ရန်ကုန် မီးလောင်မှု၊ နေအိမ် ၁၃ လုံး လောင်ကျွမ်း

>> Tuesday, January 26, 2010

ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ ယမန်နေ့ မီးလောင်မှုတွင် နေအိမ် ၁၃ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

ဗဟန်းမြို့ ငါးထပ်ကြီးတောင်ရပ်ကွက် အင်ကြင်းလမ်း အိမ်အမှတ် ၁၄၂ တွင် နေအိမ်မီးအားမြှင့်စက် အပူလွန်၍ ရှော့ခ်ဖြစ်ရာမှ စတင်မီးလောင်ခဲ့ကြောင်း အမည်မဖော်လိုသူ ရန်ကုန်တိုင်း မီးသတ်အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ညနေ ၅ နာရီခန့်မှ စတင်၍ မိနစ် ၃ဝ ခန့်အကြာ မီးလောင်ခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မျက်မြင်သက်သေများက ဆိုသည်။

''ဘုန်းတော်ကြီး အပါး ရာနဲ့ချီလာပြီး ငြှိမ်းကြတယ်။ အဲဒီမီးလောင်တဲ့ နေရာနားမှာ ဘုန်းကြီးကျောင်းတိုက်တွေ အများကြီးပဲ။ မီးသတ်ကားကတော့ မီးလောင်တာနဲ့ ဘယ်ရောက်နိုင်မလဲ။ ရေထည့်ရတာနဲ့ဆိုတော့ နည်းနည်း ကြာတယ်။ လာတာတော့ အစီး ၃ဝ လောက် ရှိတယ်။ မီးလောင်တဲ့ နေရာကလည်း မီးသတ်ကား ဝင်လို့ မရဘူး။ အဲဒီအတွက် အခက်အခဲရှိတာ တွေ့ရတယ်ဗျ'' ဟု မျက်မြင်သက်သေတဦးက ပြောသည်။

မီးလောင်သဖြင့် မီးဘေးဒုက္ခသည် ၈၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်းနှင့် ယခုအခါ ငါးထပ်ကြီး ဘုရားလမ်းမှ တိုင်းရင်းဆေးရုံဝင်း၌ မီးဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ထားကြောင်း မီးသတ်အရာရှိက ပြောသည်။

မီးဘေးဒုက္ခသည်များ အပြောအရ အာဏာပိုင်များက မည်သည့်အထောက်အပံ့မျှ မပေးသေးကြောင်း သိရသည်။

''လတ်တလောမို့လို့လားတော့ မသိဘူး။ ကျမတို့ ဘာမှတော့ မရသေးဘူး။ ဒါပေမဲ့ အနီးအနားက လာပေးကြပါတယ်'' ဟု ဒုက္ခသည်တဦးက ပြောသည်။

ရန်ကုန်တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မကြာခဏ မီးလောင်တတ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာနမှ ဝါရင့် မီးသတ်ရဲဘော်တဦးက ပြောဆိုသည်။

''ဘာ့ကြောင့်ရှော့ခ်ဖြစ်လဲဆိုရင် လျှပ်စစ်မီးပြတ်တောက်မှု များလို့ပဲ။ လူတွေက စားဝတ်နေရေးအတွက် အလုပ်တွေ မနားမနေ လုပ်ကိုင်နေရတယ်။ ဒီအခါ ရုတ်တရက် အိမ်မှာ မီးပြတ်သွားမယ်။ အပြင်ကိုထွက်တော့ သတိက မေ့နေတတ်တယ်။ အပြင်အလုပ်ကိုပဲ စိတ်ရောက်နေတဲ့အတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီလို ရှော့ခ်ဖြစ်တာတွေကို တွေ့ရတယ်။ ကျနော်တို့ မီးသတ်ရဲဘော်တွေအနေနဲ့ မကြာခဏ တွေ့ရတဲ့ ဖြစ်ရပ်တခုပါပဲ'' ဟု သူက ဆိုသည်။

ယမန်နေ့ မီးလောင်မှုသည် ၂ဝ၁ဝ ပြည့်နှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံ၌ အကြီးမားဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန၏ တရားဝင် စာရင်းများအရ သိရသည်။

ယခုလ ၇ ရက်နေ့က ရန်ကုန်တိုင်း လှိုင်မြို့ နယ် ၂ ရပ်ကွက်ရှိ ၃ လမ်းနှင့် ၄ လမ်းကြားတွင် နေအိမ် ၅ လုံး မီးလောင်ခဲ့သလို၊ ၁ဝ ရက်နေ့ကလည်း သုဝဏ္ဏမြို့နယ် ရန်ကုန်သစ်ရပ်ကွက်တွင် နေအိမ် ၄ လုံး ဆုံးရှုံးခဲ့ရသေးသည်။

Ref: မဇ္ဈိမ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP