ပြည့်ဖြိုးတေဇအမှုကို ခိုင်ဖုံးတရားရုံးမှ ကြားနာဆုံးဖြတ်ခြင်း

>> Friday, December 9, 2011

အွန်လိုင်းမှာ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်းနဲ့ ဦးတေဇ အီးယူကိုတရားစွဲတာ နိုင်မလား ဆိုတဲ့ မခင်ရတနာ ဖေ့ဘွတ်ပေ့ခ်ျမှာ တင်ထားတဲ့ပို့စ်ကို ဖတ်လိုက်ပြီးတဲ့နောက်မှာတော့ ကျုပ်လည်း အလုပ်တော်တော်ရှုပ်သွားတယ်။

ပထမဆုံးအနေနဲ့ ECJ တရားရုံးရဲ့ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီးတဦးဖြစ်တဲ့ Advocate General မန်ဂိုးဇီးကို ဖုန်းဆက်ပြီး ဆူတန်တာဆူ၊ ပြောတန်တာပြော၊ သင်ပေးစရာရှိတာတွေ ထပ်သင်ပေးရတယ်။ သူ့ဘာသာသူ ညံ့တာက ကိစ္စမရှိဘူး။ တပည့်မကောင်း ဆရာခေါင်း ဆိုသလို ဖြစ်လာရင် မခက်ပေဘူးလား။

ပြီးတော့တခါ တလွန်တရာမှ သိက္ခာသမာဓိရှိပြီး အမှန်တရားဘက်တော်သားလို့ လူသိများထင်ရှားလှတဲ့ ဆွေမျိုးပေါက်ဖော် ရောင်းရင်းကြီး ပေါင်ချိန်ထန်း ကိုလည်း အီးမေးလ်ပို့ပြီး အကူအညီတောင်းရပါတယ်။ ပြည်ဖြိုးတေဇအမှုကို ခိုင်ဖုန်းတရားရုံးတော်ကြီးကနေပြီး လွှဲပြောင်းကြားနာစစ်ဆေးပေးဖို့.....။ ဆွေမျိုးပေါက်ဖော်တွေဆိုတော့ အီးမေးလ်တစောင်တည်းနဲ့ အဆင်ပြေသွားပါတယ်။

နောက်ဆုံးအနေနဲ့ European Court of Justice (ECJ) က တရားသူကြီးမင်းများကိုလည်း ပြည်ဖြိုးတေဇအမှုကို ခိုင်ဖုန်းရုံးကို လွှဲပြောင်းမယ့်အကြောင်း skype ကနေတဆင့် လှမ်းပြောရပြန်ပါတယ်။ ဗီတိုအာဏာသုံးလိုက်တဲ့အတွက်ကြောင့် တရားသူကြီးမင်းများလည်း ဘာမှ စောဒက မတက်နိုင်ကြတော့ပါဘူး။

ဒီလိုနဲ့ပဲ အမှုကို ခိုင်ဖုန်းတရားရုံးမှာ ကြားနာမယ့်အချိန် ရောက်လာပါတော့တယ်.........။

(၀ယ်.................)

ပေါင်ချိန် ။ ။ တရားလို ပြည့်ဖြိုးတေဇကို ရှေ့တော်သွင်းစေ......။

တရားခွင်သို့ ပြည့်ဖြိုးတေဇ ရောက်လာပြီးနောက်............။

ပေါင်ချိန် ။ ။ စစ်အစိုးရနဲ့ပေါင်း စီးပွားရေးအကျိုးအမြတ်တွေ ရယူနေတယ်ဆိုပြီး အီးယူကဒဏ်ခတ်ထားတဲ့ တေဇဟာ ယခုတရားလိုဖြစ်တဲ့ မောင်မင်းပြည့်ဖြိုးတေဇရဲ့ အဖေဆိုတာ ဟုတ်ပါသလား။

ပြည့်ဖြိုးတေဇ ။ ။ ဟုတ်ပါတယ် ပေါင်တာရဲ။

ပေါင်ချိန် ။ ။ မောင်မင်းအဖေက မြန်မာစစ်အာဏာရှင်တွေနဲ့ပေါင်းပြီး စီးပွာရှာတဲ့အတွက် ဥရောပနိုင်ငံတွေက မောင်မင်းအဖေကို ဒဏ်ခတ်ထားတယ်။ ထိုနည်းတူစွာပဲ မောင်မင်းကိုလည်း ဒဏ်ခတ်အရေးယူထားတယ် ဆိုတာ ဟုတ်သလား။

ပြည်ဖြိုးတေဇ ။ ။ မှန်ပါတယ် ပေါင်တာရဲ။ သူတို့ သားကိုအရေးယူတုန်းက သားအသက်က ၁၆-နှစ်ပဲ ရှိပါသေးတယ်။ သားအဖေလုပ်ခဲ့တာတွေ သားဘာမှမသိပါဘူး။ ဒါကြောင့် သားဘာမှမသိဘဲနဲ့ သားကို အရေးယူထားလို့ ပြန်ပြီး တရားစွဲရပါတယ်။ သူတို့ သားအပေါ်မှာ လူအခွင့်အရေး ချိုးဖောက်နေတာပါ။ သားမတရားခံရတာပါ ပေါင်တာရဲ။

ပေါင်ချိန် ။ ။ ၀ယ်........ တိုတိုနဲ့လိုရင်းပြော။ ငါသိတယ်။ အကုန်ဖတ်ပြီးပြီ။ (Carter-Ruck ကုမ္ပဏီမှ ရှေ့နေများဖက်လှည့်၍)မောင်မင်းတို့ဆီကရှေ့နေတွေကို တေဇက ငှားထားတယ်ဆိုတာ ဟုတ်ပါသလား။

Carter-Ruck ။ ။ ရက်စ် ပေါင်တာရဲ။ ဒါကြောင့် ကျနော်မျိုးတို့လည်း ပေါင်တာရဲ ရှေ့မှောက်မှာ ရှိနေကြတာပါ။

ပေါင်ချိန် ။ ။ (မန်ဂိုးဇီး အား) မောင်မင်းကလည်း ပြည့်ဖြိုးတေဇရဲ့ ရှေ့နေတွေဖက်က ထောက်ခံပြောဆိုမှုရှိနေတယ်လို့ သိရတယ်။ ဟုတ်ပါသလား။

မန်ဂိုးဇီး ။ ။ သက်စ်ရိုက် ပေါင်တာရဲ။ ပြည့်ဖြိုးတေဇဟာ လူမမယ်အရွယ်လေးတည်းက မတရားခံခဲ့ရတာဖြစ်ပြီး ဘာမှကျူးလွန်ခဲ့ခြင်း မရှိပါဘူး။ ဒဏ်ခတ်စာရင်းထဲမှာလည်း တေဇရဲ့သားအဖြစ်နဲ့သာ ဖော်ပြထားတာဖြစ်လို့ အဖေလုပ်တဲ့အမှုကို သားက ဗလာချည်ခံရတာဖြစ်ပါတယ်။ အဖေလုပ်တာ အဖေနဲ့ပဲဆိုင်ပါတယ် ပေါင်တာရဲ။

ပေါင်ချိန်ထန်းလည်း ကျန်ကျောင်းတို့အဖွဲ့နှင့် ခဏမျှ တီးတိုးတီးတိုး သဖန်းပိုးလုပ်ပြီးနောက်.........


ပေါင်ချိန် ။ ။ "နှစ်ဖက်ရှေ့နေများရဲ့ လျှောက်လှဲချက်အကျယ်ကို ငါအပြည့်အစုံဖတ်ပြီးပြီ ဖြစ်တဲ့အတွက် ထပ်မမေးတော့ဘဲ အမိန့်ချမယ်။ (၀ယ်.................) တရားလို ပြည့်ဖြိုးတေဇနဲ့ တရားလိုရှေ့နေများရဲ့ လျှောက်လှဲချက်တွေအရ အဖေလုပ်ခဲ့တဲ့ မကောင်းမှုတွေဟာ သားအပေါ်မှာ အကျိုးသက်ရောက်နေတာ မတရားဘူးဆိုတာကို ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းပေးဖို့အတွက် အဓိကလျှောက်လှဲချက်အဖြစ် တွေ့ရပြီး သင့်လျော်မှန်ကန်တဲ့ လျှောက်လှဲချက်တခုဖြစ်တယ်။ ခိုင်းဖုန်းတရားရုံးအနေနဲ့ ဒီလျှောက်လှဲချက်ကို လက်ခံပြီး တရားလိုဖက်က မှန်ကန်ကြောင်း၊ အီးယူမှ ပြည့်ဖြိုးတေဇအပေါ် လူ့အခွင့်အရေးချိုးဖောက်ကြောင်း သတ်မှတ်တယ်။

သို့ပေမယ့် ယခုအမှုအတွက် တရားလိုဖက်မှ တရားရုံးစရိတ်၊ ရှေ့နေငှားခနဲ့ အထွေထွေကုန်ကျစရိတ် အမြောက်အများဟာ တရားလိုရဲ့အဖေ တေဇက အရင်တုန်းက စစ်အာဏာရှင်နဲ့ပေါင်း၊ မကောင်းမှုပြုလုပ်ပြီး ရှာထားတဲ့ငွေကြေးများသာ ဖြစ်ကြောင်း ကိုယ်ရံတော်ကျန်ကျောင်းမှ စစ်ဆေးတွေ့ရှိရတယ်။ အဖေရဲ့ မကောင်းမှု သားဖြစ်သူနဲ့ မသက်ဆိုင်ဟု တရားလိုဖက်မှ ယူဆသည့်အားလျော်စွာ အဖေရဲ့ ဆိုးမွေကို လက်မခံချင်ရင် အဖေမကောင်းမှုလုပ်ပြီး ရှာထားတဲ့ပိုက်ဆံတွေနဲ့ တရားပြိုင်လုပ်တာကိုလည်း ခိုင်ဖုံးရုံးတော်မှ လက်မခံပါဘူး။

ဒါကြောင့် တရားလို ပြည့်ဖြိုးတေဇဟာ အမှုရင်ဆိုင်လို့ ကုန်ကျတဲ့ငွေအားလုံးကို ဖခင်တေဇဆီက ရတဲ့ပိုက်ဆံနဲ့ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်ငွေကြေးအားဖြင့်သာ ကျခံနိုင်သည့်ဟု ရုံးတော်မှ ယုံကြည်သည့်အချိန်မှသာ ဒီအမှုကို ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ယခုအချိန်တွင် ပြည့်ဖြိုးတေဇအမှုအား ခိုင်ဖုံးရုံးတော်မှ ရက်အကန့်အသတ်မရှိ ပယ်ချကြောင်း အမိန့်ထုတ်လိုက်တယ်။

ဝမ်ချောင်၊ မာဟန့်......၊ ကျန်းလုံ၊ ကျောက်ဟု.........။"


"ရှိ......... ပေါင်တာရဲ" (ပြိုင်တူထူးသံ)

"ရုံးတော်နားမယ်"

(၀ယ်.........................)

မောင်ပါလ
၉.၁၂.၂၀၁၁

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP