခံ အဖွဲ့ အစည်းများ အနေဖြင့် နိုင်ငံရေး လှုပ် ရှားမှုများ ပြုလုပ်သည်ကို တွေ့ရှိပါက ထိုင်းနိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း ယမန်နေ့၌ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက သတိပေး ပြောကြား လိုက်သည်။ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခုတွင် တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး Samart Loifah က “တရားဝင် မှတ်ပုံ တင် ထားခြင်းမရှိတဲ့ နိုင်ငံရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေက လူမှုရေးကို ဗန်းပြပြီး နိုင်ငံရေး လုပ်နေတာတွေ၊ ကိုယ်ကျိုး စီးပွားရှာနေ တာ တွေ့ရင် ထိုင်းနိုင်ငံကနေ နှင်ထုတ်မှာ ဖြစ်ပါတယ်”ဟု ဒေသခံ သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းက အလုပ်သမားလက်မှတ် သက်တမ်းတိုး၊ မလေးရှားက ဖမ်းဆီး
20 January 2010
ထိုင်းအစိုးရက နိုင်ငံတွင်းရှိ တရားဝင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူ ရွှေ့ပြောင်း အလုပ်သမားများကို သက်တမ်း ၂ နှစ် ထပ်မံ တိုး၍ အလုပ်လုပ်ခွင့် ပြုလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။ ယင်းခွင့်ပြုချက်တွင် အလုပ်လုပ်ခွင့်သက်တမ်း ယနေ့ကုန်ဆုံးမည့် အ လုပ်သမားများအပါအ၀င် ယမန်နှစ်က မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ခဲ့သော ရွှေ့ပြောင်း အ လုပ် သမား (၁) သန်း (၃) သိန်းကျော်တို့ ပါဝင်သည်။ ယာယီနိုင်ငံကူးလက်မှတ်ရှိသူများက သက်တမ်းတိုးရန်မလိုကြောင်း၊ သို့သော် ယခု အလုပ်သမား လက်မှတ် သက်တမ်းတိုးမည့် သူများအနေဖြင့် ယာယီနိုင်ငံကူး လက်မှတ်လုပ်ဆောင်ရန် လျှောက်လွှာပုံစံ ဖြည့်စွက် တင်ထား ရန် လိုအပ်ကြောင်း၊ ထိုသို့ လျှောက်လွှာ မတင်သည့် သူများကို တရားမ၀င်အလုပ်သမားဟု သတ်မှတ်၍ အရေးယူမည်ဟု ဆိုသည်။ အဆိုပါ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကို နောက်ဆုံး ထား သတ်မှတ်ခဲ့ကြောင်း သိရသည်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အမေရိကန် အားမရမှု NLD ထောက်ခံ
20 January 2010
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာစစ်အစိုးရအပေါ်မှာ စိတ်မရှည်နိုင်ဘဲ ပြော ဆိုရတာဟာ မြန်မာပြည်က တိုးတက်မှုမရှိတဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ရောင်ပြန်ဟပ်နေတာမို့ အတိုက်အခံ နိုင်ငံရေး အင်အားစု တွေကလည်း အလားတူ သဘောထားအမြင်တွေ ရှိနေကြတာ ဖြစ်ပါတယ်။စစ်အစိုးရက မြန်မာပြည်တွင်းမှာ နိုင်ငံရေးအရ သိသာတဲ့ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်သေးတဲ့အပေါ် NLD အနေနဲ့ အားမလို အားမရ ဖြစ်မိတယ်၊ ဒါကြောင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန် ကြီး မနေ့က အခုလို ပြောဆိုလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆိုတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက တုံ့ပြန် ပြောဆိုပါတယ်။
၂၀၀၉ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဆက်လက်ကျဆင်းခဲ့
21 January 2010
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သတ်မှတ် ကြေညာထားတဲ့ ၂၀၁၀ မတိုင်ခင် ၂၀၀၉ ခုနှစ်အတွင်းမှာ လူ့အခွင့်အရေး အခြေ အနေ ဆက်လက် ဆိုးဝါးနေခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (Human Rights Watch) က ပြောကြားလိုက်ပါ တယ်။ ဇန်န၀ါရီလ ၂၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ၂၀၁၀ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ အဲဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဖွဲ့စည်းခွင့် အပါအ၀င် နိုင်ငံသားတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကို မြန်မာစစ်အစိုးရက စနစ်တကျနဲ့ ပြည်သူတွေ မရအောင် လုပ်ထားတယ်၊ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်တို့ဟာလည်း ဖမ်းဆီး ချုပ်နှောင်ခံနေကြရဆဲ ဖြစ်တယ်၊ သူတို့ကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီးထားတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ဆက်လက် ချမှတ်လိုက်တာဟာ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ အမှန်တကယ် ပါဝင်ခွင့် မပေးချင်လို့ ဖြစ်တယ်၊ ဒါ့အပြင် စစ်အစိုးရဟာ အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို သာမန် အရပ်သားတွေနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထား ပါတယ်။
ILO အမှုဆောင်ညွှန်မှူး မြန်မာနိုင်ငံတွင်း ကွင်းဆင်းလေ့လာ
21 January 2010
ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် အမှုဆောင် ညွှန်ကြားရေးမှူး ကာရီ တာပီယိုလာ (Mr.Kari Tapiola) နဲ့ အဖွဲ့ဟာ မြန်မာ အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အခု မြန်မာနိုင်ငံထဲက အဓမ္မလုပ်အားပေး ခိုင်းစေမှု တိုင်ကြားထား တဲ့ ဒေသတွေဆီ သွားရောက်တာ အပါအ၀င် စီစဉ်ထားတဲ့ သူ့ရဲ့ ခရီးစဉ်အတိုင်း ဆက်ပြီး လုပ်ဆောင်နေပါတယ်။ILO အမှုဆောင် ညွှန်ကြား ရေးမှူး မစ္စတာ ကယ်ရီ တာပီယိုလာနဲ့ အဖွဲ့ဟာ ဇန်န၀ါရီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး တနင်္လာနေ့မှာတော့ နေပြည်တော် မှာရှိတဲ့ အလုပ်သမား ၀န်ကြီးဌာနမှာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ အဓမ္မလုပ်အား ခိုင်းစေမှု တိုင်ကြားချက်များဆိုင်ရာ နောက် ဆက်တွဲ နားလည်မှု စာချွန်လွှာအတွက် နောက်ထပ် တနှစ် သက်တမ်းတိုး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒေါ်စုအိမ် ပြင်ဆင်ရေး တရားဝင် ကန့်ကွက်
21 January 2010
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် နေထိုင်နေတဲ့ အိမ်ကို အမွေဆိုင်အဖြစ် တရားရင်ဆိုင် နေတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က နေအိမ်ပြင်ဆင်မှုကို တရားဝင် ကန့်ကွက်ကြောင်း ဒီကနေ့ တရားရုံးကို လျှောက်ထားလိုက်ပါ တယ်။ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျရင်း နေထိုင်ရာ နေအိမ်မှာ ယိုယွင်းပျက်စီး နေတာတွေကို ပြုပြင်မွမ်းမံဖို့ စီစဉ်နေတာကို ဒီအိမ်ကို အမွေခံယူထိုက်ကြောင်း လျှောက်ထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က တရားရုံးမှာ တရားဝင် လျှောက်ထားလိုက်တာပါ။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလထဲမှာ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားရင်ဆိုင်နေရစဉ် ကာလမှာပဲ နေအိမ်ပြင်ဆင်ခွင့် လျှောက်ထားခဲ့ပြီး အာ ဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒီဇင်ဘာလဆန်းကစလို့ ပြင်ဆင်မှုတွေ စတင်ခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်း အမွေဆိုင်အဖြစ် ဦးအောင်ဆန်းဦး ဘက်က ကန့်ကွက်ရာကစလို့ ရပ်နားထားရတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိ
21 January 2010
