ကြံ့ဖွံ့အစိုးရ နောက်ကွယ်နှင့် အာဏာရှင်ဒီမိုကရေစီ

>> Tuesday, February 7, 2012

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းစပေါ်ကို ရောက်နေပြီလို့ ပြောနေကြပါတယ်။ ဒါ့အပြင် ကြံ့ဖွံ့အစိုးရခေါင်းဆောင်ပိုင်းတချို့ကလည်း ဘယ်တော့မှ နောက်ပြန်မလှည်တော့ပါဘူးလို့ ပြောနေကြတယ်။ တချို့ပြောင်းလဲမှုတွေကိုလည်း အမှန်တကယ်တွေ့နေရပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ခြေချနေကြပြီလို့ ပြောနေကြပေမယ့် တချို့ကိစ္စတွေကို အာဏာရှင်စရိုက်၊ အာဏာရှင်အကျင့်တွေအတိုင်း ကျင့်သုံးနေကြတာလည်း မြင်နေ၊ ကြားနေရပါတယ်။ ဒီတော့ ကြံ့ဖွံ့အစိုးရဖော်ဆောင်မယ့် ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

၂၀၁၁-ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ပါတီရယ်လို့ မဖြစ်ခင် န၀တစစ်အစိုးရလက်ထက် ၁၉၉၃ ခု၊ စက်တင်ဘာ ၁၅ မှစတင်ပြီး ၁၉-နှစ်ကြာ လက်သပ်မွေးမြူထားခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖွဲ့အစည်းဟာ လက်ရှိကြံဖွံ့အစိုးရဆိုတာ လူတိုင်းသိကြပါတယ်။ ၁၉-နှစ်ကြာ စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ ပြုစုပျိုးထောင်ခဲ့တယ်။ Road Map ဆိုတာကြီးကို နှစ်ရှည်လများ အကောင်အထည်ပေါ်အောင် ကြိုးစားခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စစ်အာဏာရှင်စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ပြည်သူ့ဆန္ဒခံယူပွဲဆိုတာကို လိမ်လည်လုပ်ဆောင်ခဲ့တယ်။ မဲခိုးပြီး ရွေးကောက်ပွဲအနိုင်ရအောင် ကောက်ကျစ်စွာလုပ်ဆောင်ပြီး တိုင်းပြည်အာဏာ ရယူခဲ့တယ်။ ဒါတွေအားလုံးရဲ့ လက်သည်တရားခံဟာ စစ်အာဏာရှင်အုပ်စု၊ ကြံ့ဖွံ့အစိုးရဆိုတာက အာဏာရှင်ရဲ့လက်ကိုင်တုတ်။ ဒါတွေအားလုံးကို စစ်အာဏာရှင်တွေ စနစ်တကျ လုပ်ဆောင်ခဲ့ကြတာ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်ချက်တခုတည်းကြောင့် ဟုတ်နိုင်ပါ့မလားဆိုတာ စဉ်စားစရာဖြစ်နေပါတယ်။

ယနေ့မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ရောင်ခြည်သမ်းနေပါပြီ။ လတ်တလောကာလဟာ အပြောင်းအလဲတခုကို မဖြစ်မနေပြုလုပ်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။ ဒါကို လက်ရှိကြံ့ဖွံ့အစိုးရ၊ NLD ပါတီနှင့်တကွ အတိုက်အခံများ၊ ပြည်သူအားလုံးပါ သိနေကြပါတယ်။ နောက်ပြန်လှည့်ဖို့ဆိုတာကလည်း တော်တော်မလွယ်ကူတဲ့အနေအထားဆိုတာ သုံးသပ်မိကြပါလိမ့်မယ်။ မြန်မာပြည်ဟာ အမှန်တကယ် ပြောင်းလဲနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ယနေ့ဖြစ်ပေါ်နေတဲ့ အတိုက်အခံ NLD ပါတီအပေါ် ပြည်သူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေကို ကြံ့ဖွံ့အစိုးရက ကြည်ဖြူစွာလက်ခံနိုင်ပါ့မလား။ စစ်အာဏာရှင်တွေ စနစ်တကျဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့အစိုးရဟာ တိုင်းပြည်ရဲ့အာဏာကို အတိုက်အခံလက်ထဲ အလွယ်တကူထည့်ပေးပြီး မင်းတို့ပဲပြောင်းလဲရေးအတွက် လုပ်ကြတော့ ဆိုပြီး အသာတကြည်ဆင်းပေးနိုင်ပါ့မလား။ စနစ်တကျလည်း ဖွဲ့စည်းအာဏာယူထားတယ်။ နောက်ပြန်လှည့်ဖို့ဆိုတဲ့ အာဏာသိမ်းအကြမ်းဖက်နည်းကိုလည်း ဆုပ်ကိုင်ထားဖို့ မလွယ်တော့ဘူး။ တိုင်းပြည်ပြောင်းလဲမှုကိုလည်း ဖော်ဆောင်ရမယ်။ လူထုခေါင်းဆောင်နဲ့ အတိုက်အခံကိုလည်း အာဏာလွှဲပေးဖို့ အစီအစဉ်မရှိဘူးဆိုခဲ့ရင် အာဏာရှင်လက်ကိုင်တုတ် ကြံ့ဖွံ့အစိုးရရဲ့ ရည်ရွယ်ချက်က တိုင်းပြည်ပြောင်းလဲမှုကို ၄င်းတို့ကိုယ်တိုင် လုပ်နေတယ်ဆိုတာကို ဖော်ဆောင်ပြရင်း အနုနည်းနဲ့ အာဏာကို နှစ်ပေါင်းကြာမြင့်စွာ ချုပ်ကိုင်ထားနိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။

ကြံ့ဖွံ့အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ဖို့ လုပ်ဆောင်ပြမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတွေက ဒီမိုကရေစီနည်း၊ စနစ်တွေကို စနည်းနာပါလိမ့်မယ့်။ အမေရိကတို့၊ ဥရောပတို့က ဒီမိုကရေစီစနစ်တွေဟာ ယဉ်ကျေးမှုအရရော ပထ၀ီအနေအထားအရပါ မတူညီတဲ့အပြင် အရမ်းဝေးကွာလွန်းနေတဲ့အတွက်ကြောင့် ထည့်သွင်းစဉ်းစားကြမှာ မဟုတ်ပါဘူး။ အာရှ၊ အရှေ့တောင်အာရှ စတဲ့နိုင်ငံတွေမှာ လက်ခံကျင့်သုံးနေကြတဲ့ အရှေ့တိုင်းဒီမိုကရေစီနည်းကိုပဲ အဓိကထားစဉ်းစားကြပါလိမ့်မယ်။ စစ်တပ်ကမကြာခဏအာဏာသိမ်းနေရတဲ့ မတည်မငြိမ်နိုင်ငံရေးနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကိုလည်း ကြံ့ဖွံ့အစိုးရ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ အတိုက်အခံပါတီတွေနဲ့ နင်တလှည့် ငါတလှည့် အာဏာလုနေရတဲ့ စင်္ကာပူနိုင်ငံက ဒီမိုကရေစီစနစ်ကိုလည်း သဘောကျနှစ်ခြိုက်ကြမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၅၀-ကျော်ကြာ တပါတီထဲ အာဏာရယူနိုင်ထားတဲ့ မလေးရှားနိုင်ငံက လက်ရှိအစိုးရ (UMNO ပါတီ) ရဲ့ အာဏာရှင်ဒီမိုကရေစီစနစ်ကတော့ ကြံ့ဖွံ့အစိုးရကို သားရည်ကျနိုင်စရာ ဖြစ်နေပါတယ်။

ဒီနေရာမှာ မလေးရှားနိုင်ငံက အာဏာရပါတီထက် စစ်အာဏာရှင်လက်ကိုင်တုတ် ကြံ့ဖွံ့အစိုးရက ပိုပြီးအလေးသာသွားတဲ့အချက်ကတော့ လွှတ်တော်တွင်းမှာ စစ်တပ်တမတ်သား အော်တိုမစ်တစ်အုပ်ချုပ်ချယ်လှယ်ခွင့်ပါပဲ။ လွှတ်တော်တွင်း စစ်တပ်တမတ်သားဟာ စစ်အာဏာရှင်လက်ကိုင်တုတ်အဖွဲ့ကို ပံ့ပိုးပေးဖို့ပါပဲ။ ဒီလိုအထောက်အကူပြုလို့မှ အခြေအနေမလှရင်လည်း စစ်တပ်က အချိန်မရွေးအာဏာသိမ်းခွင့်ဆိုတဲ့ ဖွဲ့စည်းပုံဥပဒေက ထပ်ပြီးကျားကန်ပေးထားပါသေးတယ်။ ဒီတော့ ကြံ့ဖွံ့အစိုးရဟာ မြန်မာနိုင်ငံရေးကို မပြောင်းမဖြစ်ပြောင်းလဲရမယ့်အချိန်မှာ သူတို့နာမည်ကောင်းယူပြီး သူတို့ကိုယ်တိုင်က ပြောင်းလဲအောင်ကြိုးစားခဲ့ပါတယ်ဆိုတဲ့အနေအထားကို အာဏာရှင်ဒီမိုကရေစီနည်းနဲ့ မရောက်ရောက်အောင်သွားမှာဖြစ်သလို စစ်အာဏာရှင်တွေကြောင့် ဆုတ်ယုတ်ခဲ့ရတဲ့ မြန်မာ့သမိုင်းကိုလည်း တဖြည်းဖြည်းနဲ့အမှောင်ချ ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုနည်းနဲ့မှ သူတို့ချထားတဲ့လမ်းကြောင်း အကြောင်းတမျိုးမျိုးနဲ့ သွေဖည်သွားခဲ့ရတော့ စစ်တပ်ကလိုအပ်ရင် အာဏာပြန်သိမ်းမယ် ဆိုတဲ့ စကားက အကောင်အထည်ပေါ်လာနိုင်ဖို့ သေချာပါတယ်။

ဒီနေရာမှာ လက်ရှိ အဓိကအတိုက်အခံ NLD ပါတီနဲ့ ပတ်သတ်ပြီး ပြောစရာရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ယနေ့အချိန်မှာ လူထုရဲ့ထောက်ခံမှုကို အပြည့်အ၀ရရှိနေတာမှန်ပါတယ်။ အတိုက်အခံပါတီဟာ ဘယ်လောက်ပဲလူထုထောက်ခံမှုရှိနေပါစေ။ ရွေးကောက်ပွဲနိုင်ပြီး တိုင်းပြည်မှာ အာဏာရအစိုးရတရပ်ဖြစ်မလာအောင် ထိန်းချုပ်ဖို့ ကြံ့ဖွံ့အစိုးရမှာ လွှတ်တော်တွင်း စစ်တပ်တမတ်သား ရှိနေပါတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တပ်ကိုကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွံ့အစိုးရကို ဖယ်ရှားနိုင်ဖို့ဆိုတာ အတိုက်အခံ NLD ပါတီအတွက် မလွယ်ကူပါဘူး။ ၂၀၁၅ မတိုင်ခင်အချိန်မှာ ၂၀၀၈-ဖွဲ့စည်းပုံကို အပြည့်အ၀ပြန်လည်ပြင်ဆင်နိုင်မှသာလျှင် ဒီအခက်အခဲကိုကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

နောက်တချက်အနေနဲ့ကလည်း အတိုက်အခံ NLD ပါတီရဲ့ ခေါင်းဆောင်များဟာ သက်ကြီးရွယ်အိုတွေ ဖြစ်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ခေါင်းဆောင်ကြီးတွေရဲ့ လုပ်ဆောင်နိုင်မှုဟာ ၂၀၁၅ ရွေးကောက်ပွဲ ကာလအလွန်လောက်သာ ရှိနိုင်ပါတယ်။ ၂၀၁၉-ရွေးကောက်ပွဲအတွက် NLD ဟာ မျိုးဆက်သစ်ခေါင်းဆောင်တွေကို မဖြစ်မနေမွေးထုတ်ပေးနိုင်မှသာ ရေရှည်မှာ ကြံ့ဖွံ့အစိုးရနဲ့ နင်လားငါလား ပခုံးချင်းယှဉ်နိုင်မှာပါ။ ဒီအချိန်အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်လို၊ ဘဘဦးဝင်းတင်လို၊ ဘဘဦးတင်ဦးလို လူထုကလက်ခံနိုင်တဲ့ ခေါင်းဆောင်ကောင်းမျိုးကို မွေးထုတ်ပေးနိုင်ဖို့ဟာ NLD အတွက် အလွန်ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတရပ် ဖြစ်နေနိုင်ပါတယ်။ ခေါင်းဆောင်ကောင်းတွေ မမွေးထုတ်နိုင်ရင် NLD ပါတီဟာ နှစ်အနည်းငယ်အတွင်း ခါးပြတ်သွားနိုင်ပါတယ်။ ယနေ့ ၈၈-မျိုးဆက်ခေါင်းဆောင်များနဲ့တကွ တိုင်းပြည်အတွက် စွန့်လွှတ်အနာနာခံ လုပ်နေကြသူတွေဟာလည်း ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို ဦးစားပေးပြီး ပါတီထောင်ဖို့တွေ၊ ပါတီတွင်းဝင်ဖို့တွေ မရှိသလောက်ဖြစ်နေပါတယ်။ ဒါဟာလည်း နိုင်ငံရေးပါတီတွေ မျိုးဆက်ပြတ်ဖို့ အကြောင်းတခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ လူထုကထောက်ခံအားပေးတဲ့ တကယ်ကိုယ်ကျိုးစွန့်လုပ်သူတွေ ပါတီနိုင်ငံရေးကို စိတ်မ၀င်စားရင် နိုင်ငံရေးပါတီအတွင်းမှာ အချောင်သမားတွေ၊ အခွင့်အရေးသမားတွေနဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်လာပြီး ပါတီကို လူထုထောက်ခံအားပေးမှု ကျဆင်းလာနိုင်သလို ကြံဖွံ့အစိုးရနဲ့ ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ဖို့ အားလျော့သွားနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင်တော့ စစ်အာဏာရှင်တစုဟာ မလေးရှားနိုင်ငံမှ အာဏာရှင်ဒီမိုကရေစီစနစ်ကို အတုယူပြီး "လက်ကိုင်တုတ်ကြံ့ဖွံ့ပါတီသည် အမြဲတမ်းအစိုးရအနေနှင့် တိုင်းပြည်ကိုတိုးတက်ပြောင်းလဲအောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရပြီး ထိုသည်များသည် စစ်အာဏာရှင်တို့၏ အမြော်အမြင်ကြီးလှစွာသော လုပ်ဆောင်မှုများဖြစ်ကြောင်း သမိုင်းလိမ်ကာ ကမ္ဗည်းတင်၍ မြန်မာပြည်တွင် အာဏာရှင်ဒီမိုကရေစီစနစ်ကို အကြမ်းမဖက် အနုနည်းနဲ့ ဖော်ဆောင်သွားနိုင်ပေလိမ့်မည်။ အတိုက်အခံ NLD သည်လည်း အမြဲတမ်းအတိုက်အခံအနေနှင့် ၄င်းတို့အား အထောက်အကူပြုနေစေမည် ဖြစ်သည်။ ထိုသို့မဟုတ်မူဘဲ အခြေအနေတစုံတခု ပြောင်းလဲခဲ့သော် စစ်တပ်သည် ရှောင်လွှဲမရသော အခြေအနေကြောင့် နိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်ခဲ့ရပါသည်" ဆိုသည့်အနေအထားသို့ ရောက်စေရန် စနစ်ကျစွာ သိုသိပ်စွာ ဗျူဟာမြောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်နိုင်ပါသည်ဟု သုံးသပ်တင်ပြလိုက်ရပါသည်။

မောင်ပါလ
၇.၂.၂၀၁၂

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP