ဆရာတော်ဘုရားကြီးတွေလည်း ၀က်သားကြိုက်ကြတယ်

>> Friday, December 16, 2011

တခါက ရွာတရွာမှာ ဘုန်းကြီးတပါး ကျောင်းထိုင်သတဲ့။ ရွာမှာကလည်း ဘုန်းကြီးကျောင်းတကျောင်းပဲရှိတယ်။ ဘုန်းကြီးကျောင်းမှာလည်း ဆရာတော်ကတပါးပဲဆိုတော့ ရွာထဲမှာရှိတဲ့ ဆွမ်းစား၊ ကွမ်းစား၊ သာရေး၊ နာရေးမှန်သမျှ ဆရာတော်တပါးထဲကပဲ ဒိုင်ခံကြွရသတဲ့။

တနေ့မှာတော့ ရွာထဲက ဆင်းရဲသားလယ်သမားတယောက်က ဘုန်းကြီးကျောင်းရောက်လာပြီး ဆရာတော်ကို ဘယ်နေ့၊ ဘယ်ရက်မှာ နေ့ဆွမ်းကပ်ချင်လို့ပါဆိုပြီး လာလျှောက်တယ်။ ဆရာတော်ကလည်း အဲဒီရက်ကျရင် လာပင့်လှည့်ချေ လို့ပဲ ပြန်မိန့်လိုက်တယ်။

ဆင်းရဲသားပြန်သွားပြီး မရှေးမနှောင်းအချိန်လောက်မှာပဲ ရွာထဲက သူကြွယ်တယောက်ကလည်း ဘုန်းကြီးကျောင်းရောက်လာပြီး ဆွမ်းစားလာပင့်ပြန်သတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကြွယ်ဆွမ်းကပ်ချင်တဲ့အချိန်ကလည်း ဆင်းရဲသားလာလျှောက်သွားတဲ့ အချိန်၊ နေ့ရက်တွေနဲ့ တိုက်နေတယ်။ ဆရာတော်ကလည်း သူကြွယ်ကပ်တဲ့ဆွမ်းဆိုတော့ လက်မလွှတ်ချင်ဘူး။ ဒါနဲ့ လာပင့်လှည့်ချေ လို့ပဲ ပြန်မိန့်လိုက်တယ်။

သူကြွယ်ပြန်သွားပြီး ဆရာတော်လည်း စဉ်းစားရတာပေါ့။ ဆင်းရဲသားလယ်သမားက အရင်ကြိုပြီး လာပင့်တာမှန်ပေမယ့် ဆင်းရဲသားအိမ် ဆွမ်းစားကြွရင် ချဉ်ပေါင်ဟင်းနဲ့ ငါးပိကျော်ပဲ ထိမယ်။ သူကြွယ်အိမ် ကြွရင်တော့ အနည်းဆုံး ၀က်သား၊ ကြက်သားတော့ ပါတန်ကောင်းရဲ့။ လှူဖွယ်ဝတ္ထုပစ္စည်းတွေလည်း စိတ်ထဲကမြင်ယောင်ပြီး သူကြွယ်အိမ် ဆွမ်းစားကြွဖို့ အလေးသာနေတာပေါ့။ ဒါပေမယ့် လူရိုသေ၊ ရှင်ရိုသေ ဆရာတော်ဆိုတော့လည်း မျှမျှတတဖြစ်အောင် လူကြားကောင်းအောင်တော့ လုပ်မှတော်မယ်လို့ စဉ်းစားရင်း အကြံထုတ်ရတာပေါ့။

ဒီလိုနဲ့ပဲ ဆွမ်းစားကြွမယ့်နေ့ကို ရောက်လာတယ်။ ဆင်းရဲသားလယ်သမားနဲ့ သူကြွယ်တို့လည်း တချိန်တည်းမှာလိုလို ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ဆရာတော်ကို ၀တ်ပြုပြီး ဆွမ်းစားလာပင့်တာပါဘုရားလို့ ပြိုင်တူလျှောက်လိုက်ကြတယ်။ ဒီတော့ ဆရာတော်ကလည်း “ သြော်… ဒကာနှစ်ဦးဆွမ်းစားလာပင့်တာ တိုက်နေတယ်။ ဘုန်းကြီးက တယောက်ယောက်နောက်ကို ဆွမ်းစားကြွရင်လည်း ကျန်တဲ့တယောက်အတွက် မမျှမတ ဖြစ်ရာ ရောက်နေမယ်။ ဒီတော့……..”

ခဏစဉ်းစားသလို လုပ်ပြီးတဲ့အခါမှာ…..

“ဒီလိုလုပ်ကြကွာ….။ ဒကာတို့နှစ်ယောက် ဘုန်းကြီးလက်ကို တယောက်တဖက်ဆွဲကြကွာ။ ပါအောင်ဆွဲနိုင်တဲ့ဘက်ကို ဘုန်းကြီးဆွမ်းစားကြွမယ်” လို့ မိန့်လိုက်သတဲ့။

ဒကာနှစ်ယောက်လည်း ထပြီး ဘုန်းကြီးကို တယောက်တဖက်ဆွဲကြသတဲ့။ အဲဒိမှာ ဆရာတော်မစဉ်းစားမိခဲ့တာက သူကြွယ်က အလုပ်မလုပ်ဘဲ ထိုင်စားနေတဲ့သူ၊ ဆင်းရဲသားက နေ့တဓူဝ အားနဲ့အင်နဲ့ တနေကုန်အလုပ်လုပ်ရတဲ့သူဆိုတော့ ဆင်းရဲသားက အားကောင်းတာပေါ့။ ဒီတော့ ဘုန်းကြီးခမျာ ဆင်းရဲသားဖက်ပါမလိုလိုဖြစ်နေတယ်။

ဘုန်းကြီးကလည်း အလယ်ကနေ ငါ ဆင်းရဲသားဖက်တော့ အပါမခံနိုင်ဘူး။ သူကြွယ်အိမ် ဆွမ်းစားသွားနိုင်ဖို့အရေး မနည်းဘူးစဉ်းစားထားရတာ လို့တွေးပြီး သူကိုယ်တိုင် သူကြွယ်ဘက်ကိုပါအောင် ၀ိုင်းပြီးဆွဲပေးရတော့တာပေါ့။

ဆွဲရင်း ဆွဲရင်းနဲ့ ဆရာတော်ကိုယ်တိုင်က သူကြွယ်ဘက်ကနေ ကူပြီးဆွဲနေတာကို ဆင်းရဲသားက ရိပ်မိလာတယ်။ နောက်ဆုံးမှာတော့ ဆင်းရဲသားလည်း စိတ်အချဉ်ပေါက်လာပြီး “ချဉ်ပေါင်နဲ့ ငါးပိကိုပစ်၊ ၀က်သားကိုချစ်တဲ့ဘုန်းကြီး…. သွားရော့လဟယ်” လို့ အော်ပြီး ဆရာတော်ကို သူကြွယ်ဆီဆောင့်တွန်းပစ်ခဲ့ပြီး ကျောင်းပေါ်ကနေ စိတ်ဆိုးမာန်ဆိုးနဲ့ ဆင်းသွားပါတော့တယ်။

ဒီအကြောင်းကို ကြားသိသွားကြတဲ့ ရွာသားတွေဟာ ဆရာတော်ကို ၀က်သားဘုန်းကြီးလို့ ကွယ်ရာမှာခေါ်လေ့ရှိကြပြီး ဆရာတော်ကို ဆွမ်းစားပင့်ချင်ရင်တော့ ဆွမ်းဟင်းကောင်းကောင်းပါပစေနော် ဆိုပြီး စနောက်ပြောလေ့ရှိကြသတဲ့ဗျာ။

(ကြားဖူးသောပုံပြင်ကို သင့်တော်အောင် ပြန်ရေးပါသည်။ မည့်သည့်ထပ်တူပြုမှုကိုမှ မပြုပါ။)

မောင်ပါလ
၁၆.၁၂.၂၀၁၁

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP