နအဖ၏ ကြောက်စရာအကောင်းဆုံးသော မဟာဗျူဟာ
>> Thursday, January 14, 2010
နအဖစစ်အစိုးရရဲ့ ကြောက်စရာအကောင်းဆုံးမဟာဗျူဟာတခုဟာ သွေးခွဲအုပ်ချုပ်ခြင်းပဲဖြစ်ပါတယ်။ ပြည်သူတွေအချင်းချင်း မညီမညွတ်ဖြစ်မှ သူတို့ရဲ့ရာဇပလ္လင်ကြာရှည်ဖင်မြဲမှာပါ။ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူ ဘယ်သူ့ကိုမှ စည်းလုံးခွင့်ပေးမှာမဟုတ်ပါဘူး။ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေဖြစ်အောင်၊ အဖွဲ့အစည်းအချင်းချင်း ညီညွတ်မှုပျက်ပြားအောင် တခုမဟုတ်တခု လုပ်ဆောင်နေမှာဖြစ်ပါတယ်။
ယခုအခါ မြန်မာနိုင်ငံမှာ ကျောင်းသားတွေကို တစုတဝေးတည်းကျောင်းတက်ခွင့် မပေးတော့ပါဘူး။ ကျောင်းသားတွေစုစည်းနိုင်တဲ့ နေရာမှန်သမျှကို ဖျတ်ဆီးပစ်ပါတယ်။ ရန်ကုန်မှာဆိုရင် ဘာသာရပ်အလိုက် ကျောင်းတွေကိုလူသူကင်းဝေးရာ ကျေးရွာဇနပုဒ်တွေဆီကို ပို့ပစ်ပါတယ်။ နယ်တွေမှာ တက္ကသိုလ်၊ ကောလိပ်တွေပေါ်လာပြီး နယ်ကျောင်းသားတွေကို နယ်မှာပဲကျောင်းတက်စေပါတယ်။ ရန်ကုန်မှာတင် ဘာသာရပ်မတူတဲ့ကျောင်းသားတွေ တကွဲတပြားစီဖြစ်သွားသလို ရန်ကုန်ကျောင်းသားနဲ့နယ်ကျောင်းသားကိုလည်း ခွဲခြားထားလိုက်ပြီး အဆက်အသွယ်ပြတ်တောက်သွားစေပါတယ်။ ဒါဟာ နအဖစစ်အစိုးရရဲ့ ဖြိုခွဲရေးမဟာဗျူဟာပါ။
ပြည်သူအချင်းချင်းသွေးကွဲအောင်လုပ်တာ ရွှေဝါရောင်တော်လှန်ရေးက သာဓကတခုပါ။ စွမ်းအားရှင်၊ ကြံ့ဖွတ်တို့လို ပုဆိန်ရိုးလက်ကိုင်တုတ်တွေမွေးထားတယ်။ ဆိုက်ကားသမား၊ မြင်းလှည်းသမားတွေကို သူတို့ရတဲ့နေ့စားခထက်ပိုပေးပြီး ငှားတယ်။ အဲဒီလူတွေနဲ့ မေတ္တာသုတ်ရွတ်ပြီးအေးချမ်းစွာလမ်းလျှောက်ကြတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို ၀င်ရိုက်ခိုင်းတယ်။ အဓမ္မဖမ်းဆီးတယ်။ နိုင်ငံတကာကကြည့်ရင် ပြည်သူအချင်းချင်းဖြစ်ကြတဲ့ အဓိကရုဏ်းတခုလို ဖန်တီးလိုက်တယ်။ သိပ်ကြောက်စရာကောင်းပါတယ်။
ရွှေဝါရောင်တော်လှန်ရေးပြီးတော့လည်း စစ်အစိုးရအလိုကျလိုက်လျောဆက်ဆံတဲ့သံဃာတွေနဲ့ ပတ္ထနိက္ကုဇ္ဇကံကို ဆက်လက်ဆောင်ထားပြီး ပြည်သူဖက်ကရပ်တည်ပေးနေတဲ့သံဃာဆိုပြီး နှစ်စုကွဲသွားပါတယ်။ သူတို့နဲ့ပလဲနံပသင်တဲ့သံဃာတော်တွေကို ဘွဲ့တံဆိပ်တွေ ဆက်ကပ်ပြီး လိုလေသေးမရှိအောင် မြှောက်စားထားကြပေမယ့် ပြည်သူဖက်ကရပ်တည်တဲ့ သံဃာတော်တွေကို ထောင်ထဲထည့်ထားတယ်။ ထောင်အပြင်ဖက်မှာဆိုရင်လည်း နည်းမျိုးစုံနဲ့နှိပ်ကွပ်တယ်။ ဘုရားသားတော်တွေကိုတောင် ချမ်းသာခွင့်မပေးတဲ့ စစ်အစိုးရရဲ့သွေးခွဲရေးမဟာဗျူဟာပါ။
ဒီလိုပုံစံမျိုးပဲ စစ်အစိုးရကိုဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတိုင်း၊ အတိုက်အခံပါတီတိုင်းကိုလည်း မကွဲ ကွဲအောင်ဖြိုခွဲခဲ့တယ်။ သပ်လျှိုပြီး ဖြိုခွဲဖို့ကြိုးစားနေဆဲလည်းဖြစ်တယ်။ နှစ်ဖွဲ့ကွဲသွားပြီဆိုရင် အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းတယ်။ အေးလွင်၊ ဖြိုးမင်းသိန်းတို့လို လောက်ကောင်တွေနဲ့ အတိုက်အခံပါတီ နာမည်တူတွေဖွဲ့ခိုင်းပြီး တန်ပြန်ပါတီတွေထောင်ကြတယ်။ အတိုက်အခံပါတီတွေကပဲ စစ်အစိုးရကို သဘောတူသယောင်ယောင် နိုင်ငံတကာနဲ့ပြည်သူတွေကြား သတင်းလွှင့်တယ်။ မျက်စိပိတ် နားပိတ်ခံထားရတဲ့ပြည်သူတွေ သို့လောသို့လောနဲ့ ထင်ယောင်ထင်မှားတွေဖြစ်ကုန်တယ်။ ပြည်ပသတင်းမီဒီယာများ ဒီလိုသတင်းတွေကို ဂရုပြုကြစေချင်ပါတယ်။
အင်တာနက်ဝက်ဆိုဒ်တွေပေါ်မှာလည်း ဘာသာတရားနဲ့ပတ်သတ်ပြီး အပြန်အလှန်ပုတ်ခတ်စော်ကားထားတဲ့စာတွေ တွေ့နေရပါတယ်။ ဘာသာတရားတိုင်းရဲ့အနှစ်သာရ အလင်းရောင်ဟာ ငြိမ်းချမ်းရေး၊ လွတ်မြောက်ရေးကို ဦးတည်ဖို့ပဲဖြစ်တယ်။ ဘာသာတရားဟာ လူ့လောကကြီး ငြိမ်းချမ်းအေးမြစေဖို့အတွက် အထိန်းအကွပ်တခုသာဖြစ်တယ်။ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ ပုတ်ခတ်စော်ကားဖို့ တိုက်ခိုက်ကြဖို့ နည်းပေးလမ်းပြလုပ်တဲ့ အဖျက်အဆီးမဟုတ်ပါဘူး။ မိမိဘာသာကို နက်ရှိုင်းစွာ ယုံကြည်ကိုးကွယ်သူတွေဟာ တခြားဘာသာကို မတော်မတရားရေးဖို့မပြောနဲ့၊ စဉ်းတောင်စဉ်းစားမိကြမှာမဟုတ်ပါဘူး။ ကလိမ်ကကျစ်မြေခွေးဥာဏ်နဲ့ ပြည်သူတွေရဲ့စည်းလုံးမှုပျက်စီးရာပျက်စီးကြောင်းကို အမြဲတမ်းချောင်းမြောင်းနေကြတဲ့ နအဖစစ်အစိုးရရဲ့ ပြည်သူချင်းပဋိပက္ခဖြစ်အောင်လို့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်နိုင်ပါတယ်။
သတိရှိရှိနဲ့ စဉ်းစားကြစေချင်ပါတယ်။ နအဖစစ်အစိုးရနှပ်ကြောင်းသွင်းပေးလိုက်တဲ့အတိုင်း လိုက်ချိုးမိကြရင် ကျနော်တို့ပြည်သူတွေ ပြာပုံတိုးနေရတဲ့ဘ၀က တက်တော့မှာမဟုတ်ပါဘူး။ ကျနော်တို့ပြည်သူ၊ တော်လှန်ရေးသမားနဲ့ နိုင်ငံရေးသမားတွေရဲ့ အားနည်းချက်အရှိဆုံးက စည်းလုံးမှုပျက်ပြားနေခြင်းပါပဲ။ ဒီလိုသွေးခွဲအုပ်ချုပ်နေတာကို ဆန့်ကျင်တော်လှန်ဖို့အတွက် ပြည်သူတွေမှာ စစ်မှန်တဲ့စည်းလုံးညီညွတ်မှု လိုအပ်ပါတယ်။ အပေါ်ယံလူလုံးပြကောင်းရုံလောက်
သွေးစည်းညီညွတ်မှုနဲ့ တော်လှန်ရေးကြီး အဓွန့်ရှည်တည်တံ့ဖို့ မကြိုးစားကြပါနဲ့တော့။ အုပ်ချုပ်သူလူတန်းစားနဲ့ အဖိနှိပ်ခံလူတန်းစားကို ခွဲခြားပြီးမြင်ပေးကြပါ။ အချင်းချင်း မဟုတ်တာလုပ်နေတာတွေ့ရင် တားဆီးဖို့ကြိုးစားကြပါ။ မမှန်တာကို မမှန်ဘူးလို့ပြောပါ။ မိတ်ပျက်မှာစိုးလို့၊ မျက်နှာနာစရာကောင်းလို့ ဆိုတဲ့ ဟန်ဆောင်ပန်ဆောင်လိုက်လျောမှုတွေဟာ ရန်သူရဲ့ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်တွန်းလှန်ရာမရောက်ဘဲ တွန်းအားပေးကုညီရာရောက်နေပါတယ်။ ဒါကြောင့် လူမျိုးတိုင်း၊ ဘာသာတရားတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ စစ်မှန်တဲ့စည်းလုံးညီညွတ်မှုနဲ့ ပြည်သူတိုင်းရဲ့ဘုံရန်သူဖြစ်တဲ့ နအဖစစ်အစိုးရကို ဆန့်ကျင်တွန်းလှန်ကြပြီး အမိနိုင်ငံရဲ့နေ့သစ်ကို ဆောင်ကြဉ်းကြပါစို့။ ။
1 comments:
ရောက်တယ်
ဖတ်တယ်
မှန်ပါပေတယ်
သတိရှိကြပါ
Post a Comment