တိုင်းပြည်အုပ်ချုပ်သူများ အပြောနှင့်အလုပ် ညီပါစေ

>> Wednesday, January 18, 2012

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက သူ့အမြင်အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ နောက်ထပ် စစ်အာဏာသိမ်းတာ မဖြစ်နိုင်တော့ဘူးလို့ ပြောကြားခဲ့သလို ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကလည်း ကျနော်တို့ နောက်ပြန်မလှည့်တော့ပါဘူးလို့ ထိုင်းနိုင်ငံမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတကြီး ဦးသိန်စိန်ကိုလည်း အပြောင်းအလဲတကယ်လိုလားသူပါလို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း သုံးသပ်ပြောဆိုနေပါတယ်။

နိုင်ငံကိုအုပ်ချုပ်နေသူများရဲ့ အပြုသဘောဆောင်တဲ့ ပြောဆိုမှုတွေကို ကျေနပ်အားရမိပါတယ်။ သန်း ၆၀ သော မြန်မာပြည်သူများအနေနဲ့လည်း သူတောင်းစားခွက်ပျောက်ပမာ ဖြစ်ခဲ့ရတဲ့ ဘ၀တွေမှတဆင့် နာလန်ပြန်ထူနိုင်မယ့်နေ့ရက်တွေကို မျှော်တွေးပြီး ထိုထိုသောစကားများ၊ အပြုသဘောဆောင်သောလုပ်ရပ်များအပေါ် ကျေနပ်ပျော်ရွှင်နေကြမှာ မလွဲပါဘူး။ မြန်မာပြည်သူများအနေနဲ့လည်း တိုင်းပြည်နဲ့ပြည်သူထိခိုက်နစ်မှာစေမယ့် ပြောင်းလဲမှုမျိုးကို မည်သူမျှလိုလားကြမှာမဟုတ်ဘဲ သားရွှေအိုးထမ်းလာတဲ့အဖြစ်ကိုသာ မြင်လိုကြမှာပါ။ တချို့သော နိုင်ငံရေးသမားကြီးတွေအနေနဲ့ စစ်အစိုးရအဆက်ဆက် လက်ခံကျင့်သုံးလာခဲ့တဲ့ မကောင်းတဲ့လုပ်ရပ်ပေါင်းများစွာကိုထောက်ချင့်ပြီး လက်ရှိအစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် မယုံဝံ့ဝံ့ ဖြစ်နေကြတာက လွဲလို့ပေါ့။

မြန်မာပြည်သူများအားလုံးနီးပါးဟာ အုပ်ချုပ်သူများရဲ့ အပြုသဘောဆောင်တဲ့လုပ်ရပ်များအပေါ် လက်ခံအသိအမှတ်ပြုရုံမျှမက ရှေ့ဆက်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေတည်ငြိမ်စိုးမိုးရေး စတဲ့ ပြောင်းလဲမှုတွေအပြင် စစ်မှန်တဲ့ဒီမိုကရေစီသို့ သွားရာမှာ ကန့်လန့်ခံနေတဲ့ လွှတ်တော်တွင်း စစ်တပ်တမတ်သားအုပ်စိုးမှုကိုပါ ပြောင်းလဲနိုင်ရေးတို့ကို အလိုရှိနေကြပါတယ်။ ယနေ့အချိန်မှာ ပြည်သူတွေဟာ အကြောက်တရားကနေ ရုန်းထွက်ပြီး ဘ၀တွေအသစ်ပြန်လည်ထူထောင်နိုင်ဖို့အတွက် ရဲဝံ့နေကြပါပြီ။ ယနေ့ရရှိထားကြတဲ့ ပျော်ရွှင်မှု၊ တိုးတက်ပြောင်းလဲမှုတွေကို အဆုံးရှုံးမခံနိုင်ကြတော့တာ သေချာနေပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေဟာလည်း စစ်အာဏာရှင်လက်အောက်ကို နောက်တကြိမ်ပြန်ရောက်ခဲ့လို့ရှိရင် ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဆိုတာ ကွယ်ပျောက်သွားဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် အုပ်ချုပ်သူများအနေနဲ့ အပြောနဲ့အလုပ် မညီခဲ့ဘူးဆိုရင် မြန်မာပြည်သူလူထုတရပ်လုံးရဲ့ နိုးကြားတက်ကြွမှုနဲ့အတူ ကြီးမားပြင်းထန်တဲ့ဒေါသကိုပါ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာအစိုးရများဟာ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံရေး ပြောင်းလဲတိုးတက်မှုအပေါ် အာရုံစိုက်ပြီး စောင့်ကြည့်နေကြပါတယ်။ ၂၀၁၂ အတွင်း အမေရိကန်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ချဲ့ထွင်မှုဟာ အာရှအရှေ့အလယ်ပိုင်းနိုင်ငံတွေတင် မကတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေနဲ့အတူ အမေရိကန်ကိုယ်စားလှယ်တွေ မကြာခဏလာရောက်နေကြတာတွေဟာ မြန်မာနိုင်ငံရဲ့ ကောင်းကျိုးတခုတည်းကြောင့်မဟုတ်သလို အမေရိကန်ဟာ အဲဒါတွေကို ဘယ်လိုနည်းနဲ့မှ အချည်းနှီးဖြစ်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အင်္ဂလန်၊ ပြင်သစ်၊ နော်ဝေး စတဲ့နိုင်ငံများရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သတ်ဆက်နွယ်လာမှုတွေကလည်း သူတို့အကျိုးစီးပွား အဓိကပါဝင်သလို မြန်မာ့နိုင်ငံရေး နောက်ပြန်မလှည့်နိုင်ရေးအတွက် အဟန့်အတားများ ဖြစ်ကောင်းဖြစ်နေနိုင်ပါလိမ့်မယ်။ ဒိလိုအချိန်မျိုးများ မြန်မာ့နိုင်ငံအုပ်ချုပ်သူများအနေနဲ့ စစ်အာဏာသိမ်းရေးကို ဇောင်းပေးနေကြအုံးမယ်ဆိုရင် မြန်မာနိုင်ငံအရေး စိုးရိမ်မိပါသည် ဆိုတာထက် ပိုမိုပြင်းထန်ထိရောက်တဲ့ နိုင်ငံတကာရဲ့ဝင်ရောက်စွက်ဖက်မှုကို ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

ယနေ့အချိန်မှာ အကြောင်းတစုံတခုချွတ်ချော်လို့ စစ်တပ်တွင်း အမာဂိုဏ်းဝင် လူတစုမှ စစ်အာဏာသိမ်းဖို့ ကြိုးစားခဲ့ရင်လည်း ဒီလူတစုဟာ စစ်အာဏာရှင် နေ၀င်း၊ သန်းရွှေ တို့ထက် ဆိုးရွားယုတ်မာတဲ့ သမိုင်းရာဇ၀တ်ကောင်အဖြစ် ကမ္ဘာ့အလယ်ရော မြန်မာ့အလယ်မှာပါ တွင်ကျန်ရစ်မည်ဖြစ်ပြီး လစ်ဗျားအာဏာရှင်ခေါင်းဆောင် ကဒါဖီကဲ့သို့ နိဂုံးချုပ်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။

ဒါကြောင့်မို့ တိုင်းပြည်အုပ်ချုပ်သူများအနေနဲ့ အပြောနဲ့အလုပ်ညီစွာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပြည်သူအကျိုးကိုလိုလားတဲ့ ၈၈-ကျောင်းသားခေါင်းဆောင်များ၊ အတိုက်အခံများအားလုံးနဲ့ လက်တွဲပြီး အမိမြန်မာပြည်ကြီး တိုးတက်သာယာအောင်၊ ပြည်သူများ စိုးရိမ်ကြောင့်ကြကင်းရှင်းစွာနဲ့ ၀မ်းစာရှာဖွေစားသောက်နိုင်အောင်၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံကြီး အမြန်ဆုံး ပေါ်ထွန်းလာစေနိုင်အောင် စတဲ့အကျိုးတရားတွေအတွက် ကျန်ရှိနေသော အကျဉ်းသားများ ထပ်မံလွှတ်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထားဖော်ဆောင်ရေး၊ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရေးဆွဲရေး စတဲ့ပြောင်းလဲမှုတွေကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးကြပါလို့ မြန်မာပြည်သူများကိုယ်စား တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မောင်ပါလ
၁၈.၁.၂၀၁၂

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP