ရွေးကောက်ပွဲလုပ်မယ့်ရက်ကိုမကြေညာရဲတဲ့နအဖ
>> Saturday, January 16, 2010
နအဖက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ပဲပြောနေတယ်။ ဒါပေမဲ့ ဘယ်တော့ဘယ်လို လုပ်မလဲဆိုတာကိုတော့ ဝှက်ဖဲ တခုလိုချန်ထားတယ်။ မပြောဘူး။ အရိပ်အရောင်လေးမှ မပြောဘူး။ အဲဒီတော့ သဘာဝကျစွာပဲထင်ကြေးတွေ အများကြီးပေးတာ ဖြစ်လာတယ်။
ဒီလိုနဲ့ မကြာသေးခင်လေးကတော့ ဂျပန်နိုင်ငံကသြဇာကြီးသတင်းစာတစောင်ဖြစ်တဲ့ အဆာဟိရှင်ဘွန်းထဲမှာ ဒီနှစ် ၁၀-လ ၁၀-ရက်နေ့မှာ ရွေးကောက်ပွဲကို လုပ်မှာလို့ ထင်ကြေးအတိအကျပေးလာတာ တွေ့ရတယ်။ ဒီသတင်းစာရဲ့သြဇာကြီးမှု၊ သတင်းဖော်ပြပုံဖော်ပြနည်း၊ နောက်ပြီး ဗမာပြည်ကစစ်အုပ်စုနဲ့ ဂျပန်နဲ့နီးစပ်မှုရှိတဲ့အစဉ်အလာ စတာတို့ကြောင့် ဒီဖော်ပြချက်ကို အတော်အလေးထားစဉ်းစားစရာ ဖြစ်လာတယ်။
ဗေဒင်ကိန်းခန်းယတြာတွေကို အခြေခံတဲ့ဗမာ့စဉ်းစားနည်းကို အခြေခံပြီး ထင်ကြေးပေးလိုက်ပုံပဲ။ ဗမာပြည်က စစ်အုပ်စု ထိပ်သီးတွေကလည်း အယူသည်း၊ ဗေဒင်ယုံပါဘိသနဲ့။ ဆယ်ဂဏန်း (၃)လုံးဆုံတဲ့ရက်ကိုရွေးပြီး ထင်ကြေးပေးပုံပဲ။ အချိန်အရပြောရရင် အောက်တိုဘာလဟာ ၂၀၁၀ ကုန်ဖို့ ဘာမှမလိုတော့တဲ့အချိန် ဖြစ်တယ်။ တခါ ၁၉၉၀-ရွေးကောက်ပွဲ ဟာလည်း ၉-ဂဏန်းတွေ(၃)လုံးဆုံတဲ့ ၁၉၉၀၊ မေလ (၂၇) မှာ ကျင်းပခဲ့တာဆိုတော့ စဉ်းစားထိုက်တယ် ထင်ပါတယ်။ ဒါက ထင်ကြေးပေးပုံတမျိုး။
နောက်တမျိုးကတော့ နိုင်ငံရေးကို အခြေခံတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ပြောပြီး (ဘယ်နေ့ ဘယ်လို) ယတိပြတ် ဘာမှမပြောဘဲထားတာဟာ NLD ဖြိုခွဲရေးလုပ်ဖို့ အချိန်ယူနေတာပဲဆိုတဲ့ ထင်ကြေးပေးမှု ဖြစ်တယ်။ တပါတည်းမှာ နအဖနဲ့ တသားတည်း မကျတဲ့တခြားနိုင်ငံရေးအင်အားစုတွေလည်း ဒီပစ်ကွင်းထဲမှာ ပါမယ်လို့ ယူဆရတယ်။ ကွာရင် အရင်နဲ့နောက်ပဲ ကွာမယ်။ လေးကြိုးကို ငင်ပြီးပြီ။ ဒါပေမဲ့ မြားကို ဘယ်သူ့ဘက်ချိန်ပြီး ပစ်မလဲဆိုတာမှာ မတင်မကျ လုပ်ထားတာပဲ။ စဉ်းစားစရာက -
• NLD နဲ့ စေ့စပ်ဆွေးနွေးချင်လို့လား။
• NLD ကို '၂' ခြမ်းကွဲအောင် လုပ်ချင်တာလား။
• NLD ကို အားမရှိဘဲ နိင်ငံရေးဈေးမဆစ်နဲ့ နာသွားမယ်လို့ ခြိမ်းခြောက်ချင်တာလား။
• NLD ခေါင်းဆောင်မှုအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေးမှာ အကျပ်အတည်းတွေ့အောင် လုပ်ချင်တာလား။
(အများကြီး စဉ်းစားနိုင်ပါတယ်။)
နောက်တချက်ဖြစ်နိုင်တာက နအဖအနေနဲ့ သူတို့ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို သပိတ်ဝင် အိတ်ဝင်ရပြီးသားဆိုတာမှန်ပေမယ့် အဲဒီဖွဲ့စည်းပုံမှာ သူတို့စစ်တပ်က ယူဖို့သတ်မှတ်မထားတဲ့ ဝန်ကြီးနေရာတွေနဲ့ အမတ်နေရာတွေကိုလည်း သူတို့က လိုချင်မှာ သေချာတယ်။ အဲဒီအတွက် ပြင်ဆင်ရာမှာ စိတ်တိုင်းကျလောက်တဲ့လူ၊ စိတ်တိုင်းကျလောက်တဲ့ရုပ်ပြ စတာတွေကို ရှာမတွေ့၊ စီစဉ်လို့မရဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ သူတို့ဟာကိုယ့်တပ်ကိုယ်လည်းနိုင်လှတာမဟုတ်တော့ တလောကကို မှတ်လောက်သားလောက် ဆုံးမလိုက်ရတာတွေလည်း ရှိနေတယ်။
ကျွန်တော်တို့ကတော့ 'နိုင်ငံရေးအခြေခံတဲ့တွက်ကိန်း' ကိုပဲ သဘောကျတယ်။ ပိုပြီးကျိုးကြောင်းဆီလျော်တယ်လို့ ထင်တယ်။ ပြောရရင် ဗကပဟာ 'ဝါရင့်' ဥပဒေပြင်ပက အဖွဲ့အစည်းဖြစ်တယ်။ ၁၉၄၈ ကတည်းက (ဥပဒေပြင်ပမတရားသင်းပဲ)။ ၁၉၈၈ နောက်ပိုင်းကျတော့ အဖော်တွေများလာတယ်။ "မတရားသင်း ကြေညာခံရတဲ့" ပါတီအဖွဲ့အစည်းတွေ သိပ်များတယ်။ သူတို့နဲ့မိမိတို့ 'ရွေးကောက်ပွဲ သပိတ်မှောက်ရေး' ဘက်ကပဲရပ်ခံနေကြတာ ဘာမှမဆန်းဘူး။
နအဖ ကလည်း မိမိတို့တတွေ (ရွေးကောက်ပွဲဝင်တာ မဝင်တာ)ကို အလေးထားနေတာမဟုတ်ပါဘူး။ မှုလောက်စရာ မဟုတ်ဘူးလို့ သူတို့ကသဘောထားတာပဲ။ ဒီအဖွဲ့အစည်းတွေ ဥပဒေဘောင်တွင်းရောက်မလာတာက သူတို့အတွက် ပိုအကျိုးရှိတယ်လို့ သူတို့ကယူဆတယ်လေ။
သူတို့အလေးထားနေတာက NLD ပဲ။ သူတို့ကို ဒီကနေ့ဒီအခါမှာ တကယ်တမ်းဒုက္ခပေးနိုင်တာဟာ NLD ဖစ်တယ်ဆိုတာကို သူတို့ အသေအချာသိနေတယ်။ နိုင်ငံတကာအသိုင်းအဝန်းကလည်း NLD ကိုပဲ အလေးထားတယ်။ ဒါလည်း သဘာဝကျတယ်။ အားလုံးပါဝင်ရေးဆိုတာက NLD ပါဝင်ရေးကိုပဲ ပြောနေကြတာမဟုတ်လား။ မိမိကိုယ်မိမိ တတိယအင်အားစုပါ၊ စတုတ္ထအင်အားစုပါ ဆိုသူတွေကလည်း NLD ကိုပဲ ဦးတည်ပြောနေကြတယ်။
မပင့်တဲ့သံဃာက 'သင်္ကန်းတရုံရုံ' ဆိုတာမျိုး ဗကပ ကမလုပ်ဘူး။ NLD ကိုလည်း ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့မပြောဘူး။
အထူးပဲ ဆင်ခြင်တယ်။ ဒါပေမဲ့ တမျိုးသားလုံးအရေး၊ တိုင်းပြည်အရေးဖြစ်လို့ NLD ဘာလုပ်မလဲဆိုတာကိုတော့ ဗကပ က စိတ်ဝင်စားတယ်။ ရွှေဂုံတိုင် ရပ်တည်ချက်ပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်ရပ်စေချင်တယ်။ တချက်မှားရင် တသက်ခံရတတ်ပါတယ်။ ဒီနေ့အနေအထားမှာ NLD သာတခုခုဖြစ်သွားရင် နအဖဟာ ကျန်အတိုက်အခံအင်အားစုတွေ၊ အပစ်ရပ်အဖွဲ့တွေ၊ နောက်ပြီး ပြည်သူလူထုတွေအပေါ် နင်းဝင်မှာသေချာတယ်။
တဖက်မှာ နအဖကိုလည်း သတိပေးချင်တယ်။ ၁၉၄၈ မတ်လ (၁၂) ရက်မှာ (သတင်းစာတိုက် ၃ တိုက် ရိုက်ချိုးတယ်) ၁၉၄၈ မတ်လ ၂၈ ရက်မှာ (ဗကပ ချေမှုန်းရေး လုပ်တယ်)။ အဲဒီ ၁၆-ရက်ဟာ 'ဗမာပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်း' ကို တဆစ်ချိုးပြောင်းလဲစေခဲ့တာပဲ။ ပြည်တွင်းစစ်မီးဟာ အခုထိမငြိမ်းသေးဘူး။ မီးခဲပြာဖုံးဖြစ်နေတာ။ ဒီတချီ နအဖ အာဏာပိုင်တွေ အတွက်မှားလိုက်ရင် ပြည်တွင်းစစ်မီးဟာ တရှိန်ရှိန်တညီးညီး ထပ်ပြီးတောက်လောင်ပါလိမ့်မယ်။ နအဖအာဏာပိုင်တွေ အတွက်မမှားစေချင်ပါဘူး။ ခြောက်တိုင်းမကြောက်တဲ့၊ ဖိတိုင်းမပိတဲ့အင်အားစုတွေနဲ့ ပြည်သူတွေ ဗမာပြည်နိုင်ငံရေးလောကမှာ ရှိနေတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
၂၁ ရာစုမှာ ၂၀ ရာစုရဲ့ပုံစံအတိုင်း ပြန်မဖြစ်စေချင်ပါဘူး။ ဒါက 'ဆန္ဒ' ပါ။ လောကမှာ 'ဆန္ဒ' နဲ့ 'လက်တွေ့' က တထပ်တည်း အမြဲကျတတ်တာ မဟုတ်ပါ။ ဗကပ က လက်တွေ့ကိုပဲ အလေးထား လုပ်မယ်။
www.cpburma.org
Ref: ဗမာပြည်ကွန်မြူနစ်ပါတီ
0 comments:
Post a Comment