မြန်မာစစ်အစိုးရက ဒီနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ပြောဆိုနေပေမဲ့လည်း တိုင်းပြည်တွင်းက အခြေအနေတွေဟာ ဆိုးရွား နေဆဲ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ပြောဆိုလိုက်ပါတယ်။ နိုင်ငံ ရေး၊ လူ့အခွင့်အရေး အခြေအနေတွေဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် တနှစ်အတွင်း ပိုလို့သာ ကျဆင်းနေခဲ့တဲ့အကြောင်း နှစ်စဉ်ထုတ်ပြန်တဲ့ အစီ ရင်ခံစာမှာ Human Rights Watch က မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။၂၀၁၀ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန် ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေ ရှိခဲ့တဲ့အကြောင်း ဖော်ပြလိုက်တာပါ။အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ တရားဥပဒေမဲ့ သတ် ဖြတ်မှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သာမန် အရပ်သားတွေနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ အဆက်မပြတ် ကျူးလွန် ခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြလိုက်တာပါ။
ကားတင်သွင်းခွင့် နှင့် စက်သုံးဆီဆိုင်များ ပုဂ္ဂလိက လုပ်ခွင့်ပေးမည်
21 January 2010
အစိုးရပိုင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပေးရန်နှင့် ပြည်တွင်းသို့ ခေတ်မီဇိမ်ခံ ကားများ လွတ် လပ်စွာ တင်သွင်းခွင့်ပြုရန် ရှိသည်ဟု ရန်ကုန်စီးပွားရေး လောကတွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဦးတေဇ ၏ ထူးကုမ္ပဏီက အ ထက်မြန်မာပြည်ရှိ အစိုးရစက်သုံးဆီဆိုင်များကို တရားဝင် လွှဲပြောင်းရယူရန်ရှိပြီး မြန်မာ တပြည် လုံးရှိ အစိုးရ စက်သုံးဆီဆိုင်အများစု ကိုလည်း ပုဂ္ဂလိကလုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေး၍ လွှဲပြောင်းရောင်းချရန်ရှိကြောင်း သိရသည်။
ဟေတီ ငလျင်တွင် မြန်မာ့အရေး ကူညီသူ ပညာရှင်တဦး ပျောက်ဆုံးနေ
21 January 2010
ထိုင်း-မြန်မာ နယ်စပ် နယ်လှည့် ကျန်းမာရေးအဖွဲ့များ၏ အရေးပေါ် ခွဲစိတ်ကုသမှုများပြုလုပ်ရာ၌ နေရောင်ခြည် စွမ်းအင်သုံး ကိရိယာများနှင့် ပတ်သက်၍ သင်တန်းပေးခဲ့သူ မစ္စတာ Walt Ratterman သည် လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးနေသော ဟေတီ ငလျင်တွင် ပျောက်ဆုံး နေသည်။ မစ္စတာ Ratterman သည် ဟေတီနိုင်ငံ ကျေးလက်ရှိ ကျန်းမာရေး စခန်းများတွင် နေရောင်ခြည်စွမ်းအင် စီမံကိန်းများကို အပြီး သတ် အကောင်ထည်ဖော်ခဲ့ပြီးနောက် Montana ဟိုတယ်၌ အစိုးရ မဟုတ်သောအဖွဲ့ (NGO)မှ ၀န်ထမ်းများကို တွေ့ဆုံရန် စောင့်ဆိုင်း နေ ချိန်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်၏ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ကုလ ချီးကျူး
21 January 2010
မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာမှုဝါဒနှင့် ကူညီ စောင့်ရှောက်ရေး ကဏ္ဍများ၌ များစွာတိုးတက်လာကြောင်း ကုလသမဂ္ဂ အဖွဲ့ အစည်းများ ဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Mr. Bishow Parajuliက ပြောကြားလိုက်သည်။ ယမန်နေ့က မန္တလေးတိုင်း ပုဂံမြို့ ရွှေနန်း တော် ဟိုတယ်၌ ပြုလုပ်ကျင်းပသော သတ္တမအကြိမ် မဲခေါင်ဒေသအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးဖွင့်ပွဲ အခမ်း အနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
၂၀၀၉ တိုက်ပွဲများတွင် SSA နှင့် နအဖသေနှုန်း ၁း ၅ ဟု SSA ထုတ်ဖေါ်
21 January 2010
၂၀၀၉ အတွင်း ရှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ်ကြား တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားပြီး SSA ထက် နအဖစစ်တပ် ၅ ဆ ပိုသေဆုံး ကြောင်း ၁၀ ကြိမ်မြောက် ညီလာခံတွင် တာဝန်ရှိသူများက ထည့်တွင်းတင်ပြခဲ့သည်။ အစည်းအဝေးမှာ တာဝန်ရှိတပ်မှူး/အရာရှိတွေက မိမိတို့နဲ့ဆိုင်တဲ့လုပ်ငန်းအသီးသီးတင်ပြကြတယ်။ နှစ်ချုပ် တိုက်ပွဲ အစီရင်ခံစာတွင် တိုက်ပွဲမှာ SSA တစ်ယောက်ကျဆုံးယင် ဗမာတပ်က ၅ ယောက်သေတယ် ဟု ပါရှိကြောင်း ရှမ်းသတင်းရပ်ကွက်မှ သိရသည်။
Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
0 comments:
Post a Comment