ဘယ်မှာလဲ ဖြစ်ထွန်းတိုးတက်မှုတွေ

>> Friday, January 22, 2010

သုတေသနနှင့်လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁/၂၀၁၀)

(၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်)

(နအဖ) စစ်အစိုးရအကြောင်းကို ပြောကြရင် သူတို့ ပြောနေလုပ်နေတာတွေကို ထောက်ပြပြီး ပြောတာပဲ ကောင်းတယ်ဗျာ။ ကိုယ့် စိတ်ထဲ/ ကိုယ့်ဆန္ဒထဲက ကိုယ်ဖြစ်ချင်တာတွေနဲ့ ပြောနေဆိုနေရင် အဖြစ်မှန်နဲ့ ဝေးနေလိ့မ်မယ်။

ဟိုလူဒီလူ လာတယ်။

ဟိုလူဒီလူနဲ့ ပေးတွေ့တယ်။ မိနစ်အစိတ် ကြာတယ်။

အိမ်ပြင်ခွင့်ရပြီ/ အယူခံတင်ခွင့်ရတယ်/ တရားသူကြီး ၂ ယောက်တောင် နားထောင်တယ် စသဖြင့် ဆိုရင်ပဲ … မီဒီယာတွေမှာ ဟိုလို ဖြစ်နိုင်တယ်/ဒီလိုဖြစ်နိုင်တယ် စသဖြင့် ကြားရတတ်ပါတယ်။ ဒါပေမယ့် လက်တွေ့တော့ ဘာမှ ဖြစ်မြောက်လာတာ အခုထိ မရှိသေးပါဘူး။

တခြားတော့ မသိလို့ မပြောတတ်ပါဘူး။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ် (Kurt Campbell) က စိတ်မရှည်တော့ပါဘူး။

“အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပေမဲ့ အကန့်အသတ်မရှိ သည်းခံနေမှာမဟုတ်ဘူး” လို့ ပြောထွက်လာပါတယ်။

(နအဖ)စစ်အစိုးရအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သည်းခံနိုင်မှုဟာ ပုဏ္ဏကဘီလူးနဲ့ ကြွေအံကစားရတဲ့ ဘုရားအလောင်း ဝိဒူရအမတ်ကြီးလို သည်းခံနိုင်စွမ်းအား ကြီးမားလှပါပေတယ်။

ဂျင်ဝဘ်တို့၊ ကင်းဘဲလ်တို့ ပြန်သွားပြီးကတည်းက လောက်လောက်လားလား ပြောစရာဆိုစရာ ဘာတွေများ ဖြစ်ထွန်းတိုးတက်တာတွေ ရှိခဲ့လို့လဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဝင်ဘာ (၁၁) ရက်ပေးစာမှာ ပါတဲ့ ဒီချုပ်အီးစီ စုံညီတွေ့ရေးနဲ့ ဗိုလ်သန်းရွှေနဲ့တွေ့ရေး/ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် /ခွန်ထွန်းဦး/ မင်းကိုနိုင် စတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွှတ်ပေးရေး ဆိုတဲ့ အခရာကျတဲ့ အချက်တွေ ဖြစ်မလာပါဘူး။

(နအဖ) စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကို နိုင်ငံရေးအဆင့်နေရာ ပေးရမယ့်ကိစ္စ/ နိုင်ငံရေးအရ အသိအမှတ်ပြုရမယ့် သဘောဆောင်တဲ့ ကိစ္စမှန်သမျှ အသိရှိရှိ ရှောင်လွှဲနေတာ သေချာပါတယ်။ ဒီလိုရှောင်လွှဲနေတာဟာ အထက်က ပေါ်လစီကို ဆုံးဖြတ်ချမှတ်နေတဲ့ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုရဲ့ သဘောထားကြောင့် ဖြစ်တယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်ထားသင့်ပါတယ်။

ဒီလိုနိုင်ငံရေးကိစ္စတွေကို ရှောင်လွှဲနေပြီး (နအဖ) စစ်အစိုးရက လိုက်လျောနေပါတယ်ဆိုတဲ့ ကိစ္စတွေကို ဖြစ်ထွန်းတိုးတက်မှုတွေပါလို့ သဘောမထားနိုင်ပါဘူး။

ဒီလိုမှမဟုတ်ရင် “အောက်ခြေက မကောင်းလို့ အထက်က ဘာမှမသိရဘူးဖြစ်နေတယ်” ဆိုတဲ့ သုံးသပ်မှုအမှားနောက်ကို လိုက်သွားပါလိမ့်မယ်။ အရာရာကို အထက်က ဆုံးဖြတ်နေတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဖြစ်ပါတယ်။ အမိန့်မှန်သမျှ ဗိုလ်သန်းရွှေဆီကပဲ ဆင်းသက်ပါတယ်။ တီဗွီ/ရေဒီယိုနဲ့ သတင်းစာတွေမှာ ရေးနေသားနေ၊ ပြောဆိုနေတာတွေဟာ အထက်အမိန့်/ညွန်ကြားချက်နဲ့ သဘောထားတွေကို တိုက်ရိုက်ထင်ဟပ်နေတာပဲ ဖြစ်ပါတယ်။ အထက်အမိန့်မနာခံတဲ့အတွက် ဗိုလ်ခင်ညွန့် ပြုတ်သွားတယ်မဟုတ်ပါလား။

အခု ဗိုလ်သန်းရွှေတို့ စစ်အုပ်စု ပြိုင်ဘက်ကင်းပြီး ဓါးထက်နေတဲ့အချိန် ဖြစ်ပါတယ်။ တပ်မ (၆၆) လက်အောက်ခံ (ခမရ ၈၀) တပ်ရင်းလို ပုန်ကန်အာခံမှုတွေ ပေါ်ပေါက်နေမှာဖြစ်ပေမယ့် သူတို့ဘက်ကလ က်ဦးမှုရှိရှိ ကိုင်တွယ်နေနိုင်ဦးမှာဖြစ်ပါတယ်။

(နအဖ) စစ်အစိုးရဘက်ကလည်း တိုင်းရင်းသား ပြည်သူများ တခဲနက် အတည်ပြုထားတယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြုပြင်ပေးမယ့် အရိပ်အယောင် တစိုးတစိမျှ မတွေ့ရသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ချမှတ်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ခိုင်ခိုင်မာမာ ဆုပ်ကိုင်ရပ်တည်ထားတယ်။

ဒီလိုအနေအထားမှာ နိုင်ငံတကာပြောနေတဲ့ အင်အားစုအားလုံး ပါဝင်နိုင်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ဘယ်လိုကျင်းပပေးမလဲ။

အင်အားစုအားလုံး ပါဝင်နိုင်ဖို့ဆိုရင် အင်အားစုအားလုံး တညီတညွတ်တည်း တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြန်လည်သုံးသပ် ပြင်ဆင်ရေးကပဲ စတင်ရလိမ့်မယ်။

ဒီကိစ္စ အခြေခံအားဖြင့် ပြီးစီးမှသာလျှင် ရွေးကောက်ပွဲကို ဘယ်လိုတရားမျှတအောင် ကျင်းပမလဲဆိုတဲ့ ကိစ္စကို စဉ်းစားကိုင်တွယ်နိုင်လိမ့်မယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ကိုင်စွဲထားတာနဲ့ တပြိုင်နက်တည်း (နအဖ)စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မပြင်ဆင်ဘူးဆိုရင် ဘာလုပ်မယ်ဆိုတာ အဖွဲ့ချုပ်အတွင်းမှာ ရှင်းရှင်းလင်းလင်း ဆွေးနွေးပြင်ဆင်ထားဖို့ ယခုလိုနေပါပြီ။

Ref: လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP