တိုင်းပြည်နဲ့လူထုအတွက် ဒါလေးတွေလည်း စဉ်းစားကြည့်ပေးပါ

>> Saturday, November 12, 2011

မြို့တော်ခန်းမရှေ့က ဘတ်စ်ကားမှတ်တိုင်မှာ ရေခဲရည်ရောင်းနေတဲ့ ကောင်းလေးတယောက်ကို တိုးတိုးတိတ်တိတ်လေး မေးကြည့်ပါ။ "လက်ရှိကြံ့ဖွတ်အစိုးရနဲ့ ၂၀၀၈-ဖွဲ့စည်းအုပ်ချုပ်ပုံကို အယုံအကြည်ရှိ လက်ခံပါသလား" လို့....။ ရေခဲရည်သည်လေးက နှစ်ကိုယ်ကြားလေသံနဲ့ တီးတိုး ပြန်ဖြေပါလိမ့်မယ်။ ''၂၀၀၈-ဖွဲ့စည်းပုံကို ကျနော်ရဲ့ရေခဲရည်ရောင်းရတဲ့ အမြတ်ငွေလောက် စိတ်မ၀င်စားပါဘူး။ ကြံ့ဖွတ်အစိုးရကိုတော့ အယုံအကြည်မရှိ လက်မခံပါဘူး" လို့.....။

ဒီလိုပါပဲ။ ယနေ့ NLD ပါတီ မှတ်ပုံတင်သင့်/မသင်တင့် ဆွေးနွေးနေကြသူတွေ၊ မတင့်သင့်ကြောင်း ပြင်းပြင်ထန်ထန် ကန့်ကွက်ဝေဖန်နေသူတွေ၊ တင်သင့်ပါတယ် ပြောနေကြသူတွေ၊ ကြားနေသယောင်လုပ်နေသူတွေ အားလုံး (ကြံ့ဖွတ်အစိုးရနှင့် ၄င်းတို့၏ လက်ကိုင်ဒုတ် အရိုးအရင်းကိုက် ခွေးများမပါ) သန်း ၆၀-နီးပါးရှိသော မြန်မာနိုင်ငံသူ၊ နိုင်ငံသား ၁၀၀% ဟာ တမတ်သားဖွဲ့စည်းပုံကို လက်မခံကြပါဘူး။ လက်ရှိသိန်းစိန်အစိုးရကို အယုံအကြည်မရှိကြပါဘူးဆိုတာ သေချာပါတယ်။

ဒါကြောင့် အောက်ခြေက အခြေခံလူထု၊ လူတန်းစားတရပ်လုံးကတောင် လက်ရှိအစိုးရနဲ့ ၂၀၀၈-ဖွဲ့စည်းပုံကို လက်မခံနိုင်ပါဘူးဆိုတဲ့အချိန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီမှ နိုင်ငံရေးခေါင်းဆောင်ကြီးများဟာလည်း အခြေအနေမှန်ကို သိရှိလက်ခံထားမှာ ဖြစ်ပြီး တိုင်းပြည်နဲ့လူထုအတွက် အကျိုးကျေးဇူးများနိုင်မယ့်၊ ပြည်သူဖက်က ဆုံးရှုံးပေးဆပ်ရမှု အနည်းဆုံးဖြစ်နိုင်မယ့် လမ်းကြောင်း (ထွက်ပေါက်) တခုကို စဉ်းစားအဖြေရှာနေကြခြင်းသာဖြစ်ကြောင်း ပြည်သူလူထုရဲ့ နားလည်လက်ခံပေးနိုင်မှုက ယနေ့အချိန်မှာ အရေးအကြီးဆုံး ဖြစ်နေပြီး စည်းလုံးညီညွတ်စွာနဲ့ ခေါင်းဆောင်တွေနဲ့အတူ ၀ိုင်းဝန်းကူညီ အဖြေရှာပေးနိုင်ဖို့ဟာ လတ်တလောလိုအပ်ချက်ဖြစ်နေပါတယ်။

၂၀၀၈-ဖွဲ့စည်းပုံနဲ့ ကြံ့ဖွတ်အစိုးရကို အယုံအကြည်မရှိမူ အောက်မှာပဲ NLD ပါတီ မှတ်ပုံမတင်သင့်ပါဘူးဆိုတာကို စပြီးချဉ်းကပ်ကြည့်ရအောင်။ မှတ်ပုံမတင်ဘူးဆိုရင် ငြိမ်းချမ်းရေးလမ်းကြောင်းက ပျက်ပြယ်သွားမယ်လို့ ယူဆရပြီး လူထုတိုက်ပွဲဖော်ဆောင်ဖို့ လမ်းကြောင်းတခုတည်းကို ကျနော်တို့ ရွေးချယ်ရပါမယ်။ နောက်ဆုံးအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေး သမားတွေ အကုန်လုံးပြန်ဖမ်းပြီးထောင်ချ၊ သေနတ်မိုး ဓါးမိုး အုပ်ချုပ်တဲ့ အခြေအနေဆီ ပြန်ရောက်ချင် ရောက်ပါလိမ့်မယ်။ ဒီအခြေအနေကို စိုးရိမ်လို့ အဲလိုပြန်ဖြစ်မှာစိုးလို့ ပါတီမှတ်ပုံတင်သင့်ပါတယ်လို့ ပြောနေကြတာတော့ မဟုတ်နိုင်ပါဘူး။ ဒီအခြေအနေကို မရောက်ခင်၊ ရောက်ပြီး စပ်ကြားကာလမှာ အောက်ပါ စဉ်းစားရမယ့်အချက်လေးတွေ ရှိနေပါတယ်။ ပါတီမှတ်ပုံမတင်သင့်ပါဘူးလို့ ဝေဖန်နေကြသူများအနေနဲ့ ၀ိုင်းပြီး စဉ်းစားပေးစေလိုပါတယ်။

၁) ထောင်တွင်းမှာ လက်ရှိကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအများစုအတွက် ဘယ်လိုဝိုင်းပြီး စဉ်းစားကြမလဲ။ (လွှတ်တာလည်း နည်းနည်း နည်းနည်းနဲ့ မလွှတ်ဘဲထောင်ထဲမှာ ဆက်ထားလည်း ထောင်ထဲကခေါင်းဆောင်တွေက ကျနော်တို့နဲ့ သဘောထားတထပ်တည်းပါပဲလို့တော့ မပြောကြပါနဲ့။ ၁၀၀ ပဲလွှတ်လွှတ်၊ ၂၀၀ ပဲလွှတ်လွှတ် လွတ်လာတဲ့သူများအတွက် အတိုင်းမသိ ၀မ်းသာကြရသလို လွတ်လာသူများနဲ့ အပြင်မှာရှိနေကြသူများ အင်အားစုပေါင်းပြီး ထောင်တွင်းမှာ ကျန်နေသူများအတွက် ဆက်ပြီး ၀ိုင်းဝန်းလုပ်ဆောင်နိုင်ကြမယ်လို့ စဉ်းစားမိပါတယ်။)

၂) လူထုတိုက်ပွဲ ဖော်ဆောင်နိုင်ဖို့အတွက် ပါဝင်လာနိုင်မယ့် လူထုအင်အားကို စည်းရုံးနိုင်မှု၊ ပါဝင်လာနိုင်မှု အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ (လူထုတိုက်ပွဲဖော်ဆောင်ဖို့အတွက် မြန်မာနိုင်ငံသားတိုင်း ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်မိသူတိုင်းဟာ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားများသာ ဖြစ်ကြတဲ့အတွက် မိမိကိုယ်တိုင်လည်း ပါဝင်ဖို့ လိုအပ်သလို ပါဝင်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီလားဆိုတာကိုလည်း မိမိကိုယ်မိမိ မလိမ်မညာဘဲ ဝေဖန်သုံးသပ်ရဲဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှသာ ကျနော်တို့ဟာ လူထုတိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် မှန်ကန်တဲ့ လူထုအင်အားကို ရနိုင်မှာပါ။)

၃) ငြိမ်းချမ်းရေးလမ်းကြောင်းကို စွန့်လွှတ်ပြီဆိုရင် အမျိုးသားသွေးစည်းညီညွတ်ရေးကို လက်နက်ကိုင်ပြီးတော့ပဲ ဖြေရှင်းကြမှာလား။ (မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ ခုထိ ဆက်လက်ဖြစ်ပွားနေဆဲပါ)

၎) လူထုတိုက်ပွဲမှာ ပါဝင်လာမယ့် လူထုတွေကို ဘယ်သူ/ဘယ်အဖွဲ့အစည်းက မှန်ကန်စွာ ဦးဆောင်မှု ပေးနိုင်မလဲ။ (၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း ထောင်ထဲမှာနဲ့ တတိယနိုင်ငံတွေမှာပါ။ ဒေါ်စုနဲ့ NLD ပါတီက ပေးနိုင်တယ်ပြောရအောင် အခုအချိန်မှာတောင် လူကြီးမင်းတို့ရဲ့ ဝေဖန်ကန့်ကွက်မှုတွေက ပြင်းထန်နေတယ်ဆိုရင် လူထုတိုက်ပွဲဖောင်ဆောင်မယ့်အချိန်မှာလည်း ဒီလိုပဲဖြစ်နေမယ်ဆိုရင် မခက်ပေဘူးလား)

၅) လူထုတိုက်ပွဲစပြီဆိုရင် စစ်တပ်ရဲ့ အကြမ်းဖက်ဖြေရှင်းမှုကို ဘယ်လိုတုန့်ပြန်ကြမလဲ။ (စစ်တပ်ကပစ်မှာပဲဆိုတာက Out of Question ပါ။ လူထုတွင်း စစ်တပ်ပါဝင်လာနိုင်ဖို့ဆိုတာက အချိန်ယူစည်းရုံးရမှာ ဖြစ်သလို ခုလိုမျိုး ကိုယ့်တပ်ကိုယ်နင်း ကသောင်းကနင်းအနေအထားနဲ့ ရန်သူကို ဘယ်လိုစည်းရုံးကြမလဲ)

၆) ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေး သမားတွေ အကုန်လုံးပြန်ဖမ်းပြီးထောင်ချ၊ ထားတဲ့အချိန်မှာ လူထုတိုက်ပွဲဖော်ဆောင်ဖို့ တိကျတဲ့အစီအစဉ်၊ ရည်မှန်းချက်တွေကို ဘယ်သူကဦးဆောင် အကောင်အထည်ဖော်မှာလဲ။ (၂၃-နှစ်လည်း စောင့်ခဲ့ပြီးပါပြီ။ ဘာမှလည်းထူးခြားမလာသေးပါဘူး။ ဘယ်နှစ်နှစ်ထပ်စောင့်ရအုံးမှာလဲ။ ဆိုသူများနဲ့ လူထုတိုက်ပွဲတခုတည်းသာ ဖော်ဆောင်သင့်တယ်ဆိုသူများအနေနဲ့ ခေါင်းဆောင်မှုပေးနိုင်ပါစေကြောင်း ပြည်သူများ မျှော်လင့်နေပါတယ်)

NLD ပါတီ မှတ်ပုံမတင်သင့်ပါဘူး ဆိုသူများကို အငြင်းအခုန်လုပ် မေးခွန်းထုတ်ထားတာ မဟုတ်ပါဘူး။ မှတ်ပုံမတင်ရင် ဒါလေးတွေလည်း ထပ်ပြီးစဉ်းစားအဖြေရှာပေးကြဖို့ လိုအပ်ပါတယ်။

ထိုနည်းတူစွာပဲ မှတ်ပုံတင်ခဲ့ရင်လည်း ကောင်းကျိုး ဆိုးပြစ်တွေ ရှိနေမှာပါ။ ဆိုးပြစ်တွေကတော့ မှတ်ပုံမတင်သင့်ပါဘူးလို့ ထောက်ပြထားသူများ ရေးကြတဲ့အတိုင်းပါပဲ။ ကောင်းကျိုးအနေနဲ့ကတော-- ပြည်သူတို့ အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ချုပ်၏ အနှစ်၂၀ ပေးဆပ်မှုအပေါ် အသိအမှတ်ပြုထားခြင်းကြောင့် မှတ်ပုံတင်ရေးဆုံးဖြတ်ချက် ချမည်ဆိုလျှင် ထောက်ခံအားပေးကြမည်သာ ဖြစ်သည်။ တရားဝင်နိုင်ငံရေး ပါတီအဖြစ်ဖြင့်သာ ပါတီတည်ဆောက်ရေး၊ အရည်အသွေးမြှင့်တင်ရေး၊ မျိုးဆက်သစ်ခေါင်းဆောင်များမွေးထုတ်ရေး၊ လူထုစည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့် ပါတီယန္တရားများကို ပြန်လည်လည်ပတ်နိုင်လိမ့်မည်။

အဖွဲ့ ချုပ်သည် လွှတ်တော်ပြင်ပတွင် ပြည်သူတို့ ၏ အကြောက်တရားကို လျော့ချကာ နိုင်ငံရေးရေချိန် မြှင့်ပေးခြင်းနှင့် ဆီဗဲလ်ဆိုဆိုက်တီး လူထုအခြေပြုအဖွဲ့ အစည်းများ ဖွဲ့ စည်းရန် ကူညီအားပေးခြင်း၊ လွှတ်တော်အတွင်း အတိုက်အခံအင်အားစုအနေဖြင့် ချိန်ခွင်လျှာထိန်းညှိခြင်းစသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်မည်။ တချိန်တည်းမှာပင် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများ၏ မဏ္ဍိုင်သုံးရပ်အပေါ် စောင့်ကြည့်မှု၊ ပညာရှင်များ၏အမြင်သဘောထားဖော်ပြမှု၊ ပြည်သူအသံနားထောင်မှု စသည်တို့ သည်လည်း ဒီမိုကရက်တစ် အင်စတီကျူးရှင်း အားကောင်းမောင်းသန် ဖြစ်လာရေးအပေါ် များစွာအထောက်အကူ ပေးနိုင်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၌ နိုင်ငံတကာထောက်ခံမှုအလံနှင့် လူထုထောက်ခံမှုအလံ ရှိနေပါသည်။ အစိုးရ၌ အပြောင်းအလဲလုပ်ပိုင်ခွင့် အာဏာအလံရှိနေပါသည်။ အလံသုံးလက်လုံးကို နှစ်ဘက်သဘောတူ စုစည်းနိုင်မှသာလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရှေ့ တိုးနိုင်ပါလိမ့်မည်။ လက်ရှိအစိုးရ၏ အလံတစ်လက်တည်းဖြင့် ကောင်းမွန်သောအနာဂါတ်ကို မဖန်တီးနိုင်ကြောင်း အစိုးရ၊ အတိုက်အခံ၊ ပြည်သူနှင့် နိုင်ငံတကာ အားလုံးက သိနေသည်။ (ညီသင့်မြတ်၏ ''ဒီမိုကရေစီဘောင်ကိုချဲ့ပါ၊ သမိုင်းဘီး ရှေ့သို့လှည့်ပါ" မှ ထုတ်နှုတ်ထားပါတယ်)

လက်ရှိအစိုးရနဲ့ သူတရစ်လျော့ ကိုယ်တရစ်လျော့ ဆက်ဆံကြတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အနှေးနဲ့အမြန်၊ အနည်းနဲ့အများ တဖြည်းဖြည်းလွတ်မြောက်လာနိုင်ဖွယ် ရှိပါတယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်ပြီး ကိုင်စွဲထားနိုင်သလို တခြားတဖက်ကလည်း လူထုတိုက်ပွဲဖော်ဆောင်နိုင်ရေး၊ လူထုတွင်းစည်းရုံးရေး၊ မျိုးဆက်သစ်ခေါင်းဆောင်များမွေးထုတ်ရေး စတာတွေကို ပြင်ဆင်ထားနိုင်ပါမယ်။ ၂၀၀၈-ဖွဲစည်းပုံနဲ့ ကြံ့ဖွတ်အစိုးရကို အယုံအကြည်မရှိမူအောက်မှာသာ ချဉ်းကပ်ခြင်းဖြစ်တဲ့အတွက် ၂၀၀၈-ဖွဲ့စည်းပုံကို ငြိမ်းချမ်းရေးမူနဲ့ ပြင်ဆင်ဖို့ အခွင့်အရေး မရခဲ့ရင် တချိန်ချိန်မှာ မလွဲမသွေ လူထုတိုက်ပွဲကို ကြုံတွေ့ရမှာပါ။ အဆိုးဆုံးအခြေအနေလို့ သုံးသပ်ရပါလိမ့်မယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှုဟာလည်း အဆိုးဆုံးအခြေအနေမှာ လူထုတိုက်ပွဲဖော်ဆောင်နိုင်ရေးအတွက် အဓိက အရေးပါတဲ့ အခန်းက ပါဝင်နိုင်ပါလိမ့်မယ်။

အဓိကအားဖြင့် ပြောလိုတာက NLD ပါတီ မှတ်ပုံတင်သင့်/မတင်သင့်၊ ရွေးကောက်ပွဲဝင်သင့်/မ၀င်သင့် ဝေဖန်ဆွေးနွေးအငြင်းပွားလိုခြင်း မဟုတ်ဘဲ အခက်အခဲတွေကြားထဲမှာ ပြည်သူအကျိုးကိုရှေးရှုပြီး ရုန်းကန်ရပ်တည်နေရတဲ့ ခေါင်းဆောင်တွေကို နားလည်ပေးကြပြီး ၀ိုင်းဝန်းပံ့ပိုးနိုင်ကြမယ်ဆိုရင် တိုင်းပြည်နဲ့လူထုအတွက် ပိုပြီးအကျိုးများစရာသာ ဖြစ်နိုင်သည်ဟု ယူဆမိပါကြောင်း.....

မောင်ပါလ
၁၂.၁၁.၂၀၁၁

2 comments:

ချမ်းငြိမ်း November 17, 2011 at 9:04 PM  

လွန်ခဲ့တဲ့တနှစ်လောက်တုန်းက nld မှတ်ပုံတင်သင့်တယ်ဆိုတဲ့ အမြင်ရှိသူတွေကို ဘယ်လိုပြောခဲ့ကြသလဲဆိုတာမမေ့သင်ပါဘူး။သခင်တင်မြ မောင်ဝံသ မောင်စူးစမ်း တို့ဟာလွန်ခဲ့တဲ့ နှစ်တွေထဲက အခုမောင်ပါလရဲ့ အမြင်မျိုးနဲ့ ရေးခဲ့ကြတယ်။ NlD ကဘာကြောင့်နောက်ကြပြီးမှ သိရမှာလဲ။လူကိုကြည့်ပြီးထောက်ခံတာလား မူကိုကြည့်ပြီးထောက်ခံတာလား။ndf ဘာကြောင့်ခွဲထွက်သွားတာလဲ။နှစ်၂၀ ကျော်မူဝါဒတွေမှားခဲ့တယ် ၀ံခံတော့မှာလား။

မောင်ပါလ November 18, 2011 at 10:25 AM  

ကိုချမ်းငြိမ်းရေ......... ကျနော်ရေးထားတာက မှတ်ပုံမတင်သင့်ဘူးဆိုတဲ့ဘူး ဆိုတာရော တင်သင့်ပါတယ်/ရွေးကောက်းပွဲလည်း ၀င်သင့်ပါတယ် ဆိုတာမှာပါ ကောင်းကျိုး၊ဆိုးပြစ်တွေ ရှိနေတယ်လို့ ရေးထားတာပါ။ မတင်သင့်တဲ့ သူတွေအနေနဲ့လည်း စဉ်းစားရမှာတွေရှိပါတယ်။ တင်သင့်တဲ့သူတွေကလည်း ကောင်းတာရှိသလို ဆိုးတာတွေလည်း ရှိနေမှာပါလို့ ရေးထားတာပါ။

ဒီနေ့ဆုံးဖြတ်မယ့် ဒေါ်စုနဲ့ NLD တို့ရဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လိုဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် တိုင်းပြည်နဲ့လူထုအတွက် ကောင်းကျိုးကိုသာ ရှေးရှုမှာ ဖြစ်ကြောင်း ကျနော်ယုံကြည်ပါတယ်။ အရင်ပို့စ်မှာကတည်းက ကျနော့်သဘောထားကို အပြည့်အ၀ ဖော်ပြပြီးသား ဖြစ်ပါတယ်။

ခေါင်းဆောင်အပေါ်ယုံကြည်မှုလွန်ကဲတယ်လို့လည်း ပြောနိုင်ပါတယ်။ ဒီခေါင်းဆောင်ကြီးတွေ တိုင်းပြည်နဲ့လူထုအပေါ် ဖောက်ပြန်တဲ့လုပ်ရပ်တစုံတခု မရှိခဲ့မချင်း ကျနော်ယုံကြည်နေမှာပါ။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP