နေရာအထားမှားလေတော့........

>> Sunday, January 6, 2013


မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်း သူငယ်ချင်းတယောက်အလုပ်ကို ၀ိုင်းကူလုပ်ပေးရင်းနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (Myanmar Economic Corporation-MEC) နှင့်တကွ ၄င်း၏လက်အောက်ခံ စက်ရုံများသို့ ရောက်ဖြစ်ခဲ့သည်။ MEC ရုံးချုပ်တွင်းမှအစ စက်ရုံများအားလုံးမှာ တပ်မတော်မှထိပ်ပိုင်းအရာရှိကြီးများ၊ ဗိုလ်ကြီး၊ ဗိုလ်လတ်၊ ဗိုလ်ငယ်၊ ဗိုလ်ဘုစုခရုတို့ဖြင့်ဖွဲ့စည်းထားပြီး ယခင်စစ်အာဏာရှင်တို့၏ အုပ်ချုပ်ပုံယန္တရားအတိုင်း လည်ပတ်နေဆဲဖြစ်သည်။

ထိုသို့သူငယ်ချင်းအားဝိုင်းလုပ်ပေးရင်းဖြင့် တနေ့ နယ်မြို့တမြို့မှ တပ်မတော်စက်ရုံတရုံသို့ ရောက်သွားခဲ့သည်။ စက်ရုံတွင်လုပ်ရန်လိုအပ်သည်များကို လုပ်ပြီးနောက် ၀န်ထမ်းတဦးမှ စက်ရုံမှူး (ဗိုလ်မှူးကြီး) မှ ခဏတွေ့ချင်ပါသည်ဟု ပြောလာသဖြင့် စက်ရုံမှူးနှင့်တွေ့ရန် ခဏစောင့်နေရသည်။

စက်ရုံမှူးရုံးခန်းတွင်းရောက်သွားသည့်အခါ အသက် ၆၀ နီးပါးအရွယ် ရည်ရည်မွန်မွန်နှင့် ပွင့်လင်းဖော်ရွှေပုံရသော စက်ရုံမှူးကို (အငြိမ်းစားဗိုလ်မှူးကြီး ဟုထင်ရသည်) တွေ့ရသည်။ သူကပင်စ၍ ဘယ်ကုမ္ပဏီကလဲ၊ ဘာရာထူးနဲ့လုပ်နေတာလဲ၊ အဆင်ပြေမပြေ စသည့် အလ္လာပသလ္လာပ စကားတို့ဖြင့် မေးမြန်းပြောဆိုပြီးနောက် ယနေ့မြန်မာနိုင်ငံသည် ယခင်ကနှင့်မတူဘဲ တိုးတက်ပြောင်းလဲလာပုံကို ရွှန်းရွှန်းဝေအောင် ပြောဆိုနေပါတော့သည်။ ကျနော်လည်း အလိုက်သင့်အလျားသင့် ပြန်လည်ပြောဆိုနေချိန်တွင် သူက “တပ်မတော်စစ်သားများအပေါ် ပြည်သူတယောက်အနေဖြင့် ဘယ်လိုအမြင်ရှိသလဲ” ဟု ဗြုန်းကနဲ ကောက်ခါငင်ခါ မေးလာခဲ့သည်။

ဤနေရာတွင် ကျနော်၏၀တ်ထားပုံကို ကြားဖြတ်ဖော်ပြလိုသည်။ ကျနော်ကအမြဲတမ်းလိုလို ဂျင်းဘောင်ဘီနှင့် စပို့ရှပ် (သို့) ရှပ်လက်တိုနှင့် လျှောက်သွားနေလေ့ရှိသည်။ ရှမ်းလွယ်အိတ်ပင်နီရောင်ကို ခပ်တိုတိုထုံးထားပြီး ဘေးတွင်လွယ်ထားလေ့ရှိသည်။ ထိုပင်နီရောင်လွယ်အိတ်ကြောင့်ပင် ထိုစကားမျိုးမေးသည်ဟု ထင်ရပါသည်။

“ကျနော်ပွင့်ပွင့်လင်းလင်း ပြောလို့ရနိုင်မလားခင်ဗျာ” ဟု စကားပလ္လင်ခံ၍ အရင်ပြန်မေးရသည်။

“ဟာ ရပါတယ်။ ပြောပါ ပြောပါ”

“တပ်မတော်နဲ့ တပ်မတော်သားဆိုတာ တိုင်းပြည်တပြည်မှာ မရှိမဖြစ်လိုအပ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးပါ။ ဒါပေမယ့်………..”

“အင်း………..”

သူ့ဆီမှ အင်းအရှည်ကြီးဆွဲသံကိုကြားရသည်။ ကျနော်လည်း စကားခဏဖြတ်ထားပြီးမှ မထူးဇာတ်ခင်းကာ

“အန်ကယ်တို့ ယူနီဖောင်းအပြည့်အစုံမှာ ဦးထုပ်လည်းပါတယ်ထင်ပါတယ်။ အဲဒီ့ဦးထုပ်ကို ဦးထုပ်ထားတဲ့နေရာမှာမထားဘဲ ဖိနပ်စင်ပေါ်မှာ တင်ထားရင် ကြည့်လို့မြင်လို့ တော်ပါ့မလားခင်ဗျာ။”

ပြန်ပြောသံမကြားရ။

“တပ်မတော်ဆိုတာ နိုင်ငံရဲ့ရန်မှန်သမျှကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းလို့ ကျနော်မြင်သလို တပ်မတော်သားစစ်သားတွေရဲ့ စစ်ထဲဝင်ချင်တဲ့ ရည်ရွယ်ချက်ကလည်း ဒီလိုပဲလို့ ကျနော်မြင်ပါတယ်။ စီးပွားရေးလုပ်ဖို့၊ နိုင်ငံရေးလုပ်ဖို့ စစ်ထဲဝင်ကြတာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။

ဒါပေမယ့် ခုအစိုးရလက်ထက်မှာ တပ်မတော်က တိုင်းပြည်ရဲ့စီးပွားရေးတွေကို ချုပ်ကိုင်ချယ်လှယ်နေတာ၊ ခုနအန်ကယ်ပြောတဲ့ တိုးတက်လာပါပြီဆိုတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေဟာ ယူနီဖောင်းတွေတကားကားနဲ့ နိုင်ငံရေးပိုင်းမှာ ပါဝင်နေတာတွေဟာ အမြင်မတော် ဆင်တော်နဲ့ခလောက်လို ဖြစ်နေပါတယ်။

ကျနော်စကားအမှားပါရင် ခွင့်လွှတ်ပါအန်ကယ်။ လက်ရှိကျနော်တို့နိုင်ငံရဲ့ တပ်မတော်ဟာ အုပ်ချုပ်သူတစုရဲ့ နေရာအထားအသိုလွဲမှားနေတဲ့အတွက် အမြတ်တနိုးနဲ့လေးလေးစားစားရှိရမယ့် ဦးထုပ်ကို ဖိနပ်စင်ပေါ်တင်ထားသလို အကြည့်ရအရမ်းဆိုးနေပါသေးတယ် အန်ကယ်”

ကျနော်ရပ်လိုက်သည်။ ဆက်မပြောတော့။ ခဏကြာတော့မှ သူ့ဆီမှစကားတခွန်းထွက်လာသည်။

“အန်ကယ်တို့ကလည်း အထက်အမိန့်အရ ထားရာနေစေရာသွားပါကွာ”

ထို့နောက်တွင်တော့ ကျနော်တို့ စကားလမ်းကြောင်းပြောင်းသွားကြသည်။ သူကလည်း လူကြီးတယောက်မှ ဆုံးမသည့်အနေဖြင့် အလုပ်ကိုကြိုးကြိုးစားစား၊ ရိုးရိုးသားသားလုပ်ရန် စကားများကိုသာပြောဆိုပြီး ခဏအကြာ ကျနော်လည်း ရန်ကုန်ပြန်ရန် ကားလက်မှတ်အချိန်မီဝယ်ရမည်ဖြစ်သောကြောင့် နှုတ်ဆက်ထွက်လာခဲ့တော့သည်။

မောင်ပါလ
၀၆.၀၁.၂၀၁၃

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP